Monday 8 September 2014

မြန်မာဘောလုံးနှင့် ပြည်သူ့အသံ

 
ဓာတ်ပုံ−အီးပီအေ
မြန်မာဘောလုံးအသင်းများအပေါ် ယခုနှစ်တွင် ပရိသတ်များကများစွာ မမျှော်လင့်ထားသော် လည်း အောင်မြင်မှုများ တစ်ခုပြီးတစ်ခု ရရှိနေသည်။ ၂၀၁၃ဆီးဂိမ်းတွင် မြန်မာ့ ယူ−၂၃အမျိုးသားဘောလုံး အသင်း အိမ်ကွင်း၌ မရှုမလှရှုံးနိမ့်ပြီး အုပ်စုမှထွက်ခဲ့ရပြီးနောက် ယခုနှစ်ပိုင်း အတွင်း အောင်မြင်မှု တစ်ခုမျှ မပြနိုင်သောကြောင့် အမျိုးသားဘောလုံးအသင်း များအပေါ် ပရိသတ်များက စိတ်ပျက်နေခဲ့သည်။ 
ပံ့ပိုးမှုများကောင်းသော် လည်း မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲကြီး ကျင်းပ လာသည် မှာ ခြောက်နှစ်ရှိလာချိန် တွင် လက်ရွေးစင် အသင်းများမှာ နိုင်ငံတကာအဆင့်ပြိုင်ပွဲများတွင် အောင်မြင်မှုမရ၍ ပရိသတ်များ စိတ်ပျက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ၂၀၁၄ သြဂုတ်လတွင် မြန်မာယူ−၁၉အသင်းသည် ဘရူနိုင်းဘုရင့် ဖလားဖိတ်ခေါ်ပြိုင်ပွဲ ခြေစွမ်းပြဗိုလ်စွဲခဲ့ပြီး စက်တင်ဘာလဆန်းတွင် လက်ရွေးစင်ဘောလုံးအသင်းမှာ ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားရယူနိုင်ခဲ့ပြန်၍ပရိသတ်များအားပေးမှုနှင့် မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာ ခဲ့သည်။ ယခုအခါ ဆူဇူကီးဖလားနှင့် အာဆီယံယူ−၁၉၊ အာရှယူ−၁၉ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရန် ပရိသတ်များက မျှော်လင့်နေပြီဖြစ်သည်။ ယခုရက်ပိုင်းအတွင်း အောင်ပွဲများ ဆက်လက် ရရှိနေသော မြန် မာဘောလုံးနှင့် ပတ်သက်၍ ပရိသတ်များ၏ အသံများကို စုစည်းဖော်ပြလိုက်ပါသည်။

ကိုကျော်ဇင်သက်
(Myanmar Football Fanclub)
မြန်မာ့လက်ရွေးစင်အသင်းရော၊ U-19 အသင်းရော အောင်ပွဲရ လာတဲ့အပေါ်မှာ အတိုင်းထက်အလွန်ကို  ၀မ်းသာတာပေါ့။ ဒါတွေက MNL ရဲ့ အကျိုးအမြတ်တွေ ပြန်ရရှိလာပြီလို့ပြောနိုင်တယ်။ လာမယ့် ဆူဇူကီး ဖလားမှာလည်း အလားတူအောင်မြင်မှုတွေ ပြန်ရလာမယ်လို့ မျှော်လင့်ထားပါတယ်။

မြန်မာ့ဘောလုံးတစ်ခေတ်ပြန်လာတော့မလား၊ မလာဘူးလား ဆိုတာတော့ အပြတ်တော့ မပြောနိုင်သေး ဘူး။ ဒါပေမဲ့ ဆီးဂိမ်းတုန်းက မြန် မာ့လက်ရွေးစင်အသင်းကြီးကျဆုံးခဲ့တာတွေ ကို ပြန်လည်ချေဖျက်နိုင်ခဲ့ပြီ လို့တော့ ထင်တယ်။ အခုနိုင်တဲ့ ၂ ပွဲလုံးကိုလည်း ကံကောင်းလို့ နိုင် ခဲ့တာလို့ မထင်ဘူး။ တကယ် ကြိုးစားပြီး ကစားနိုင်ခဲ့လို့ နိုင်ခဲ့တယ်ဆို တာ ဘောလုံးပွဲကြည့်တတ်တဲ့သူတိုင်း သိပါ တယ်။ မြန်မာ့ လက်ရွေးစင် အသင်းမှာ မတွေ့ရတာကြာပြီဖြစ်တဲ့ နိုင်လိုစိတ်ရော၊ နိုင်ငံအတွက် တကယ်ကစားပေးချင်တဲ့ စိတ်ရော ပြန်မြင်ခဲ့ရတာလို့ ပြောလို့လည်း ရတယ်။

