Friday 26 September 2014

စာမေးပွဲနှင့် ပတ်သက်၍ ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု ဆိုကာ လုံခြုံရေး ဆောင်ရွက်ပေးရန် မုံရွာတက္ကသိုလ် ကျောင်းသား (၃) ဦးက ပါမောက္ခချုပ်ထံ တင်ပြ တောင်းခံ

မုံရွာ တက္ကသိုလ်တွင် ယခုလက်ရှိ ဖြေဆိုခဲ့ပြီးသည့် စာမေးပွဲနှင့် ပတ်သက်၍ ခြိမ်းခြောက် မှုများနှင့် တွေ့ ကြုံနေသည်ဟု ဆိုကာ လုံခြုံမှုပေးရန် မုံရွာတက္ကသိုလ် ကျောင်းသားသုံးဦးက တက္ကသိုလ် ပါမောက္ခချုပ် ထံသို့ တင်ပြ တောင်းခံ ထားကြောင်း သိရသည်။
အဆိုပါ ကျောင်းသား သုံးဦးသည် မုံရွာတက္ကသိုလ် ဓာတုဗေဒ ဒုတိယနှစ် ကျောင်းသားများ ဖြစ်ပြီး၊ ကျူရှင်လခများ မပေးနိုင်သဖြင့် ဆရာမ တစ်ဦး မှ စာမေးပွဲ ချမည်ဟု ယခုလ (၂၀) ရက်နေ့၊ ညနေ (၄) နာရီ အချိန်တွင် ခေါ်ယူပြောဆို ခြိမ်းခြောက်ခဲ့မှုများရှိ သဖြင့် ယခုကဲ့သို့ မုံရွာတက္ကသိုလ် ပါမောက္ခချူပ်ထံသို့ တင်ပြ တောင်းခံခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ နေ့တွင် ဘာသာရပ် ဆရာမ (သင်္ချာဌာန) က မုံရွာတက္ကသိုလ် ဒုတိယနှစ် ဓာတုဗေဒတွင် ပညာသင်ကြား နေသည့် ကျောင်းသား (၃၀) ဦးအား စာသင်ရန်ရှိသည်ဟု ဆိုပြီး၊ ၎င်း နေအိမ်သို့ လာကြရန် ခေါ်ဆိုခဲ့သဖြင့် အဆိုပါ ကျောင်းသား များမှ သွားရောက် ခဲ့ကြောင်း၊ ဆရာမ နေအိမ်သို့ အရောက်တွင် ကျောင်းသား (၃၀) ဦး ရှေ့မှောက်တွင် အဆိုပါ ကျောင်းသားသုံးဦးက စီးပွားရေး အဆင်မပြေ၍ ကျူရှင်လခအား မပေးနိုင်သေးကြောင်း ပြောဆိုခဲ့ ရာတွင် အဆိုပါ ဆရာမမှ စာမေးပွဲချမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည့် အတွက် မုံရွာ တက္ကသိုလ် ပါမောက္ခချူပ် ထံသို့ ယခုကဲ့သို့ တင်ပြ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း တိုင်တန်းခဲ့သူ ဓာတုဗေဒ ကျောင်းသား တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ဓာတုဗေဒ ဒုတိယနှစ် တက္ကသိုလ် ကျောင်းသား သုံးဦး၏ တင်ပြစာနှင့် ပတ်သက်၍ မုံရွာ တက္ကသိုလ် ပါမောက္ခချူပ်မှ အဆိုပါ (သင်္ချာ ဌာန)မှ ဆရာမအား ခေါ်ယူ တွေ့ဆုံခဲ့ပြီး၊ မှတ်တမ်းတင် သတိပေး လက်မှတ်ထိုးခိုင်း ခဲ့ကြောင်း သိရသည်။ ကျောင်းသား သုံးဦး၏ စာမေးပွဲ လုံခြုံရေးနှင့် ပတ်သက်၍လည်း တာဝန်ယူမည်ဟု ကတိ ၀န်ခံခဲ့ကြောင်း မုံရွာတက္ကသိုလ် ဒုတိယ ပါမောက္ခချူပ် ဒေါက် တာ ကျော်ထွန်းက The Messenger Media သို့ ပြောသည်။

ကျူရှင်လည်း မသင်ပါဘူး။ စာမေးပွဲ အတွက် နားမလည်တာ တွေကို ရှင်းပြခိုင်းလို့ အိမ်ခေါ်ပြီး စာလုပ်ပေးခဲ့ တာပါ။ ကျောင်းပုံ မှန်လည်း မတက်တော့ စာမေးပွဲကျ လိမ့်မယ် လို့တော့ ဆုံးမစကား အနေနဲ့ ပြောဆိုခဲ့မိတာပါ။ ကိုယ်တိုင် ကလည်း ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်ပြီး ကြိုးစားခဲ့လို့ အခုလို ပြောဆို ဆုံးမခဲ့တာပါ။ ဘာကိုမှ မရည်ရွယ်ခဲ့ပါဘူး ဟု ဓာတုဗေဒ ဒုတိယနှစ် အတွက် သင်္ချာဘာသာရပ်ပြ ခဲ့သည့် ဆရာမက The Messenger Media သို့ ပြောသည်။

မုံရွာမြို့ တက္ကသိုလ်ကျောင်းများတွင် စာမေးပွဲရက်များ နီးကပ်လာပြီး ဆိုပါက ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကိုယ်ပိုင် စာကျက်ချိန် များတွင် ဆရာ၊ ဆရာမများထံ ချဉ်းကပ်ကာ စာမေးခြင်း၊ စာကျက်ခြင်းများ ပြုလုပ်လေ့ ရှိပြီး၊ တချို့ ကျောင်းသား၊ ကျောင်းသူ များသည် စေတနာအား လျော်စွာ တတ်နိုင်သလောက် သင်ကြားပြသခဲ့သူ ဆရာ၊ ဆရာမ များအား ပူဇော် ကန်တော့ခြင်းများ ရှိကြောင်းလည်း အင်္ဂလိပ်စာ အဓိကဖြင့် သင်ကြား နေသူ မုံရွာတက္ကသိုလ် ကျောင်းသားများ ထံမှ သိရသည်။

Messenger News Journal

No comments:

Post a Comment