Thursday 31 July 2014

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်းမရှိသော တရားခံပြေးတစ်သောင်းကျော်ကို သီးခြားစီမံချက်ဖြင့် ပြန်လည်ဖမ်းဆီးရန် ညွှန်ကြားထားပြီး တရားခံအား မဖမ်းဘဲ နားလည်မှုရယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို အရေးယူမည်

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်းမရှိသေးသော တရားခံပြေးတစ်သောင်းကျော်ကို သီးခြားအစီအမံများဖြင့် စီမံချက်တစ်ခုရေးဆွဲကာ လွတ်မြောက်နေသောတရားခံပြေးများအား ပြန်လည်ဖမ်းဆီးရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးများကို ညွှန်ကြားထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဇွန် ၃၀ ရက်တွင် စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ တရားခံပြေးတစ်သောင်းကျော်ကို ပြန်လည်ဖမ်းဆီးရန်ညွှန်ကြားထားသည့်စီမံချက်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးများက အနီးကပ်ဆောင်ရွက်ရန်၊ မိမိနယ်မြေအတွင်းရှိ တရားခံပြေးများကို ဖမ်းဆီးနိုင်မှုမရှိသေးချိန်တွင် အခြားမြို့နယ် နယ်မြေမှ ရဲတပ်ဖွဲ့ဝင်များက နယ်ကျော်ဖမ်းဆီးခွင့်ရှိပြီး တရားခံအားဖမ်းဆီးရမိပါက သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များအား အရေးယူရန် စသည့်အချက်အလက်များပါဝင်ကြောင်း သိရသည်။

"အခုရဲချုပ်ရုံးကနေ ပြည်နယ်နှင့် တိုင်းအသီးသီးမှာရှိတဲ့ ရဲတပ်ဖွဲ့မှူးတွေကို စီမံချက်တစ်ခုချမှတ်ပြီးတော့ တရားခံပြေးတွေကိုဖမ်းဆီးဖို့ တွန်းအားပေးဆောင်ရွက်နေတယ်။ တိုးတက်မှုဖြစ်စဉ်တွေနဲ့ အခြေအနေတွေကို ချက်ချင်းတင်ပြဖို့ ညွှန်ကြားထားတယ်။ တရားခံပြေးတစ်သောင်းကျော်ကို ဖမ်းမမိသေးဘူးဆိုတဲ့အခြေအနေမှာ အကြောင်းအရာတွေအမျိုးမျိုးရှိနိုင်တယ်။ တချို့တရားခံတွေကလည်း ဝေးလံတဲ့နယ်စပ်ဒေသတွေမှာ ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်နေတာတွေရှိနိုင်တယ်။ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တာဝန်ပေါ့ဆတာတွေ၊ တရားခံပြေးနဲ့ ရဲတပ်ဖွဲ့ဝင်တို့နားလည်မှုယူထားပြီး မဖမ်းဆီးတာတွေ၊ တရားခံပြေးရဲ့ဆွေမျိုးတွေ၊ ပတ်ဝန်းကျင်တွေကောင်းတဲ့အတွက် ရဲကသတင်းမရလို့ မဖမ်းဆီးနိုင်တာတွေ စတဲ့အကြောင်းအရာအချက်အလက်တွေ အများကြီးရှိနိုင်ပါတယ်။ ဒီလိုလွတ်မြောက်နေတဲ့တရားခံပြေးတွေကို အမြန်ဆုံးဖမ်းဆီးရမိဖို့ ဖိဖိစီးစီးဆောင်ရွက်နေပါတယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တရားခံလေးမျိုးရှိသည့်အနက် မိမိရဲစခန်းမှအလိုရှိသော ပြန်တမ်းဝင်တရားခံပြေး၊ အခြားရဲစခန်းများမှအလိုရှိသော ပြန်တမ်းဝင်တရားခံပြေး၊ မိမိရဲစခန်းမှအလိုရှိသော ပြန်တမ်းမ၀င် တရားခံပြေးနှင့် အခြားရဲစခန်းများမှအလိုရှိသော ပြန်တမ်းမ၀င်တရားခံပြေးဟူ၍ရှိကြောင်း၊ အဆိုပါလေးမျိုးတွင် ၁၉၈၆ ခုနှစ်မှ ၂၀၁၄ ခုနှစ် ဇွန်လကုန်ထိ ပြန်တမ်းဝင်တရားခံပြေး ၉၁၀ ယောက်၊ ပြန်တမ်းမ၀င်တရားခံပြေး ၁၂၄၉၄ ယောက် စုစုပေါင်း ၁၃၄၀၄ ဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ရဲမှူးကြီးအုန်းခိုင်က ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တာဝန်ပေါ့ဆတာတွေ၊ တရားခံပြေးနဲ့ ရဲတပ်ဖွဲ့ဝင်တို့နားလည်မှုယူထားပြီး မဖမ်းဆီးတာတွေ၊ တရားခံပြေးရဲ့ဆွေမျိုးတွေ၊ ပတ်ဝန်းကျင်တွေကောင်းတဲ့အတွက် ရဲကသတင်းမရလို့ မဖမ်းဆီးနိုင်တာတွေ စတဲ့အကြောင်းအရာအချက်အလက်တွေ အများကြီးရှိနိုင်ပါတယ်
ဆက်လက်၍ အမည်မဖော်လိုသူ ရဲအရာရှိက "တစ်ခြားမြို့နယ်က ရဲတပ်ဖွဲ့ဝင်တွေက အခြားမြို့နယ်မှာရှိနေတဲ့တရားခံပြေးကို ၀င်ရောက်ဖမ်းမိရင် ဒေသခံမြို့နယ်ရဲတပ်ဖွဲ့ဝင်တွေကိုအရေးယူသွားမယ်။ တရားခံပြေးနဲ့ နားလည်မှုယူပြီးတော့ မဖမ်းဘဲလွှတ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ရဲစည်းကမ်းဥပဒေအရ ထိရောက်စွာအရေးယူသွားမယ်" ဟုပြောကြားသည်။