အဓိကအားနည်းချက်က တချို့ပွဲတွေမှာ တစ်ကိုယ်ကောင်းဆန် ကြတာပါပဲ။ အားသာချက်ကတော့ စိတ် ဓာတ်ပိုင်းဆိုင်ရာမှာ အမြင့်ဆုံး ရောက်ပြီး စည်းလုံးမှုရှိနေတယ်လို့မြင်တယ်။

MNL ပြိုင်ပွဲတွေကို တိုးတက်အောင် အဆင့်မြှင့်ပေးတာတင်မကဘဲ ဘောလုံးသမားမျိုးဆက် မပြတ် သွားအောင် ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် ဘောလုံးပွဲတွေကို စဉ်ဆက်မပြတ်ကျင်းပပေး ဖို့ နိုင်ငံတော် ကိုရော၊ ဘောလုံးအဖွဲ့ချုပ်ကိုပါ အကြံပြုချင်ပါတယ်။

စိုင်းဟန်
(ရွှေပြည်သာမြို့နယ်)
နှစ်ပွဲဆက်တိုက်ဖလားရတော့ ပျော်တာပေါ့။ အခုလည်း ဆက် ပြိုင်ရဦးမှာဆိုတော့ မျှော်လင့်ရတာပေါ့။ ကံကောင်းလို့ရတာတော့ မဟုတ်ပါဘူး။ ကြိုးစားလို့လည်းပါတယ်။ သူတို့ကို အရင်လိုအားလျော့တဲ့ ပုံမတွေ့ရဘဲ နိုင်ကို နိုင်ရမယ်စိတ်နဲ့ ကန်တာတွေ့ရတယ်။ ပံ့ပိုးမှုပိုင်း အားနည်းတာတွေ့ရတယ်။ အများ ကြီးတော့ လေ့ကျင့်ဖို့လိုသေးတယ်။ အားသာချက်ကတော့ ဇွဲရှိတာတွေ့ရတယ်။ အများကြီးပြင်ဆင်ဖို့က နည်းပညာပိုင်းတော်တော်များများလိုသေးတယ်လို့မြင်တယ်။ ကျွန်တော် သိပ်တော့ မပြောတတ်ဘူး။ ကြိုးစား မှု ဒီထက်ရှိဖို့လိုအပ်တယ်ထင် တယ်။ ဒါမှ ကမ္ဘာ့ဖလားပွဲတွေ ၀င်ပြိုင်နိုင်မှာ။

ဦးလှိုင်မြင့်ဦး
(Creator Instruction Group၊ မန္တလေးမြို့)
ကိုယ့်နိုင်ငံအသင်းအောင်မြင်မှုရတယ်ဆိုတော့ ဘာပဲပြောပြော ၀မ်းသာရတာပေါ့။ နိုင်ငံအတွက်လည်း ရစေချင်တာပေါ့။ ဒါပေမဲ့ ဒီလောက်ကအောင်မြင်တာက ဘာမှမဟုတ်သေးဘူးလို့မြင်တယ်။ တ ခြားနိုင်ငံက လူတွေနဲ့ယှဉ်ရင် ခွန်အားချင်းမမျှဘဲ အာဟာရမပြည့်တဲ့ပုံ လေးတွေနဲ့ ယှဉ်ကစားနေတာတွေကို မြင်ရတော့ စိတ်တောင် မကောင်း ဖြစ်ရသေးတယ်။ အခုအောင်မြင်ပေမယ့် ခဏတစ်ဖြုတ်အောင်မြင်မှုရ လိုက်၊ ပြန်ပြီး ကျရှုံး လိုက်ဖြစ်မသွားဖို့တော့ လိုတာပေါ့။ အခုရတာတွေကို ကံကောင်းလို့ ရတာလို့ပဲ ထင်တယ်။ ရေ ရှည်အောင်မြင်နိုင် ဖို့ ဆိုတာ အများကြီးလိုပါသေးတယ်။ ဘောလုံး အားကစားမှာ ရေရှည်အောင်မြင် ဖို့ဆိုတာ နိုင်ငံရဲ့ အခြေခံစီးပွားရေး၊ လူမှုရေးတွေ အားလုံးတိုးတက်မှ ဖြစ်တာ။

