Thursday 26 March 2015

ယီမင်ရှိ ဟိုသီသူပုန် အခြေစိုက်စခန်းများကို ဆော်ဒီအာရေးဗီးယား လေတပ်တိုက်ခိုက်



ယီမင်နိုင်ငံရှိ ဟိုသီသူပုန်များ ထိန်းချုပ်ထားရာ စစ်ဘက်စခန်းများကို ဆော်ဒီအာရေးဗီးယား လေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဟိုသီသူပုန်များသည် ယီမင်တောင်ပိုင်းရှိ အချက်အခြာကျသော ဆိပ်ကမ်းမြို့ တစ်ခုအပါအဝင် ဒေသအတော်များများကို ထိန်းချုပ် သိမ်းပိုက်ထားပြီး လက်ရှိ ယီမင်သမ္မတ ရာဘိုဘို မန်ဆာဟေဒီမှာလည်း တိမ်းရှောင်နေရသည်။ အမေရိကန်၏ အဓိက မဟာမိတ် တစ်ဦးဖြစ်သော ဟေဒီသည် အေဒင်မြို့ ဟိုသီတို့လက် ကျရောက်သွားပြီးနောက် ဖိအားများစွာနှင့် ရင်ဆိုင်နေရသည်။

ဟိုသီသူပုန်များ အင်အားကောင်းလာခြင်းက ယီမင်နိုင်ငံ ပြိုကွဲမည့် အခြေအနေဆီ ဦးတည်လာခဲ့ပြီး ယခုအခါ ဆော်ဒီက ကြားဝင်လာခြင်း ဖြစ်သည်။ ဆော်ဒီပိုင် အယ်လ်အာရေဘီယာ သတင်းဌာနက ဆော်ဒီစစ်တပ်သည် တိုက်လေယာဉ် (၁၀၀)နှင့် စစ်မှုထမ်း (၁၅၀၀၀)တို့အပြင် ရေတပ်သင်္ဘောများကိုပါ ဖြန့်ကျက်ထားကြောင်း ဖော်ပြခဲ့သည်။
ရှီးဟိုက် မွတ်ဆလင် သူပုန်အဖွဲ့များ အင်အားကောင်းလာခြင်းက ဆော်ဒီအပါအဝင် အရှေ့အလယ်ပိုင်းရှိ ဆွန်နီမွတ်ဆလင် နိုင်ငံများအတွက်လည်း ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာသည်။ ဆော်ဒီ၏ အမေရိကန်ဆိုင်ရာ သံအမတ်ကြီး အေဒယ်လ်အယ်လ် ဂျူဘီယာက ဆော်ဒီစစ်တပ် အနေဖြင့် ဟိုသီသူပုန်များကို ထိုးစစ်ဆင်သွားမည် အတည်ပြု ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စုသည် မဟာမိတ်များကို အကူအညီ ပေးသွားမည် ဖြစ်သော်လည်း ယခုစစ်ဆင်ရေးတွင် တိုက်ရိုက်ပါဝင်ရန် ငြင်းဆိုထားသည်။
ဆော်ဒီအပြင် အာရပ်စော်ဘွားများပြည်ထောင်စု၊ ကူဝိတ်၊ ကာတာနှင့် ဘာရိန်းနိုင်ငံတို့ကလည်း မိမိတို့သည် ယီမင်သမ္မတ ဟေဒီထံမှ ယီမင်ပြည်သူများအတွက် အကူအညီ အကာအကွယ်ပေးပါရန် ပန်ကြား တောင်းဆိုမှုကို လက်ခံစဉ်းစားနေကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။ အီဂျစ်ကလည်း ယီမင်အစိုးရကို စစ်ရေးနှင့် နိုင်ငံရေးအရ အကူအညီ ပေးမည်ဟု ကတိပြုထားသည်။
ဆော်ဒီ သတင်းဌာနများ၏ အဆိုအရ ဟိုသီသူပုန်များကို တိုက်ခိုက်သည့် စစ်ဆင်ရေးကို ဂျော်ဒန်၊ မော်ရိုကို၊ ဆူဒန် နိုင်ငံများကလည်း ထောက်ခံ ကူညီပေးကြောင်း သိရှိရသည်။ ဆော်ဒီနှင့် ပင်လယ်ကွေ့ နိုင်ငံများက ဟိုသီတို့သည် ဒေသတွင်း ဩဇာလွှမ်းမိုးရေးအတွက် အီရန်အစိုးရ၏ လက်ကိုင်တုတ်အဖြစ် ရှိနေသည်ဟု ယုံကြည်နေပြီး ဟိုသီတို့ကမူ မိမိတို့ကို အီရန်က ကျောထောက်နောက်ခံ ပေးထားသည်ဆိုသော စွပ်စွဲချက်များအား ငြင်းပယ်ထားသည်။
7Day

No comments:

Post a Comment