Monday 23 February 2015

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးကို ထိခိုက်စေသော အရေးအသား မသုံးစွဲရန် သမ္မတပြောရေးဆိုခွင့် ရှိသူကို NNER တိုက်တွန်း

သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နှင့် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ တစ်ဦး ၏ လူမှုကွန်ရက် စာမျက်နှာများတွင် လေးပွင့်ဆိုင် အတည်ပြုရေးဆွဲထားသော ဥပဒေကြမ်းနှင့် ပတ်သက်၍ ရေးသားချက်အပေါ် ပြည်သူလူထုက နားလည်မှု ကွဲလွဲမှုများ ရှိလာကြသောကြောင့် ယခုကဲ့သို့ ဆက်လက်မရေးသားကြရန် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အဖွဲ့ဝင် များက တိုက်တွန်းပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းကို နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြရာတွင်လည်း နားလည်မှု လွဲမှားစေသော အသုံး အနှုန်းများ ထည့်သွင်းသုံးစွဲထားပြီး လက်ရှိ ကျောင်းသားများ၏ ပညာရေး လှုပ်ရှားမှုများကိုလည်း ထိခိုက် စေနိုင်သောကြောင့် ဖေဖော်ဝါရီလ ၂၂ ရက်တွင် NNER က လွှတ်တော်နှင့် သံရုံးများထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

ယင်းအိတ်ဖွင့်ပေးစာတွင် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသော အမျိုးသားပညာရေး ဥပဒေ ပြင် ဆင်ရေး ဥပဒေကြမ်းကို ဒေါက်တာသိန်းလွင်၊ ဒေါက်တာဒေါ်ညိုညိုသင်းနှင့် ဦးအောင်မှိုင်းဆန်းတို့က လက်မှတ်ရေးထိုးခဲ့သည်မှာ မဟုတ်ကြောင်း၊ အဆိုပါ ဥပဒေကြမ်းသည် လေးပွင့်ဆိုင်တွေ့ဆုံပွဲ သဘော တူညီချက်မှ ထွက်ရှိလာသော ဥပဒေကြမ်း ဖြစ်ကြောင်း ထည့်သွင်းထားသည်။

လေးပွင့်ဆိုင် သဘောတူညီချက်အရ ရုပ်သိမ်းထားသော ဥပဒေကြမ်းကို နိုင်ငံပိုင်သတင်းစာများတွင် ထပ်မံဖော်ပြထားခြင်းသည် လေးပွင့်ဆိုင် ကတိကဝတ်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဆက်လက် ရေးသားထားသည်။

“နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားတာက ပညာရေးဝန်ကြီးဌာန လုပ်တာလား၊ ပြန်ကြားရေး ဝန်ကြီး ဌာနက လုပ်တာလားတော့ ကျွန်တော်လည်း မသိဘူး” ဟု NNER အဖွဲ့ဝင် ဒေါက်တာသိန်းလွင်က ပြောဆိုသည်။

ယင်းအပြင် ယခုကဲ့သို့ လူမှုကွန်ရက်များတွင် ရေးသားဖော်ပြချက်များသည်လည်း လူထုအမြင် လွဲမှား စေမှုများ ဖြစ်စေကြောင်း ၎င်းကဆိုသည်။

“ဒါ ကျွန်တော်တို့ အမြင်နဲ့တူတဲ့ဟာပေါ့ဗျာ။ ဆိုလိုတာ အမျိုးသားပညာရေး ဥပဒေအပေါ် အမျိုးမျိုး ထင်မြင် ယူဆပိုင်ခွင့် ရှိတယ်။ အဲဒီအပေါ် ဘယ်လိုမှ မဝေဖန်နဲ့ သူတို့ပဲ ဝေဖန်မယ် ဆိုတာကတော့ ပြောရရင်တော့ ဘယ်လိုမှ ဒီမိုကရေစီမဆန်ဘူးပေါ့” ဟု မှူးဇော် Facebook ဖြင့် ရေးသားသူ သမ္မတရုံး တာဝန်ရှိသူက တုံ့ပြန်ခဲ့သည်။

ယင်းအပြင် တက္ကသိုလ် ပါမောက္ခချုပ်များက ဦးဆောင်၍ သပိတ်ကျောင်းသားများကို ဆန့်ကျင် သောလုပ်ရပ်များ ပြုလုပ်နေခြင်းကို အမြန်ဆုံးရပ်တန့်ပေးရန်လည်း အိတ်ဖွင့်ပေးစာများတွင် ဖော်ပြခဲ့သည်။

