Thursday 2 October 2014

ထုတ်ဝေရန်လျာထားသော ငွေစက္ကူပမာဏထက် ကျပ် ၅၀၀၀ တန်ပုံစံသစ် များကို ပိုမိုထုတ်လုပ်ခြင်း မဟုတ်သောကြောင့် ငွေကြေးဖောင်းပွမှုအပေါ် သက်ရောက်ခြင်းမရှိဟု ဗဟိုဘဏ်တာဝန်ရှိသူ ပြောကြား

ကျပ် ၅ဝဝဝ တန် ပုံစံသစ်များသည် နှစ်တစ်နှစ်တွင် ရိုက်နှိပ်ထုတ်ဝေရန် လျာထားသည့် ငွေစက္ကူ ပမာဏ ထက် ပိုမိုရိုက်နှိပ် ထုတ်ဝေခြင်း မဟုတ်သဖြင့် ငွေကြေးဖောင်းပွမှုအပေါ် အကျိုးသက်ရောက်မှု မရှိနိုင်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူက ပြောကြားသည်။ လုံခြုံရေးကြိုး ပုံစံသစ်၊ ရေစာသစ်နှင့် ဗားနစ် (VARNISH)အလွှာဖုံးအုပ်ထားသည့် ကျပ် ၅ဝဝဝ တန် ပုံစံသစ်သည် အရည်အသွေးပိုင်းတွင် အဆင့်မြှင့်ထားခြင်းဖြစ်ပြီး လုံခြုံရေးပိုင်းကို ဦးစားပေးထားပြီး ထုတ်ဝေခြင်းဖြစ်သည်ဟု သိရသည်။

“ဗဟိုဘဏ်အနေနဲ့ တစ်နှစ်မှာ ငွေစက္ကူတန်ဖိုး ဘယ်လောက်ထုတ်မယ် ဆိုတာကို လျာထားသတ်မှတ်ထား သလို ငွေလိုတိုင်း ရိုက်ထုတ်နေတာ မရှိပါဘူး။ အခုအသစ်ထုတ်မယ့် ငါးထောင်တန်ဟာ လက်ရှိထုတ် ထားတဲ့ ငါးထောင်တန်ထုတ်ဝေမယ့် ပမာဏမှာ ပုံစံအသစ်အစားထိုးပြီး ထုတ်လုပ်တာဖြစ်ပါတယ်။ အတုမလုပ်နိုင်အောင် အဆင့်မြင့်နည်း ပညာအသုံးပြုထားပြီး ငါးထောင်ကျပ်တန် တန်ဖိုးထက် ပိုမိုကုန်ကျ ခံပြီး ထုတ်လုပ်ထား တာဖြစ်ပါတယ်။ အများထင်သလို အစိုးရ ဘတ်ဂျက်လိုငွေရှိတိုင်း ငွေစက္ကူတွေရိုက်နှိပ် ထုတ်ဝေတာမဟုတ်ဘဲ ဟောင်းနွမ်းစုတ်ပြဲတဲ့ ငွေစက္ကူတွေနေရာမှာ အစားထိုးရိုက်နှိပ်ထုတ်ဝေတာ။ ပုံမှန်ထုတ်ဝေရမယ့် ငွေပမာဏ အတွင်းကနေသာ ပုံစံအသစ်နဲ့ထုတ်ဝေတာ ဖြစ်တာကြောင့် ငွေကြေး ဖောင်းပွမှုအပေါ် အကျိုးသက်ရောက်စရာ အကြောင်းလုံးဝမရှိဘူး” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူက ပြောကြားသည်။

ဗဟိုဘဏ်မှ ထုတ်ပြန်ချက်တွင် ကျပ်ငါးထောင်တန် ငွေစက္ကူပုံစံအသစ်များကို ထုတ်ဝေမည်ဟု ထုတ်ပြန် ထားသော်လည်း အောက်တိုဘာ ၁ ရက်မှာ အစိုးရဘဏ်ပိတ်ရက် ဖြစ်သောကြောင့် အောက်တိုဘာ ၂ ရက်မှသာ ပုဂ္ဂလိကဘဏ်များကို ထုတ်ပေးမှုတွင် ထည့်သွင်းထုတ်ဝေ သွားမည်ဖြစ်သည်။ လက်ရှိထုတ်ဝေ ထားသည့် ကျပ်ငါးထောင်တန် ငွေစက္ကူများကို ၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး ဆက်လက်သုံးစွဲခွင့်ရှိကြောင်း သိရသည်။

အသစ်ထုတ်ဝေမည့် ကျပ်ငါးထောင်တန် ငွေစက္ကူတွင် လက်ရှိအသုံးပြုနေသော ငါးထောင်တန် ငွေစက္ကူ မျက်နှာစာတွင် ဒေါင်လိုက်ထည့်သွင်းထားသော အကန့်လိုက်ဆစ်ပိုင်းပြီး မြှုပ်နှံထားသည့် လုံခြုံရေး ကြိုး အစား အရောင်ပြောင်းလဲနိုင်သည့် လုံခြုံရေးကြိုးအသစ်ကို အကန့်လိုက်အဆစ်ပိုင်းပြီး ပြောင်းလဲထည့်သွင်း မည်ဖြစ်သည်။ ယင်းလုံခြုံရေးကြိုးအသစ်သည် လက်ရှိအသုံးပြုနေသည့် ကျပ်ငါးထောင်တန်ရှိ လုံခြုံရေးကြိုး ထက် အရွယ်အစားပိုမိုကြီးပြီး ရွှေဝါရောင်မှ အစိမ်းရောင်သို့ အရောင်ပြောင်းလဲနိုင်သည်။

မျက်နှာစာဘက်၊ လက်ယာဘက်အပိုင်းတွင် ပုံစံအသစ်ဖြင့် ပြုလုပ်ထားသည့် ဆင်ဖြူတော်ပုံရေစာပါရှိပြီး ငွေစက္ကူကို အလင်းရောင်တွင်ကြည့်ပါက ရေစာကိုတွေ့နိုင်ပြီး ဖုံးအုပ်ကာကွယ်ပေးထားမည့် ဗားနစ် (VARNISH) အလွှာမှာ အရည်များနှင့် အရောင်စွန်းထင်းနိုင်သော အရာများကို ကာကွယ်မည်ဖြစ်သဖြင့် သက်တမ်းကြာရှည်စွာ ပိုမိုအသုံးပြုနိုင်မည် ဖြစ်သည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

7Day DAILY

No comments:

Post a Comment