ယခုနှစ်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရန် လုပ်ဆောင်မှုများရှိနေသော်လည်း ရန်ကုန်မြို့နှင့် အခြားမြို့များတွင် အများအားဖြင့် လုံခြုံရေးကိစ္စများ၊ ဆန္ဒပြမှုကိစ္စများနှင့်ပတ်သက်၍သာ အဓိကဖြေရှင်းလုပ်ဆောင်နေခြင်း၊ ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅(ခ)တို့နှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ခြင်းများကို လုပ်ဆောင်နေရသောကြောင့် အခြားရာဇ၀တ်မှုများနှင့် တရားဥပဒေစိုးမိုးမှုအတွက် လုပ်ဆောင်ရာတွင် လုပ်ငန်းလိုအပ်မှုတချို့ရှိနေကြောင်း ပြည်သူတချို့က သုံးသပ်မှုများရှိနေသည်။

ကျပ်သိန်း ၄၀၀ ၀န်းကျင်လိမ်လည်မှုဖြင့် တရားဆွဲပြီး တရားခံပြေးခဲ့မှုကြောင့် အဆိုပါတရားခံအား ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း ခုနစ်လအကြာအထိ ဖမ်းဆီးရမိခြင်းမရှိသေးမှုနှင့်ပတ်သက်၍ တရားလို သာကေတမြို့နယ်နေ ဒေါ်ခင်သန်းလှက "၂၀၁၁ ခုနှစ် ရှစ်လပိုင်းကစပြီးတော့ ကျောက်မဲမြို့နယ် အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်ဝင်းထဲမှာနေတဲ့ ဒေါ်သွယ်သွယ်မင်းစိုးနဲ့ စီးပွားရေးအကျိုးတူလုပ်ဖြစ်တယ်။ ၂၀၁၃ ခုနှစ် သုံးလပိုင်းမှာ သူက ကျွန်မရဲ့အမြတ်ငွေတွေကို မပေးတော့ဘူး။ ဒါနဲ့သူ့ကိုဆက်သွယ်ပြီးတော့မေးတဲ့အခါမှာ မန္တလေးမှာနေတဲ့ သင်းသင်းခိုင်ဆိုတဲ့အမျိုးသမီးက သူ့ကိုတစ်ဆင့် လိမ်သွားတယ်လို့ပြောတယ်။ ဒါနဲ့ကျွန်မက သူ့ကိုရာဇ၀တ်မှုနဲ့ရော တရားမမှုနဲ့ပါ ကျောက်မဲမြို့နယ်တရားရုံးမှာ တရားဆွဲတယ်။ ပြီးတော့ သူကထွက်ပြေးသွားလို့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှာ သူ့ကိုဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ တရားခံပြေးအနေနဲ့ ကျွန်မကို ဥပဒေကို လက်တစ်လုံးကြားလုပ်တယ်။ အခုအချိန်ထိလည်း ဖမ်းဆီးဖို့တာဝန်ရှိတဲ့ရဲတပ်ဖွဲ့ကလည်း မဖမ်းနိုင်သေးဘူး။ ကျွန်မအနေနဲ့ကတော့ မြန်မြန်ဆန်ဆန်ဖမ်းမိဖို့နဲ့ ဆုံးဖြတ်ချက်မှန်ကန်စွာနဲ့ အမိန့်ချပေးဖို့ပဲတောင်းဆိုပါတယ်။ တရားခံကို အမြန်ဆုံးဖမ်းမိဖို့ ကျွန်မအနေနဲ့ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူးရုံးကိုသွားပြီးတော့ အကူအညီသွားတောင်းတဲ့အခါမှာ တာဝန်ရှိတဲ့သူက သူတို့နဲ့မဆိုင်ဘူး မြို့နယ်ကစခန်းမှူးနဲ့ဘဲဆိုင်ပါတယ်လို့ တာဝန်မဲ့စွာပြန်လည်ပြောခဲ့တယ်" ဟု ဇူလိုင် ၃၀ ရက်တွင် ပြောကြားသည်။
ပြည်မြန်မာ

No comments:

Post a Comment