မြန်မာအသင်းရဲ့ အဓိကအားနည်းချက်က စုစည်းလေ့ကျင့်မှုအားနည်းတာရယ်၊ ဘောလုံး အခြေခံ အားနည်း တာရယ်လို့ မြင်တယ်။ အား သာချက်တွေကတော့ နိုင်လိုစိတ်တွေ ပြင်းလာတာပါပဲ။ အသင်းခေါင်း ဆောင်နဲ့ နည်းပြတွေရဲ့ အောင်မြင်လိုမှုတွေက တခြားကစားသမားတွေ ကို ဆွဲခေါ်နိုင်တယ် လို့မြင်တယ်။

ဟိုတုန်းကလုပ်သလို အရပ်အလိုက်၊ အသက်အရွယ်အလိုက် ဘောလုံးပြိုင်ပွဲတွေ လုပ်ပြီး စဉ်ဆက်မပြတ်ဘောလုံးသမားတွေ ထုတ် လုပ်ပေးဖို့၊ ပြီးရင် ကစားသမားရွေးချယ်တဲ့အခါမှာ မျက်နှာကြီးငယ် မလိုက်ဘဲ တကယ့်မီးခဲပြာဖုံးကစားသမားတွေကို ရွေးထုတ်နိုင်ဖို့ အကြံ ပြုချင်ပါတယ်။

ကိုဇော်ဇော်
(ဘောလုံးဝါသနာရှင်၊ ထန်းတောရပ်ကွက်၊ မုံရွာမြို့)

အရင်ကတည်းက ကိုယ့်မြန်မာကိုယ်နိုင်လိမ့်မယ်လို့ မျှော်လင့် ချက်တွေနဲ့ အားပေးခဲ့တယ်။ ဒါပေမဲ့ နိုင်ပွဲမရတာများတော့ စိတ် ပျက်မိတယ်။ ဒီနှစ်ယူ-၁၉ ရော၊ မြန်မာ့လက်ရွေးစင်အသင်းရော ဆု ဖလားတွေနဲ့ အနိုင်ရတော့ အာရှဘောလုံးလောကမှာ အောင်မြင်မှုတွေ နဲ့ ဆက်လက်ရပ်တည်မယ်လို့ မျှော်လင့်ပါတယ်။ ဘောလုံးကစားသမား တွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် အောင်မြင်မှုတွေရတယ်လို့ထင်ပါ တယ်။ ကွင်းလယ်ကစားသမားကောင်းတစ်ယောက်တော့လိုအပ်တယ်။ ဒီထက်အောင်မြင်မှုတွေရအောင် အားကစားသမားတိုင်း ကြိုးစားအားထုတ်ဖို့လိုသလို စိတ်ဓာတ်မကျဖို့လည်း လိုပါတယ်။

အလင်းဖြူ
အားကစားကလောင်ရှင်

အရမ်းဝမ်းသာပါတယ်။ တစ်နှစ်အတွင်းမှာ လက်ရွေးစင်အသင်း အနေနဲ့ ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားမှာ ဗိုလ်စွဲပြီး ဘရူနိုင်းဘုရင့်ဖလား ပြိုင်ပွဲမှာ ယူ-၁၉ အသင်းချန်ပီယံဖြစ်တာ မှတ်မှတ်ရရဖြစ်စရာပါ။

