Monday 23 February 2015

ကုန်ကြမ်း - လောက်ကိုင်လမ်း တပ်မတော်က ပြန်သိမ်းပိုက်

လောက်ကိုင်မြို့ လောက်ကိုင်- ကုန်ကြမ်းမြို့နယ် (၁၈ မိုင် လမ်းဆုံ) ကို တပ်မတော်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဟု တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူ အရာရှိကြီး တစ်ဦး က မဇ္ဈိမကို ပြောသည်။

လောက်ကိုင်မြို့မှ ကုန်ကြမ်းမြို့နယ်သို့သွားသည့် လောက်ကိုင် တာရွှေထန်၊ ၁၈ မိုင်၊ ညံခွမ်းလမ်းကြောင်း ကို ဖေဖော်ဝါရီ ၂၁ ရက် ညနေမှ ဖေဖော်ဝါရီ ၂၂ရက် မွန်းလွဲပိုင်းထိ နှစ်ဖက်ထိတွေ့မှု နှစ်ကြိမ် ဖြစ်ပွားပြီး နောက် တပ်မတော်ကပြန်လည် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ သတင်းထုတ်ပြန်ရေးအဖွဲ့မှ တပ်မတော် အရာရှိ တစ်ဦးက ''ဆက်သွယ်ရေးလမ်းတွေ ပြန်ပွင့်သွားပါပြီ။ အခုသိမ်းနိုင်တာက ကြက်ခြေနီကားကို
တိုက်တဲ့နေရာ မဟုတ်သေးပါဘူး။ အဲဒီနေရာမှာ အခုသူတို့ မရှိတော့ဘူး''ဟု ဆိုသည်။

ကိုးကန့်တိမ်းရှောင်အဖွဲ့က လောက်ကိုင်- ကုန်ကြမ်းလမ်းရှိ ၁၈ မိုင်လမ်းဆုံအနီးမှ တောင်ကုန်းများတွင်ခြေ ကုတ်ယူကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး ယင်းစခန်းများကို တပ်မတော်က နယ်မြေရှင်းလင်းမှုများပြုလုပ် အောင်မြင်ခဲ့ခြင်းဖြစ်သည်ဟု ၄င်း က ပြောသည်။ကိုးကန့်ဒေသအတွင်း ဖေဖော်ဝါရီ ၂၁ ရက်နှင့် ၂၂ ရက်အတွင်း နှစ်ဖက် ထိတွေ့မှု ငါးကြိမ်ဖြစ်ပေါ်ခဲ့ပြီး ကိုး ကန့်အဖွဲ့မှ ကျဆုံးသူအလောင်း သုံးလောင်းနှင့် လက်နက်ငယ်မျိုးစုံ ခုနစ်လက်၊ ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းနှင့် စိတ်ကြွရူးသွပ်ဆေးပြား အမှုန့် နှင့် အိုက်စ် ၂ ဒသမ ၅ ကီလိုဂရမ်စီကို သိမ်းဆည်းရမိခဲ့သည်။

ဖေဖော်ဝါရီ ၂၁ ရက်နှင့် ၂၂ ရက် ထိတွေ့မှုတွင် တပ်မတော်ဖက်မှ တပ်သားလေးဦးကျဆုံးခဲ့ပြီး အရာရှိ၊ စစ်သည် ၂၁ ဦးထိ ဒဏ်ရာရရှိခဲ့သည်ဟု တပ်မတော်မှ သတင်းထုတ်ပြန်သည်။ တပ်မတော်နှင့် ကိုးကန့် တိမ်းရှောင်အဖွဲ့တို့ တိုက်ပွဲတွင် ဖေဖော်ဝါရီ ၉ ရက်မှ ဖေဖော်ဝါရီ ၂၁ ရက်ထိ တပ် မတော်ဘက်မှ အရာရှိ၊ စစ်သည် ၅၂ ဦး ကျဆုံးကာ ၁ဝ၅ ဦးထိ ဒဏ်ရာရရှိထားသည်။

Mizzima - News in Burmese

No comments:

Post a Comment