Tuesday 5 August 2014

ထပ်မံဆောက် လုပ်မည့် (၁၂) ထပ်ကျော် အဆောက်အအုံများကို စည်ပင်မှ ရေပေးဝေမည် မဟုတ်

ရန်ကုန်မြို့တွင် ၂၀၁၄ ခုနှစ်၊ သြဂုတ်လမှစ၍ ထပ်မံ တင်ပြလာသည့် (၁၂) ထပ်ကျော် အထပ်မြင့် အဆောက်အအုံများကို ရေပေးဝေတော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန(ရေနှင့် သန့်ရှင်းရေး) မှ သိရသည်။ ယခုအခါ ရန်ကုန်တွင် တစ်နေ့ထက် တစ်နေ့ အထပ်မြင့် အဆောက်အအုံများပိုမို များပြားလာပြီး ရေပေးဝေရာတွင် အခက်အခဲများရှိ လာ၍ အထပ်မြင့်ဆောက်လုပ် သူများအနေဖြင့် မိမိ အစီအစဉ်ဖြင့်သာ ရေရရှိအောင် လုပ်ဆောင် ရမည်ဖြစ်ကြောင်း သိရသည်။ အရင်ကတည်းက ရေပေးတဲ့ အခါမှာ လုံလောက်မှုမရှိတာ။ ထပ်ပြီးဆောက်တဲ့ အထပ်မြင့်တွေကို ရေပေးရင် အရင်ရေပေးနေတဲ့ မြို့နယ်တွေ ရေမရ တာတွေ ဖြစ်လာနိုင်တဲ့ အတွက် ရေမပေးတော့တာပါ ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းရေး)မှ ဌာနမှူး က ပြော သည်။ ထို့ကြောင့် ထပ်မံဆောက်လုပ်ခွင့် တင်ပြလာသည့် အဆောက်အအုံများ အနေဖြင့် မိမိကိုယ်ပိုင် အ၀ီစီတွင်းတူးဖော် ဆောင်ရွက်ရန် လိုအပ်ပြီး၊ ယင်းကဲ့သို့ ဆောင်ရွက်မှသာ ရေလုံလောက်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ မြေအောက်ရေကို သုံးစွဲတဲ့အခါမှာ စည်းစနစ်တကျနဲ့ သေချာသုံးစွဲဖို့ လိုတယ်။ ဒီလိုမဟုတ်ရင် ရေဆွဲယူမှု မမျှတာတွေ၊ မြေကြီးအနေအထားတွေကြောင့်  ရန်ကုန်မြို့တစ်မြို့လုံး နိမ့်ကျသွားနိုင်တယ် ဟု အမျိုးသား အဆင့် ရေအရင်းအမြစ် ကော်မတီ၊ ကျွမ်းကျင်ပညာရှင်များအဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာ ဒေါ်ခင်နီနီသိန်း က သုံးသပ်ပြောသည်။
(၁၂)ထပ် အောက် အဆောက်အအုံများ ကိုမူ ဆက်လက် ရေပေးဝေသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ အထပ်မြင့်တွေ ဆောက်တဲ့ သူတွေအနေနဲ့တော့ ကိုယ်ပိုင် အ၀ီစိတွင်းတူး သင့်တယ်။ စည်ပင်ရေ ကျတော့ အမြင့်ထိ တွန်းပေးနိုင်ဖို့ကလည်း မလွယ်လောက်ဘူးလေ။ ဒီလိုမပေးရင်လည်း ထိခိုက်မှု သိပ်မရှိလောက်ပါဘူးဟု Three Friends Construction  မှ ဒါရိုက်တာ ဦးကိုကိုလေးက ဆိုသည်။ လက်ရှိရန်ကုန်မြို့တွင် တစ်နေ့လျှင်  ရေဂါလန်သန်း (၂၀၀) နီးပါးပေးဝေနေ သော်လည်း အဆိုပါ ပေးဝေမှုမှာ လိုအပ်ချက်၏ (၆၀) ရာခိုင်နှုန်း သာ ဖြန့်ဖြူးပေးနိုင်သေး၍ ရေလိုအပ်ချက်များရှိနေ သေးကြောင်း သိရသည်။ ထို့ကြောင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA  နှင့် ပူးပေါင်း၍ စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော် ဆောင် ရွက်နေသည့်အပြင် မြစ်ရေတင် စီမံကိန်းများလည်း လုပ်ဆောင်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။


No comments:

Post a Comment