မြန်မာဘောလုံးခေတ်တစ်ခေတ်ပြန်ရောက်ပြီလို့ ပြောဖို့တော့ စောပါသေးတယ်။ အဲဒီလိုပြောလို့တော့ မရသေးဘူးထင်ပါတယ်။ အခုချန်ပီယံ ဖြစ်ခဲ့တာတွေက ဖိတ်ခေါ်ပြိုင်ပွဲတွေမှာဖြစ်ပြီး တကယ့်ပြိုင်ပွဲတွေမှာ မဟုတ်သေးပါဘူး။

ဖိလစ်ပိုင်ငြိမ်းချမ်းရေးပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းမှာ နောက်တန်းအားနည်းမှုရှိသေးတယ်လို့ မြင်ပါ တယ်။ အားသာချက်က တော့ လက်ရွေးစင်အသင်းမှာ မတွေ့ရတာကြာပြီဖြစ်တဲ့ နိုင်လိုစိတ်ပြင်း ထန်မှုကို ပြန်တွေ့ရတာပဲ။ ဒီစိတ်ဓာတ်ကို ထိန်းထားဖို့လိုအပ်မယ်လို့ ထင်ပါတယ်။

အာရှမှာ တစ်ခေတ်ပြန်ထူထောင်ဖို့ ဆိုတာထက် အာဆီယံအဆင့် မှာ အောင်မြင်ဖို့ အရင်ပြုလုပ်ရမှာပါ။ ဒီဖိတ်ခေါ်ပြိုင်ပွဲမှာ ဗိုလ်စွဲပေ မယ့် လာမယ့် ဆူဇူကီးခြေစစ်ပွဲမှာ အောင်မြင်မယ်လို့ ပြောလို့မရသေး ပါဘူး။ အာဆီယံဒေသတွင်းအသင်းတွေနဲ့ ဘယ်လို့ယှဉ်မလဲဆိုတာကို တာဝန်ရှိသူတွေအားလုံးအဖြေရှာပြီး တစ်ဆင့်ချင်းသွားဖို့ လိုအပ်မှာပါ။

ဦးဆန်းဝင်း
(ဧရာဝတီအသင်းနည်းပြချုပ်)

လက်ရွေးစင်ကစားသမားရော၊ လက်ရွေးစင်နည်းပြရောလုပ်ဖူးတဲ့ ကျွန်တော့်အနေနဲ့ ခံစားချက်ပိုရှိ ပါ တယ်။ ပြောမပြတတ်အောင် ဝမ်းသာ ပါတယ်။ ယူ-၁၉ အသင်းနဲ့ လက်ရွေးစင် အသင်းပြိုင် ပွဲနှစ်ရပ် မှာ အောင် မြင်လာတာ လာမယ့်အနာဂတ်မှာ ပိုအောင်မြင်ဖို့ လမ်းစဖြစ်တယ်လို့ မြင်ပါတယ်။ ဒီထက် ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။

အားနည်းချက်၊ အားသာချက်ကတော့ ကစားသမားတွေအနေနဲ့ တစ်ဦးချင်းပိုကြိုးစားဖို့လိုမယ်။ အသင်း လိုက်နိုင်ချင်စိတ်တွေများလာတာ တိုးတက်လာတယ်။ ဒီထက်ပိုကြိုးစားရင် ပိုကောင်းလာမှာသေချာ ပါတယ်။

ယူ-၁၉ အသင်းအနေနဲ့ အိမ်ရှင်ပြုလုပ်မယ့် အာရှအဆင့်ပြိုင်ပွဲမှာ အောင်မြင်ဖို့နဲ့ လက်ရွေးစင်အသင်း အနေနဲ့ ဆူဇူကီးဖလားပြိုင်ပွဲမှာ အောင်မြင်ဖို့အတွက် အခုရထားတဲ့ ချန်ပီယံဆုတွေက တွန်းအားတွေဖြစ် ပြီး လမ်းကြောင်းပွင့်လာပြီလို့ ဆိုနိုင်ပါတယ်။