“လိုလားချက်နဲ့ ကွဲလွဲရင် သပိတ်စစ်ကြောင်း ဆက်သွားမယ်။ မူလသဘောတူညီချက်တွေကို အစိုးရက မမေ့ဖို့ လိုပါတယ်” ဟု သပိတ်ကော်မတီဝင် ကိုနန္ဒစစ်အောင်က ပြောဆိုသည်။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းတွင် ပါရှိသော ဘာသာရေး အဖွဲ့အစည်းကျောင်းများ ဖွင့်လှစ်ခွင့် ထည့်သွင်းရခြင်းသည် လူတိုင်းအကျုံးဝင် ပညာရေး ဖြစ်စေရန်အတွက် ရည်ရွယ်ပြဋ္ဌာန်းလိုခြင်း ဖြစ်ကြောင်း၊ မသန်စွမ်း ကလေးသူငယ်များ အပါအဝင် ဘာသာရေး အဖွဲ့အစည်းကျောင်းများတွင် တက်ရောက် နေသော ကျောင်းသားများ ပါဝင်စေလို၍ အဆိုပါအချက်ကို ထည့်ထားကြောင်း ဒေါက်တာ သိန်းလွင်က ရှင်းလင်းသည်။

အလားတူ မိခင်ဘာသာစကား အသုံးပြုသင်ကြားရေးကို ထည့်သွင်းခြင်းသည် ဘာသာရေးကို သီးသန့် သင်ကြားသည့် ကျောင်းများနှင့် သက်ဆိုင်ခြင်းမရှိဘဲ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ စသည့် ဘာသာ ရပ်များကို သင်ကြားသည့် ကျောင်းများကိုသာ ဆိုလိုခြင်းသာ ဖြစ်ကြောင်း NNER ကွန်ရက်က ရှင်းပြ ခဲ့သည်။

NNER တာဝန်ရှိသူများက လွှတ်တော်နှင့် နိုင်ငံတကာသံရုံးများထံ အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းများ ဆောင် ရွက်နေချိန် ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပညာရေး ဝန်ထမ်းများနှင့် ကျောင်းသားမိဘများက ပေးပို့သော အကြံပြုချက်စာများကို လွှတ်တော်သို့ တင်ပြရန် စီစဉ်နေကြောင်း ပညာရေး ဝန်ကြီးဌာန အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

အကြံပြုချက်များနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များနှင့်လည်း ဆွေးနွေးသွားရန် ရှိကြောင်း အမှတ် (၂) အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လေးပွင့်ဆိုင် သဘောတူညီချက်အရ ရေးဆွဲထားသော ဥပဒေကြမ်းတွင် လက်ရှိနိုင်ငံအခြေအနေနှင့် မကိုက်ညီသော အချက်အလက်များ ပါဝင်နေသည်ကို တွေ့ရှိရပြီး အခြေခံပညာရေးကဏ္ဍ အတွက် ထိခိုက်မှုများ ရှိလာမည်ကို စိုးရိမ်မိကြောင်း ၎င်းကဆိုသည်။

ဘာသာရေး အဖွဲ့အစည်းများမှ ဖွင့်လှစ်သော ပညာရေးကျောင်းများ ထည့်သွင်းခြင်းသည် နောက်ပိုင်းတွင် မလိုလားအပ်သော ပြဿနာများ ရှိလာနိုင်ကြောင်း ပညာရေးဝန်ထမ်း တာဝန်ရှိသူများက သုံးသပ်ကြ သည်။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် တင်သွင်းဆွေးနွေးရန် စီစဉ်ထားသော်လည်း မည်သည့်ရက်တွင် ဆွေးနွေးမည်ကိုမူ မသိရှိသေးကြောင်း လွှတ်တော် ကိုယ် စားလှယ်များက ဆိုသည်။

The Voice Weekly 

2 comments:

  1. NNER ဆိုတာဘာမှစောက်ဆင့် မရှိသည့် အဖွဲ့ အစည်းဖြစ်သည်။နိုင်ငံတော်က လက်ခံတွေ့ ဆုံသည်ကအမှားဖြစ်သည်။ သူတို့ ပြောတိုင်းမပြင်သင့် ပါ။

    ReplyDelete
  2. ဒေါက်တာတဲ့  ဘယ်သူ့ ကိုစာသင်ပေးလို့ လည်း။ရှက်စရာကောင်းတာ။ဘယ်သူ့ ထောက်ပံ့ကြေးနဲ့ လုပ်စားနေတဲ့ ကောင်လည်းမသိဘူး။အရင်စုံစမ်းပါအုံး။

    ReplyDelete