Friday 26 September 2014

NLD က သူရဦးရွှေမန်းကို ဒု-သမ္မတ စာရင်းတင်မယ်ဆိုတဲ့ သတင်း အခုမှ ထွက်လာတာလား

အခုရက်ပိုင်းအတွင်း ပြည်သူတွေ စိတ်အဝင်စားဆုံး နိုင်ငံရေးသတင်းကို ပြောပါဆိုရင် ရိုက်တာ သတင်း ဌာနက ဖော်ပြခဲ့ပြီး နောက် ပိုင်း ပြည်တွင်း သတင်းဌာနတွေကလည်း ထပ်ဆင့်ဖော်ပြ၊ လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း အလွန်ပျံ့နှံ့သွားတဲ့ အင်န်အယ်လ်ဒီ က ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတဖြစ် ခွင့်မရရင်၊ ဒု-သမ္မတလောင်းအဖြစ် သူရဦးရွှေမန်းကို တင်ဖို့ သဘောထား ရှိနေတယ်ဆိုတဲ့ သတင်း ပါ။ နောက်ပိုင်း ဒီသတင်းဖော်ပြချက် မမှန်ပါဘူး ဆိုပြီး သတင်းဖော်ပြခံရတဲ့ အင်န်အယ်လ်ဒီခေါင်းဆောင် ဦးဟံသာမြင့်၊ ဦးဉာဏ်ဝင်း တို့က ငြင်းကြသလို ပါတီအနေနဲ့လည်း ရိုက်တာသတင်းဌာနကို ဖြေရှင်းဖို့ စာပေးပို့ထားတယ်လို့ ဆိုပါတယ်။ ဒီပြဿနာ ဘယ်လို ဖြစ်ရတာပါလဲ စူးစမ်းကြည့် ကြရအောင်။
ပြောရရင် ရိုက်တာသတင်းဌာနက ဒီသတင်း မဖော်ပြခင်ကတည်းက အဲဒီ သတင်းအစိုးရနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းထဲမှာ ပျံ့နှံ့နေတာ ကြာခဲ့ပါပြီ။ ရိုက်တာသတင်းဟာ အခြေအမြစ်မဲ့ပြီး ထွက်ပေါ်လာ တာတော့ မဟုတ် ပါဘူး။ အဲဒီဖြစ်ပေါ်နေတဲ့၊ ပြောနေဆိုနေကြတဲ့ သတင်းကို အတည်ပြုနိုင်ဖို့ ကြိုး စားပြီး ဖော်ပြ ခဲ့တဲ့ သတင်း ဖြစ်နိုင်ပါတယ်။ စောစောကပြောခဲ့သလို အရင် ကာလအတန်ကြာ ကတည်းက ဖြစ်ပေါ်ခဲ့တဲ့ သတင်းကတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတဖြစ်ခွင့် ပိတ်ပင် ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကိုသာ မပြင်နိုင် ခဲ့ရင်၊ ရွေးကောက် ပွဲမှာ အင်န်အယ်လ်ဒီက အမတ်နေရာ အများစုအနိုင်ရပြီး လွှတ်တော်မှာ ဒုသမ္မတ တစ်ယောက် နာမည်စာရင်း တင်သွင်းရတော့ မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အင်န်အယ်လ်ဒီက လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ဒု-သမ္မတအဖြစ် စာရင်းတင်သွင်းလိမ့်မယ်၊ ဦးရွှေမန်းနဲ့ ဒေါ်စုလည်း ညှိနှိုင်းပြီးပြီ ဆိုတာပါပဲ။

တကယ်တော့ ဒီသတင်း အစိုးရအသိုင်းအဝိုင်းနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းမှာ ထွက်ပေါ်လာတယ် ဆိုတာ ကလည်း အခြေအမြစ်မရှိ လုပ်ကြံဖန်တီးလို့ ထွက်ပေါ်လာတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ရှေ့ပိုင်း ကာလ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်း အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့တဲ့ အခြေအနေ၊ သတင်းစာရှင်းလင်းပွဲပေါင်းပြီး လုပ်နိုင်တဲ့ အခြေအနေ၊ ဥက္ကဋ္ဌကြီးက ရိုးသားသူပါပဲလို့ ပြောတဲ့ အခြေအနေ စတဲ့ အခြေအနေ အကြောင်းကြောင်းတွေရယ်၊ အခြားသောပြောဆိုမှု အချက်အလက်တွေကနေ ထွက်ပေါ်လာပုံရပါတယ်။