မြန်မာဘောလုံးအသင်းတွေ အာရှမှာတစ်ခေတ်ပြန်ထူထောင်နိုင် ဖို့အတွက်ကတော့ အချိန်ပေးရဦးမှာပါ။ လက်ရှိယူ-၁၉ လို သက်တမ်း အလိုက်လူငယ်အသင်းကောင်းတွေ များများရှိဖို့ လိုအပ်မှာ ပါ။ မြန်မာ့ ဘော လုံးတိုးတက်ရေးအတွက် ကျွန်တော်တို့အနေနဲ့လည်း တတ်နိုင် သမျှ အကောင်းဆုံးကူညီဆောင် ရွက်သွားမှာပါ။

ဂျွန်ဖိုးခွား
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်။

ကျွန်တော်ကတော့ မြန်မာအသင်းဗိုလ်စွဲတော့ ကျေနပ်ပါတယ်။ ဒီအချိန်မှာ တခြားဘောလုံး အသင်းတွေ ကို မြန်မာအသင်းက သတိပေး လိုက်သလိုပါပဲ။ အရင်မြန်မာအသင်းမဟုတ်တော့ဘူး။ အားလုံးသတိ ထားကြပါ။ မြန်မာတစ်ခေတ်ပြန်လာတော့မယ်ဆိုတဲ့ သဘောမျိုးပေါ့။ ကျွန်တော်ကတော့ သက်တမ်း အလိုက်အသင်းတွေက အစအကုန်အား ပေးပါတယ်။ အခုပွဲမှာ ဖလားရတာကလည်း ကံကောင်းလို့ရတာ မဟုတ် ပါဘူး။ ဖိလစ်ပိုင်နဲ့ဆို ကစားပုံရော၊ လူကောင်ရောကွာတယ်။ ဒါပေမဲ့ မြန်မာအသင်းက အခွင့် အရေးတွေကို အပိုင်အသုံးချနိုင်ခဲ့လို့ ဖလားရတာပါ။ အခုနောက်ပိုင်း မြန်မာအသင်းက တည် ကန်ဘောတွေ ကနေလည်းဂိုးရအောင် ကြိုးစားလာတာ တွေ့ရပါတယ်။ နောက်ပြီး အခုနည်းပြ သစ်နဲ့ ကစားသမားတွေနဲ့ အဆက်အစပ်မိတယ်လို့ထင်ပါတယ်။

ဒါပေမဲ့ မြန်မာအသင်းအားနည်းတာက ကျွန်တော်စိုးရိမ်မိတာက အရေးကြီးတဲ့ပွဲတွေမှာ စိတ်မထိန်းနိုင်ဘဲ အမှားများတာပါပဲ။ ပွဲတွေက အရေးကြီးရင် ဖိအားဒဏ်မခံနိုင်ကြဘူးဖြစ်တတ်တယ်။ အခုတော့ စည်း ကမ်းပိုင်းရော၊ စိတ်ဓာတ်ပိုင်းရော ကောင်းလာတယ်လို့ထင်တယ်။ တစ် ဦးချင်းရော၊ အသင်းလိုက်ရော ပိုကောင်းလာတယ်။ ပိုစည်းလုံးပြီး ပိုကြိုးစားလာတယ်ထင်တယ်။ မြန်မာဘောလုံးအသင်း ဒီထက်မက တဲ့ အောင်မြင် မှုတွေ လိုချင်ရင်တော့ လူငယ်ဘောလုံးသမားတွေကို အဆင် မပြတ်မွေးထုတ်ဖို့ လိုပါတယ်။ လူကြီးတွေက လူငယ်အသင်းတွေမှာ ၀င်ကန်တယ်။ သက်တမ်းအလိုက် လူငယ်တွေကို စနစ်တကျမွေး ထုတ် ပေးနိုင်ဖို့ မြန်မာဘောလုံးအသင်း ဒီထက်ပိုပြီး အောင်မြင်လာမယ်လို့ ထင်ပါတယ်။

