Friday 15 August 2014

လူအများ စိတ်ဝင်တစားစောင့်ကြည့်နေသည့် ဓမ္မစေတီခေါင်းလောင်းကြီးအား ခြောက်ရက်ကြာသည်အထိ ရေငုပ်ရှာဖွေနေဆဲဖြစ်

ဓမ္မစေတီခေါင်းလောင်းရှိနိုင်သည်ဟု ယူဆရသည့် မြစ်ကြမ်းပြင်သို့ ရေငုပ်ရှာဖွေအပြီး ပြန်တက်လာသော ရေငုပ်သမားတစ်ဦးကို တွေ့ရစဉ်
တစ်နိုင်ငံလုံးရှိ လူအများစိတ်ဝင်စားနေသည့် ဓမ္မစေတီခေါင်းလောင်းကြီးကို ခြောက်ရက်ကြာသည်အထိ ရေငုပ်ရှာဖွေနေဆဲဖြစ်ပြီး ခေါင်းလောင်းကြီးနှင့် ပတ်သက်၍ ထူးခြားမှုမရှိသေးကြောင်း မွန်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့တာဝန်ရှိသူတစ်ဦးက ဩဂုတ် ၁၄ ရက်က ပြောကြားသည်။

ရေအောက်တွင် နစ်မြုပ်နေသည်မှာ နှစ်ပေါင်းလေးရာကျော် ကြာမြင့်နေသည့် ဓမ္မစေတီခေါင်းလောင်းအား ဩဂုတ် ၉ ရက်မှ စတင်ကာ ခေါင်းလောင်းရှိနိုင်သည်ဟုယူဆရသည့် မြစ်ကြမ်းပြင်တစ်ဝိုက်တွင် ရေငုပ်သမားများဖြင့် ရှာဖွေနေခြင်းဖြစ်ပြီး ဩဂုတ် ၁၄ ရက်အထိဆိုလျှင် ရှာဖွေမှုမှာ ခြောက်ရက်ကြာရှိပြီ ဖြစ်သည်။

မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဒုတိယဥက္ကဌ ဦးနိုင်မောင်းအောင်က“ကျွန်တော်တို့ ဒီနေ့ခေါင်းလောင်း ရှာဖွေမှုလုပ်နေတဲ့ သင်္ဘောပေါ်ကိုသွားပြီးကြည့်ဖြစ်တယ်။  အခြေအနေကတော့ ကောင်း 
ပါတယ်။ ဒါပေမဲ့ ခေါင်းလောင်းကြီးနဲ့ ပတ်သက်ပြီးတော့ တစ်စုံတစ်ရာ ထူးခြားမှုတော့မရှိသေးပါဘူး”ဟု ဩဂုတ် ၁၄ ရက် ညနေပိုင်းက ပြောကြားသည်။

ရေအောက်တွင် နစ်မြုပ်နေသည့် ဓမ္မစေတီခေါင်းလောင်းကြီးကို ရေငုပ်သမားများဖြင့် တစ်ရက်လျှင် နှစ်ကြိမ် ရေငုပ်ရှာဖွေနေကာ စိတ်ဝင်စားသူများကလည်း ရှာဖွေရာအနီးသို့ စက်လှေများဖြင့် လာရောက်ကြည့်ရှုနေသည်ကို တွေ့ရှိခဲ့ရသည်။

 
ခေါင်းလောင်းရှိနိုင်သည်ဟု ယူဆရသည့် မြစ်ကြမ်းပြင်သို့ ရေငုပ်ရှာဖွေရန် ပြင်ဆင်ဆောင်ရွတ်နေသည့် အဖွဲ့အားတွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

ယင်းသို့မြစ်ကြမ်းပြင်အောက်သို့ ရေငုပ်ရှာဖွေရာ၌ ဓမ္မစေတီခေါင်းလောင်းပေါ်ရှိ သင်္ဘောပျက်တွေ့ရှိပြီ ဆိုသည့် သတင်းမှာ မဟုတ်မှန်ဘဲ မြစ်ကြမ်းပြင်အောက်၌ သင်္ဘောပျက်များ၊ သမ္ဗန်ပျက်များကို တွေ့ရှိခြင်း ဖြစ်ကြောင်း ခေါင်းလောင်းရှာဖွေရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။

“ဒီနေ့မနက်ပိုင်းကတော့ ရေငုပ်သမားတွေက တစ်ခေါက်ရေငုပ်ရှာဖွေပြီးပါပြီ။ ထပ်ပြီးတော့ ရေငုပ်ရှာဖွေ မှုတွေ လုပ်သွားမှာပါ လောလောဆယ်တော့ မထူးသေးပါဘူး” ဟု ခေါင်းလောင်းရှာဖွေရေးအဖွဲ့ဝင် ဦးဝင်းမြင့် က ဩဂုတ် ၁၄ ရက်တွင် ပြောကြားသည်။

ဓမ္မစေတီခေါင်းလောင်းကြီးကို ၁၆ဝ၈ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ငဇင်ကာက အမြောက်သွန်းလုပ်ရန်အတွက် ရွှေတိဂုံဘုရားပေါ်မှ သယ်ဆောင်သွားစဉ် ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ငမိုးရိပ်ချောင်း (ယခုပုဇွန်တောင်ချောင်း) သုံးခွဆုံရာနေရာ၌ နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

ဓမ္မစေတီခေါင်းလောင်းကြီးမှာ အလေးချိန် ပိဿာ ၁၈ဝဝဝဝ၊ တန်ချိန် ၂၉ဝ ကျော်ရှိပြီး ခရစ်နှစ် ၁၄၈၅ ခုနှစ်က မွန်ရှင်ဘုရင်ဓမ္မစေတီမင်းက သွန်းလုပ်ခဲ့ကာ ရွှေတိဂုံစေတီ အရှေ့မြောက်ထောင့်၌ ၁၂၃ နှစ်တိုင် တိုင်တည်ထားကိုးကွယ်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ သိရှိရပြီး အလေးချိန်နှင့် ပတ်သက်၍ လေ့လာသူပညာရှင်များအကြား ကွဲလွဲမှုများရှိနေသည်။

Eleven Media Group 

No comments:

Post a Comment