အခု ရိုက်တာသတင်းနဲ့ပတ်သက်ပြီး အဲဒီလို သဘောပြောတာ မဟုတ်ကြောင်း ဦးဟံသာမြင့်ရော၊ ဦးဉာဏ်ဝင်းကပါ ငြင်းထားပါတယ်။ ဒီကိစ္စ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သတင်းထောက်ေ တွ က မေးတဲ့အခါ ဒါဟာ စီအီးစီ ဆုံးဖြတ်ချက် မဟုတ်ဘူး၊ ကာယကံရှင်တွေက ပြောတာလည်း မဖြစ်နိုင် ဘူး၊ ကာယကံရှင်တွေကို မေးကြည့်ကြပါလား ဆိုပြီး ဖြေပါတယ်။ သတင်းနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ သူရဦးရွှေမန်းကို အင်န်အယ်လ်ဒီရဲ့ ဒု-သမ္မတလောင်းအဖြစ် စဉ်းစားတာ ရှိမရှိ၊ ဆွေးနွေးထားတာ ရှိမရှိ၊ သို့မဟုတ် သူရဦးရွှေမန်းကို ဒီလို အင်န်အယ်လ်ဒီရဲ့ ဒု-သမ္မတလောင်းအဖြစ် စိတ်တောင်မကူးဘူး ဆိုတာမျိုး တစ်စုံတစခုမှ မှတ်ချက်ပေး မသွားပါဘူး။ 

နောက်တစ်ချက်က ဦးဟံသာမြင့်နဲ့ ဦးဉာဏ်ဝင်းတို့ရဲ့ ပြန်လည် ဖြေရှင်းချက်၊ ရိုက်တာသတင်းမှာပါတဲ့ အချက်တချို့ကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဦးဟံသာမြင့်ရဲ့ ရိုက်တာသတင်းဌာနကို ပြန်ကြား ချက်မှာ ခုလို ဖော်ပြထားပါတယ်။

"(၁) အင်န်အယ်လ်ဒီအနေဖြင့် ဒုတိယလူ မရှိပါကြောင်း၊ (၂) ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများ မတိုင်မီ ၅၉(စ) ကို မပြင်ဆင်နိုင်ခဲ့ပါက NLD အနေဖြင့် အဆိုပါ ရွေးကောက်ပွဲများတွင် အများစု အနိုင်ရခဲ့ပါက NLD အနေဖြင့် ရွေးချယ်စရာ နည်းလမ်းများ ရှိပါကြောင်း၊ ၎င်းတို့မှာ ၁- ဒုတိယ သမ္မတလောင်းအဖြစ် လွှတ်တော်ပြင်ပမှ အင်န်အယ်လ်ဒီမှ တစ်ဦးဦးကို အဆိုပြုခြင်း၊ ၂ - မိမိတို့ကဲ့သို့ စဉ်းစားတွေးခေါ် ယုံကြည် သူ၊ မိမိတို့ကဲ့သို့ ရည်မှန်းချက် တူညီစွာရှိသူ၊ မိမိတို့ ပါတီပြင်ပမှ တစ်ဦးဦးကို အဆိုပြု ခြင်းတို့ဖြစ်ကြောင်း" သူရဦးရွှေမန်းကို အဆိုပြုလိမ့်မယ်၊ အဆိုပြုနိုင်တယ်လို့ သူတိတိကျကျ မပြောခဲ့တဲ့အကြောင်း ဆိုပြီးဖြစ် ပါတယ်။ 