ကိုလျှမ်းလျှမ်းအောင်
(အစိုးရဝန်ထမ်း) အင်းစိန်မြို့နယ်

မြန်မာဘောလုံးလောကက တိုးတက်လာတာပေါ့။ ဘာကြောင့်လဲ ဆိုတော့ MNL ကြောင့်နေမယ်။ ပရော်ဖက်ရှင်နယ်ကစားသမားတွေ လည်းပေါ်လာတာ။ မြန်မာဘောလုံးအသင်း တစ်ခေတ်ပြန်ထလာပြီ လို့ မြင်ပါတယ်။ အရင်က အဲဒီလိုမှမရှိခဲ့ဖူးတာ။

ဒါပေမဲ့ နည်းနည်းတော့အချိန်ယူရဦးမှာပေါ့။ အခုမှပြန်အသက်ဝင် ကာစရှိသေးတယ်။ မြန်မာအသင်းရဲ့ အား နည်းချက်က နိုင်ရင်ကစား အားလျှော့သွားတာပဲလေ။ အဲဒါပွဲတိုင်းပဲ ပြိုင်ဘက်ကိုအထင်သေးတဲ့ သဘောကိုတွေ့ရတယ်။ ဖိလစ်ပိုင်နဲ့ နေ့ကလည်းနိုင်နေရာကနေရှုံးမလို ပြန်ဖြစ်သေးတယ်လေ။

မြန်မာဘောလုံးအသင်း အာရှမှာ နေရာတစ်ခုပြန်ရဖို့အတွက် အကုန်ပြင်ရမှာပေါ့။ အစားအသောက်ကအစ ကစားပုံကစားကွက်ဗျူ ဟာတွေ အဆုံးပြင်ရမှာပေါ့။ အခုတောင်မှ တော်တော်အဆင်ပြေနေပါ ပြီ။ MNL ပေါ် လာပြီးကတည်းက အကုန်စနစ်တကျဖြစ်လာပြီ။ ဒီအတိုင်း ဆက်သွားရင်ဖြစ်လာနိုင်ပါတယ်။

ကိုလှသိန်းအောင်
(ပရဟိတကိုယ်ပိုင်နည်းပြဆရာ)မကွေးတိုင်းဒေသကြီး

အခုလို ဖလားတွေပြန်ရတော့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အတိုင်းမသိပျော်မိတာပေါ့ဗျာ။ ထတောင်ကတာဗျ။ ပြီးခဲ့တဲ့ SEA GAME တုန်းက ဘောလုံးနဲ့ပတ်သက်ပြီးရခဲ့တဲ့ ဒဏ်ရာလေး အတွက် ဖြေသာတဲ့ရလဒ်ပါပဲ။

မြန်မာဘောလုံးလောက တစ်ခေတ်ပြန်လာတော့မယ်လို့ မျှော်လင့် ပါတယ်။ သွေးသစ်လူငယ်တွေအတွက် အတုယူအားကျစရာအောင် မြင်မှုပဲလေ။ မြန်မာအသင်းရဲ့ အားသာချက်ကတော့ စိတ် ဓာတ်လေးတွေ အရင်ကထက် ကောင်းလာတယ်။ နောက်ဆုံးအချိန်အထိ ဖောင်ဖျက်တိုက်ပွဲ ဝင်သွားတာက သက်သေ ပဲလေ။ နောက်ပြီး နည်းစနစ်နဲ့ ကြံ့ခိုင်မှုက လည်း အရင်ကထက် ကောင်းမွန်တိုးတက်လာတယ်လို့ ထင်မိ ပါတယ်။

အားနည်းချက်ကတော့ အရပ်အမောင်းပါပဲ။ ပြည်တွင်းလိဂ်တွေနဲ့ တိုင်းနဲ့ပြည်နယ်ပွဲတွေကနေ တကယ်တော်တဲ့ သူတွေကို တကယ်ရွေး ပြီး ပြည်ပဖိတ်ခေါ်ပွဲတွေမှန်သမျှကို ဝင်ပြိုင်ပြီး အတွေ့အကြုံ များများ ရအောင်လုပ်သင့်ပါတယ်။ ပြီးတော့ ပံ့ပိုးမှုအပိုင်းများများလုပ်ပေးပါ လို့ ပြောချင်ပါတယ်။

