Friday 15 August 2014

ဂျွန်ကယ်ရီက မြန်မာနိုင်ငံအပါအ၀င် အာရှနိုင်ငံများ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဖိအားပေး ဝေဖန်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ဩဂုတ် ၁၄ ရက်တွင် တရုတ် နှင့် မြန်မာနိုင်ငံအပါအဝင် အခြားအာရှနိုင်ငံများအား ဒေသအတွင်း၌ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိုမြှင့်တင်ရန် တောင်းဆိုခဲ့ပြီး ယင်းသည် အမေရိက၏ ထိပ်တန်းအကြောင်း အရာဖြစ်ကြောင်း ပြောကြားခဲ့သည်။

 “အမေရိကန်ဟာလည်း အာရှ-ပစိဖိတ်ဒေသက နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒီဒေသတွင်းမှာ ကျွန်တော်တို့ရဲ့ အမာခံအကျိုးစီးပွားတွေကို အလွန်အလေးအနက်ထားပါတယ်။ အမေရိကရဲ့ လုံခြုံရေးနဲ့ ကောင်းကျိုး ချမ်းသာဟာ အာရှ-ပစိဖိတ်ဒေသနဲ့ အနီးကပ် အကြီးအကျယ် ဆက်နွှယ်နေပါတယ်” ဟု ဂျွန်ကယ်ရီက ဟိုနိုလူလူရှိ အိစ်ဝက်စ်စင်တာတွင် ပြောကြားခဲ့သည်။

အမေရိကန်အစိုးရ၏ အာရှ၌ ချိန်ခွင်လျှာညှိရေးအစီအစဉ် တစ်စိတ်တစ်ဒေသအဖြစ် ဂျွန်ကယ်ရီသည် အာဖဂန်နစ္စတန်၊ ဩစတြေးလျ၊ မြန်မာနှင့် ဆော်လမွန်ကျွန်းစုသို့ သွားရောက်ခဲ့ပြီးနောက် ဟာဝိုင်အီတွင် ခရီးတစ်ထောက်ရပ်နားစဉ် ယခုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမေရိကန်အစိုးရသည် အာရှတိုက်၌ အဓိကအကြောင်းအရာလေးရပ်ကို အာရုံပြု ထားရာ ယင်းတို့မှာ စီးပွားရေးဖွံ့ဖြိုးမှု၊ စွမ်းအင်တော်လှန်ရေးနှင့် ရာသီဥတုပြောင်းလဲမှု၊ ဒေသတွင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက် မှု နှင့် အရပ်ဘက်ဆိုင်ရာပူးပေါင်းပါဝင်မှု တိုးတက်ရေးတို့ ဖြစ်သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စနှင့် ပတ်သက်၍ အာရှဒေသတွင် တိုးတက်လာသောနေရာများ ရှိကြောင်း အသိအမှတ်ပြုသော်လည်း စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ထိုင်းနိုင်ငံကဲ့သို့သော နေရာများ တွင် နောက်ပြန်ဆုတ်သွားကြောင်းလည်း ဂျွန်ကယ်ရီက ထောက်ပြခဲ့သည်။

“နီးကပ်တဲ့မိတ်ဆွေနဲ့ မဟာမိတ်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ထိုင်းမှာ ဒီမိုကရေစီနောက် ပြန်ဆုတ်သွားတဲ့အတွက် ကျွန်တော်တို့ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒါဟာ လမ်းကြောင်းပေါ်က ယာယီအတားအဆီးတစ်ရပ် လို့ပဲ မျှော်လင့်မိပါတယ်” ဟု ကယ်ရီက ပြော ကြားခဲ့သည်။

အရှေ့တောင်အာရှ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် လွန်ခဲ့သည့်သီတင်းပတ်အကုန်က သွားရောက် ခဲ့သော မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဂျွန်ကယ်ရီက သူသည် မြန်မာနိုင်ငံအနေဖြင့် ပြည့်ဝသောဒီမိုကရေစီ စနစ်သို့ သွားရန် ခရီးအဝေးကြီးကျန်နေသေးသည်ကို သတိပြုမိကြောင်း ပြောကြားခဲ့သည်။

ဂျွန်ကယ်ရီသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအောင်မြင်ရန်အတွက် ရှေ့ဆက်လုပ်ဆောင် ရန် လုပ်ငန်းပေါင်းများစွာ ကျန်နေသေးကြောင်းနှင့် မြန်မာအစိုးရအပေါ် မျက်ကန်းယုံကြည်မှုမျိုးထားရှိကာ ဆက်ဆံနေခြင်းမဟုတ်ကြောင်း ဩဂုတ် ၁ဝ ရက်က နေပြည်တော်တွင် ကျင်းပသော သတင်းစာ ရှင်းလင်း ပွဲ၌ လည်း ပြောကြား ခဲ့သေးကြောင်း သိရသည်။         

Eleven Media Group 

No comments:

Post a Comment