ဒီပြဿနာနဲ့မပတ်သက်ဘဲ အဲဒီအချက်ကို သုံးသပ်ရရင် အင်န်အယ်လ်ဒီပါတီမှာ ဒေါ်အောင်ဆန်းစုကြည်က လွဲရင် တိုင်းပြည်ကို ခေါင်းဆောင်နိုင်သူ မရှိဘူးလို့ ဝန်ခံလိုက်ရာလည်း ရောက်ပါတယ်။ တစ်နည်းပြော ရရင် အင်န်အယ်လ်ဒီ ပါတီမှာ တိုင်းပြည်ကို ခေါင်းဆောင်နိုင်ဖို့ အရည်အချင်းရှိသူတွေကို မစည်းရုံးနိုင်ဘူး ဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်ပါတယ်။ နောက်ထပ်ဆင့်ပြီး ပြောရရင် အင်န်အယ်လ်ဒီပါတီ ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြုပြီး ဖွဲ့စည်းထားတဲ့ ပုဂ္ဂိုလ်ရေးဆန်တဲ့ ပါတီ၊ တကယ် လို့ ဒေါ်အောင်ဆန်းစုကြည်သာ မရှိခဲ့ရင် အင်န်အယ်လ်ဒီပါတီ ဆိုတာကလည်း ဘာမှမဟုတ်တဲ့ ပါတီလို့ အများဝေဖန်စွပ်စွဲ နေတာကို သွယ်ဝိုက် ဝန်ခံလိုက်တဲ့ သဘောလည်း သက်ရောက်ပါတယ်။

ပြောရရင် ရိုက်တာက အခု သတင်းမဖော်ပြခင် ရှေ့ပိုင်းကာလကတည်းက ဒီသတင်း ဘာလို့ ထွက်ပေါ်လာရသလဲ ပြန်ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကား လာအောင် ကိုယ်ကျိုးစွန့် အနစ်နာခံ တိုက်ပွဲဝင်နေသူ တစ်ယောက်ပါ။

ကမ္ဘာ့ဒီမိုကရေစီ အိုင်ကွန်ပါ။ NLD ဆိုတာဟာ တိုင်းပြည်မှာ ဒီမိုကရေစီ ထွန်းကားလာအောင် တိုက်ပွဲ ဝင်နေတဲ့ ပြည်သူလူထု ထောက်ခံမှုအရှိဆုံး ပါတီကြီးပါ။ အားလုံးသိကြတဲ့အတိုင်း ပြည်ခိုင်ဖြိုး ပါတီဆိုတာ အရင်စစ်အာဏာရှင်တွေက ဖွဲ့စည်းပေးထားတဲ့ စစ်ဗိုလ်ချုပ်တွေက ဦးဆောင်နေတဲ့ ပါတီပါ။ အဲဒီပါတီရဲ့ အဓိကပစ်ရှင်က ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း မြန်မာနိုင်ငံမှာ စစ် ဘုရင်မင်းဆက် အဓွန့် ရှည်ဖို့ အကောင်အထည်ဖော်နေတဲ့ ပါတီပါ။ ဘာဒီမိုကရေစီပါတီမှ မဟုတ်သလို၊ ပါတီတွင်းမှာလည်း ဒီမိုကရေစီ စနစ်မကျင့်သုံးပါဘူး။ တိုင်းပြည်မှာ ဒီမိုကရေစီ ထွန်းကားဖို့လည်း ဘာမှ အကောင် အထည် ဖော်နေ တဲ့ ပါတီလည်း မဟုတ်ပါဘူး။ သူရ ဦးရွှေမန်းဆိုတာ အဲဒီပါတီရဲ့ အကြီးအကဲ၊ အဲဒီမစ်ရှင် ကို ခေါင်းဆောင်နေသူ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် NLD နဲ့ သူရဦးရွှေမန်း၊ ပြည်ခိုင်ဖြိုး ဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်းပါ။  

အဲဒါကို ဒေါ်အောင်ဆန်းစုကြည်က ဘယ်အခြေခံအပေါ်မှာ ဆက်စပ်သုံးသပ်တွေးခေါ် အကောင် အထည် ဖော်နေ သလဲတော့ မသိနိုင်ပါ။ 

တကယ်တော့ ဦးဟံသာမြင့်၊ ဦးဉာဏ်ဝင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်ရမှာက ရိုက်တာကို ဦးဟံသာမြင့်နဲ့ ဦးဉာဏ်ဝင်းတို့ ဒီလိုစကားလုံး အတိအကျ သုံးတယ်မသုံးဘူး ငြင်းခုံနေဖို့ မဟုတ်ပါဘူး။ ဒီလို သတင်း ဘာကြောင့်ထွက်ပေါ်လာရသလဲ၊ မလိုသူတွေက တမင်လုပ်ကြံဖန်တီးလို့ ထွက်လာတာလား၊ အခြေအမြစ်ရှိလို့ ထွက်လာတာလား ဆိုတာ ပြန်ပြီး သုံးသပ်ကြဖို့ပဲဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Mizzima - News in Burmese

No comments:

Post a Comment