Thursday 2 October 2014

ယူနတီဂျာနယ် သတင်းထောက်များနှင့် CEO တို့အား ထောင်ဒဏ် ၃ နှစ်လျှော့

နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ၃(က)ကို ကျူးလွန်သည်ဟုဆို၍ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခံနေရသော ယူနတီသတင်းဂျာနယ်မှ သတင်းထောက်လေးဦးနှင့် CEO တို့၏ ပြစ်ဒဏ်ကို သုံးနှစ်လျှော့ချလိုက်ပြီး ထောင်ဒဏ် ခုနစ်နှစ်သို့ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်က အောက်တိုဘာ ၂ ရက်တွင် အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

‘‘ထောင် ဆယ်နှစ်အစား ခုနစ်နှစ်သို့ ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ သိရတယ်။ ဘာကြောင့် ဒီလိုလျော့ လိုက်တယ် ဆိုတာကို အမိန့်အပြည့်အစုံကူးပြီးမှ သိရမယ်။ သတင်းထောက်တွေကို ဖမ်းထားကတည်းက ချုပ်ရက်တွေအပါအ၀င် အခုထိ အကျဉ်းကျခံကာလက တစ်နှစ်ရှိပါပြီ။ အဲဒီချုပ်ရက်တွေ ထုတ်နုတ်ခံစားခွင့် ရှိပါတယ်’’ဟု ယူနတီသတင်းထောက်များအတွက် လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ပေါက်မြို့ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံကို ဓာတုလက်နက်စက်ရုံဟု ဖော်ပြခဲ့သဖြင့် ယူနတီ သတင်းထောက် ကိုလူမော်နိုင်၊ ကိုစည်သူစိုး၊ ကိုပိုက်သက်ကျော်အပါအ၀င် သတင်းထောက်လေးဦးနှင့် ဂျာနယ်စီအီးအို ဦးတင့်ဆန်းတို့ကို စက်ရုံမှ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးက တရားလိုပြု၍ ပခုက္ကခရိုင် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ အမှုစစ်ပြီး ငါးလခန့်အကြာ ဇူလိုင်လတွင် တရားလို တရားခံပြ သက်သေပေါင်း သုံးဆယ်ခန့် စစ်ဆေးပြီးနောက် သတင်းထောက်များကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယူနတီသတင်းထောက်အားလုံးမှာ လက်ရှိအချိန်တွင် ပခုက္ကူအကျဉ်းထောင်အတွင်း အကျဉ်းကျခံနေရဆဲ ဖြစ်သည်။

7Day DAILY

No comments:

Post a Comment