လပြည့်
နည်းပညာတက္ကသိုလ်(ဒုတိယနှစ်) (မြောက်ဥက္ကလာပမြို့နယ်)

ပျော်ပါတယ်၊ မြန်မာအသင်းဖလားရတာ အခုမှ မြင်ဖူးလို့ပါ။ ဆီး ဂိမ်းတို့၊ အာရှအဆင့်ပြိုင်ပွဲတွေမှာသာ ရလဒ်တွေ ကောင်းမယ်ဆိုရင် ဒီထက်ပျော်မိမှာပါ။ ယူ-၁၉ ကိုတော့ အားရပါတယ်။ လက်ရွေးစင် အသင်း ကတော့ ဖလားရတာ ကံကြောင့်လည်း ပါမယ်ထင်တယ်။ ဘာ ပဲဖြစ်ဖြစ် အရင်ကထက်စာရင်တော့ တိုးတက်လာပါတယ်။ အားနည်း ချက်ကတော့ အားကစားစိတ်ဓာတ်နည်းနည်းလိုသေးတယ်ထင်တယ်။ အရပ်အမောင်းလည်း အားနည်းချက်တစ်ခုပါပဲ။  အားသာချက်ကတော့  ကျွန်တော်မပြော တတ်ဘူး။ မြန် မာဘောလုံးရွှေခေတ်ပြန်ထူထောင်နိုင်ဖို့ ကျွန်တော်မျှော်လင့်တာကတော့ အရင်ကလို တိုင်းနဲ့ ပြည် နယ် ဘော လုံး ပွဲတွေ ပြန်ကျင်းပစေချင်ပါတယ်။ ဘောလုံးသမားတွေကိုလည်း ဒီထက် ပိုပံ့ပိုးပေးစေ ချင်ပါတယ်။

ကိုအောင်ကိုကိုထွန်း
(INGO ဝန်ထမ်း)

ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားမှာ လက်ရွေးစင်အသင်းဗိုလ်စွဲတာ ရော၊ ဘရူနိုင်းဘုရင့်ဖလားမှာ ယူ-၁၉ အသင်း ချန်ပီယံဖြစ်တာရော အတွက် မြန်မာပရိသတ်တစ်ဦးအနေနဲ့ ကျေနပ်ဂုဏ်ယူပါတယ်။

မြန်မာ့ဘောလုံးတစ်ခေတ်ပြန်လာတော့မလားဆိုတာကတော့ အဘက်ဘက်က ပံ့ပိုးမှုနဲ့ ကြိုးစားနေကြတာ ဆိုတော့ တစ်ခေတ်ဖြစ်လာမယ်လို့ ထင်ပါတယ်။ လက်ရွေးစင်အသင်းမှာ အားသာချက်ကတော့ စုဖွဲ့ မှု ကောင်း တယ်။ လက်ရှိနည်းပြအေဗရာမိုဗစ်လည်းတော်တယ်လို့ ပြောရပါမယ်။ အချိန်တိုတိုအတွင်းနဲ့ အသင်းကိုစုစည်းနိုင်ပါတယ်။ အားနည်း ချက်ကတော့ လက်ရွေးစင်အသင်းစုစည်းလေ့ကျင့်ချိန် နည်းတယ်လို့ မြင်ပါတယ်။ စုစည်းလေ့ကျင့်မှုကို အချိန်ပိုယူသင့်ပါတယ်။

မြန်မာဘောလုံးအသင်းတွေ အာရှမှာတစ်ခေတ်ပြန်ထူထောင်နိုင်ဖို့ဆိုရင် လူငယ်စီမံကိန်းတွေ များများ လုပ်ဆောင် သင့်တယ်လို့ ထင်ပါ တယ်။ ဒါမှ မျိုးဆက်မပြတ်ဘဲ ကစားသမားကောင်းတွေပေါ်ထွက်လာ မှာပါ။ ကြားထဲမှာ ကျွန်တော်တို့တွေ ကျန်ခဲ့တာကလည်း မျိုးဆက်ပြတ် ခဲ့တာကြောင့်ပါ။

7Day DAILY

1 comment: