Friday 13 September 2013

သပွတ်အူကို မြင်အောင်ကြည့်စေလိုပါသည်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခက်ရပ်စဲရေး လက်မှတ်ထိုးပြီးမှ ထွက်ရှိလာသော တပ်မတော်၏ သဘောထား(၆)ချက်သည် မျှတမှုမရှိဘဲ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဟန့် အတားဖြစ်စေနိုင်ကြောင်း တိုင်းရင်းသားအဖွဲ့အစည်းများက ပြောဆိုနေသည်ဟု ဧရာဝတီ သတင်းစာ မျက်နှာတွင် ဖတ်ရှုလိုက်ရပါသည်။
တပ်မတော်၏ သဘောထား(၆)ချက်သည် ပြည်သူတွေကို မသတ်ရန်၊ အဓမ္မတပ်သားသစ် စုဆောင်းခြင်း မပြုရန်၊ ဆက်ကြေးမကောက်ရန်၊ နယ်မြေတိုးချဲ့တည်ဆောက်ခြင်းမပြုရန်၊ မဟာမိတ်တပ်ဖွဲ့များ အတွင်း သို့ အပစ် ရပ်ထားသောအဖွဲ့မှ တပ်သားများထည့်သွင်းတိုက်ခိုက်ခြင်းမပြုရန်၊ အစိုးရ အုပ်ချုပ်ရေး ပိုင်းတွင် ၀င်ရောက် စွက်ဖက် ခြင်းမပြုရန်နှင့် ပြည်သူ့စစ်တပ်ဖွဲ့များကို တိုက်ခိုက်ခြင်း မပြုရန် တို့ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ၎င်းအချက် တွေနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်စေတယ်လို့ ပြောနေရင် တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရရှိအောင် ယခုလို ပြောင်းလဲထုတ်ပြန်ပေးရမည့်သဘော ဖြစ်နေပါသည်။ တိုင်းရင်းသားလက်နက်ကိုင်ဒေသအသီးသီးရှိ ပြည်သူများအား လိုရင်လိုသလို၊ မလိုရင်မလိုသလို ပြည်သူ များအားသတ်ရန် ပြည်သူများထံမှ ဆက်ကြေးငွေကောက်ခံရန်၊ အစိုးရအုပ်ချုပ်ရေးပိုင်းအား ၀င်ရောက်စွက်ဖက်ရန် စသည်ဖြင့် ပြောင်းလဲပေး ရမလို ဖြစ်နေပေသည်။
အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာတစ်စုံတစ်ရာနားလည်မှု၊ ယုံကြည်မှုတွေလိုအပ်နေသည် ကို တွေ့ရသည်။ ယုံကြည်မှုတွေ၊ နားလည်မှုတွေတည်ဆောက်ဖို့အတွက် အစိုးရဘက်ကရော လက်နက်ကိုင်တွေ ဘက်ကပါ အကြိမ်ကြိမ်တွေ့ဆုံနေတာလည်း တွေ့ရပါတယ်။ ဒီလိုတွေ့ဆုံမှုကနေ ကောင်းမွန်တဲ့ အရိပ်အယောင် တွေပေါ်လာလိုက်ပျောက်သွားလိုက်နဲ့ ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့ရင်မောရပါတယ်။ နှစ်ဖက်စလုံးအပေးအယူ မျှစေချင်ပါတယ်။ ဒီနေရာမှာ တောင်းတဲ့လူကလည်း ပေးတဲ့လူပေးချင်လာအောင် တောင်းတတ်ဖို့လိုသလို ပေးနိုင်တဲ့ အတိုင်းအတာဖြစ်ဖို့လည်းလိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ မီဒီယာတွေမှာ ပြောသလို လူ့အခွင့်အရေးမချိုးဖောက်ဘူး၊ စစ်တပ်ကသာ ချိုးဖောက်တယ်ပြောဆိုနေတာတွေဟာ ယခုလိုပြောဆိုလိုက်သည့် စကားတွေကြောင့် ရေပေါ်မှာ အရုပ်ရေးသလို ဖြစ်သွားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ ရပ်တည်နေရတာ ပြည်သူ လူထုထံမှ ဆက်ကြေးငွေနဲ့ မူးယစ်ဆေးဝါးအပေါ်မှာသာ အဓိကရပ်တည်နေရတယ်ဆိုတာ တရားဝင် ထုတ်ဖော် မပြောဆိုတာပဲရှိမယ်။ ဒီအပေါ်မှာပဲ မှီခိုနေရတယ်ဆိုတာကို ပြောလာတာ တွေ့နေရ ပါပြီ။ လက်နက်ကိုင် တွေကြောင့် ပြည်သူတွေ ၀န်ထုပ်ဝန်ပိုးဖြစ်နေရသည့်အပြင် မူးယစ်ဆေးဝါး ဒဏ်ကိုလည်း ခံစားနေရပါတယ်။ ဒီလို ပြဿနာတွေကို ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့နည်းလမ်းကို အစိုးရအနေဖြင့် ရှာမတွေ့သေးတာလား၊ လက်နက်ကိုင် တွေကို မယုံကြည်တာလားဆိုတာ အစိုးရမှပဲသိပါမယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေပြောသလို “အစိုးရကျ တော့ တပ်အင်အားတွေတိုးချဲ့နေလို့ သူတို့လည်း ဆက်ကြေးကောက်ရ၊ အဓမ္မလူသစ်စုရကြောင်း ပြောလာတာ တွေ့ရပါတယ်” ဒီနေရာမှာ အစိုးရကို ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အသိအမှတ်ပြု အဖွဲ့ဖြစ် သလို ပြည်ပ ရန်ကို ကာကွယ်ဖို့ ဖွဲ့စည်း ထားတဲ့ စစ်တပ်ဖြစ်လို့ အစိုးရကတော့ တိုင်းပြည်ကို ကာကွယ်နိုင်အောင် အင်အားတည် ဆောက်ရမယ်၊ နည်းပညာတွေရအောင် ကြိုးစားရမယ်၊ ဒါက အစိုးရ စစ်တပ်ရဲ့ Right ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေကျတော့ နိုင်ငံတကာကလည်း အသိ အမှတ်ပြုမထားပါဘူး၊ ပြည်ပ ကလည်း လက်နက်ခဲယမ်း တွေနဲ့ပတ်သက်ပြီး တရားဝင်အကူအညီပေးလို့ မရပါဘူး။ မတူတာကို တန်းညှိပြီးပြော လို့မရဘူး။ တိုင်းရင်းသား လက်နက်ကိုင်တွေ ပြောဆိုတဲ့အသုံးအနှုန်းတွေက အစိုးရတစ်ခုနဲ့တစ်ခု ညှိတဲ့ သဘောမျိုး သက်ရောက်နေတယ်။ တဖြည်းဖြည်း သူတို့ကိုယ် သူတို့ အစိုးရတစ်ရပ်လိုခံယူပြီး ပြောဆိုလာတာတွေတွေ့နေရတော့ ငြိမ်းချမ်းရေးအတွက် ရင်လေးမိပါတယ်။ တိုင်းရင်းသား လက်နက် ကိုင်တွေပြောသလို သူတို့အနေနဲ့ ဆက်ကြေးကောက်၊ အဓမ္မလူသစ်စုတဲ့ အပေါ်မှာ ရပ်တည်လာတာကို တရားဝင်သဖွယ် သူတို့ရဲ့ Right သဖွယ် ပြောဆိုလာတာတွေဟာ ကြာလာရင် အမှား ကနေ အမှန်ဖြစ်သွားတတ်ပါတယ်။ တိုင်းရင်းသားဒေသက ပြည်သူတွေအတွက် ငြိမ်းချမ်းရေး မရခင်ကထက် ပိုပြီး ၀န်ထုပ်ဝန်ပိုးဖြစ်ဖို့ အလားအလာ ပိုများသွားပြီ ဖြစ်တယ်။ ကြာလာရင် တိုင်းရင်းသားဒေသက မြို့ကြီးတွေပါ ဆက်ကြေးကောက်၊ လူသစ်စုလာမဲ့သဘောမျိုးဖြစ်လာပါတယ်။
ဒီလို အကြောင်းတရားတွေဟာ အတိတ်သမိုင်းကြောင်းအရ ဖြစ်ပေါ်လာတာပါ။ စစ်အစိုးရ လက်ထက် လက်နက်ကိုင်အားလုံးနဲ့ ငြိမ်းချမ်းရေးလုပ်တယ်။ ငြိမ်းချမ်းရေးကို ယခင်ထောက်လှမ်းရေးအဖွဲ့တွေက တာဝန်ခံပြီး လုပ်တယ်။ လုပ်တဲ့အခါမှာ ဘာကိုအခြေခံသလဲဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်ရှိတဲ့ ဒေသတွေမှာ ဖွံ့ဖြိုး တိုးတက်လာလျင် အလိုလိုငြိမ်းချမ်းသွားမယ်ဆိုတဲ့သဘောနဲ့ လုပ်ဆောင်ခဲ့တယ်။ နိုင်ငံတကာမှာလည်း ဒီနည်းလမ်း နဲ့သွားတာ အောင်မြင်တာတွေ့ရတယ်။ သို့သော် ကျွန်တော်တို့နိုင်ငံကျတော့ တစ်ပိုင်းတစ်စပဲ အောင်မြင်တာ တွေ့ရတယ်။ ဘာကြောင့် မအောင်မြင်လဲဆိုတော့ လက်နက်ကိုင်ခေါင်းဆောင်ပိုင်းအနည်းစုကပဲ ဖွံ့ဖြိုးတိုးတက် လာပြီး အောက်ခြေက မဖွံ့ဖြိုးတော့ မအောင်မမြင်ဖြစ်သွားရတာပါ။ အစိုးရက ခေါင်ထိအကုန်လဲ စနစ်နဲ့ လုပ်ခဲ့ တာပါ။ သို့သော် ခေါင်ထိအကုန်မလဲဘဲ ခေါင်းဆောင်ပိုင်းက အဲဒီအရသာကိုတွေ့သွားပြီးတော့ လက်နက်ကိုင် အင်အားတွေကို အသီးသီးတိုးချဲ့လုပ်ကိုင်တော့ ယနေ့ခေတ်မှာ လက်နက်ကိုင်တွေဟာ အင်အားအသင့်အတင့် တောင့်တင်းပြီး အစိုးရကို တန်းညှိလာတာ တွေ့ရပါတယ်။ လက်ရှိအစိုးရအနေနဲ့ ယခင်စစ်အစိုးရ သင်ခန်းစာကို ယူပြီး ငြိမ်းချမ်းရေးကိုလုပ်ဆောင်လာတယ်။ ခေါင်းဆောင်ပိုင်းတွေတင် ကြွယ်ဝချမ်းသာလို့ ငြိမ်းချမ်းရေးမရနိုင်ဘူး။ လက်နက်ကိုင်တွေရှိတဲ့ ဒေသခံလူထုများပါ ဖွံ့ဖြိုးတိုးတက်မှ ငြိမ်းချမ်းရေးရနိုင်မှာဖြစ်တယ်လို့ သုံးသပ်ပြီး ပြောင်းလဲ လုပ်ဆောင်လာတယ်။ အဲဒီအခါမှာ တိုင်းရင်းသား လက်နက်ကိုင်တွေကို နေထိုင်စားသောက်နိုင်ရုံအတွက်ပဲ စီးပွား ရေးအခွင့်အလမ်းတွေ ပေးထားတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဦးစားပေးလုပ်ကိုင်လာတာ တွေ့ရပါတယ်။ ယခင်စစ်အစိုးရလက်ထက်က ငြိမ်းချမ်းရေးအဖွဲ့ဆိုတာနဲ့ မဟုတ်တာ အကုန်လုပ်ခွင့်ပေးထားသလို ဥပဒေမဲ့ လူသတ်တာတွေလဲ မသိကျိုးနွံ ပြုထားပါတယ်။ ယခုအစိုးရလက်ထက်မှာတော့ အဲဒီနှစ်ချက်ကို ထိန်းချုပ် ထားခဲ့တယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေက ယခင်စစ်အစိုးရလက်ထက်လိုမျိုး လုပ်ပိုင်ခွင့်တွေလိုချင်လာပြီး ထပ်မံ အင်အားတောင့်တင်းအောင် လုပ်ချင်လာတယ်။ အစိုးရက စီးပွားရေးအခွင့်အလမ်းတွေကို အတန်အသင့် ထိန်းချုပ်ထားတော့ လှုပ်လို့မရ ဖြစ်လာတယ်။ အဲဒီအခါမှာ ပြည်သူလူထုဘက်လှည့်ပြီး ယခင်ကထက်ပိုပြီး ဆက်ကြေးကောက်၊ အဓမ္မလူသစ်စုတာတွေ ဖြစ်လာတော့တာပါ။ သတင်းမီဒီယာတွေနဲ့ အင်တာနက်တွေပေါ်မှာ ဆက်ကြေးကောက်၊ လူသစ်စုတာတွေက မကြားချင်အဆုံး ဖြစ်လာတယ်။ အစိုးရစစ်တပ်က လက်နက်ကိုင်ဒေသ အသီးသီးမှာ ဆက်ကြေးကောက်၊ လူသစ်စုတာတွေ မလုပ်နိုင်အောင် ထိန်းချုပ်တော့ တိုက်ပွဲတွေ ဆက်တိုက် ဆိုသလိုပြန်ဖြစ်လာတယ်။ တိုက်ပွဲဖြစ်ပါ များတော့ အစိုးရရဲ့အားနည်းချက်ကိုကိုင်ဖို့အတွက် ယခုလိုလုပ်ဆောင်ချက် တွေဟာ ငြိမ်းချမ်းရေး ပျက်ပြားနိုင်တယ်။ လာမဲ့ အောက်တိုဘာမှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်ဘူး စသဖြင့် အသံစုံတွေ ဆူဆူညံညံ ကြားလာရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ သူတို့ရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကိုသာ တစ်စိုက်မတ်မတ် တောင်းဆိုလာတာကိုကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေး ရရှိဖို့ကို အလေးမထား ဘဲ လုပ်ပိုင်ခွင့်အာဏာရရှိဖို့ကိုသာ ဦးစားပေးနေတာ တွေ့ရပါတယ်။
ငြိမ်းချမ်းရေးရဖို့ မအောင်မြင်သေးတာဟာ အနှစ်ချုပ်ရင်တော့ ရိုးသားမှုမရှိကြတာပါပဲ။ အစိုးရကလည်း တိုင်းရင်းသားတွေ ယုံကြည် အောင် ထွက်ပေါက်တစ်ခု ပေးသင့်သလို တိုင်းရင်းသား လက်နက်ကိုင်တွေ ကလည်း အစိုးရယုံကြည်အောင် လုပ်ဆောင်သင့်ပါတယ်။ ဘယ်နိုင်ငံ ကြည့်ကြည့်ပါ။ အပစ်အခတ် ရပ်စဲရေးကြေငြာပြီးမှ နိုင်ငံရေးအရ ဆွေးနွေးတာပဲ ရှိပါတယ်။ နိုင်ငံရေးအရ ဆွေးနွေးပြီးမှ အပစ်အခတ် ရပ်စဲတာတော့ မတွေ့ရပါဘူး။ ဒါကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေက အစိုးရကို မယုံကြည်တဲ့ သဘော ဖြစ်နေပါတယ်။ ကျွဲနှစ်ကောင် ခတ်ရာ မြေစာပင်ကတော့ ပြည်သူလူထုတွေပဲ ဖြစ်ပါတယ်။ ပြည်သူအတွက် အလုပ်လုပ်ကြတယ်ဆိုရင်တော့ သက်ဆိုင်ရာခေါင်းဆောင်များ အားလုံးရိုးသားကြပါလို့ပဲ ပြောလိုပါတယ်။
ဒီနေရာမှာ လက်ရှိနိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ၊ ပါတီ ခေါင်းဆောင်တွေဟာ အခြေအနေမှန်တစ်ခုကို မြင်အောင်ကြည့်တတ်ဖို့ လိုပါတယ်။ လက်ရှိအစိုးရဟာ စစ်အစိုးရ ကနေ အရပ်ဝတ်လဲပြီး ဒီမိုကရေစီအရပ်သားအစိုးရအနေနဲ့ အုပ်ချုပ်တာပါ။ ဒီလို ဘာ့ကြောင့်ပြောင်းလဲအုပ်ချုပ်ရ သလဲ ဆိုတော့ စစ်အစိုးရဟာ အာဏာရှင်အစိုးရအဖြစ် အုပ်ချုပ်လာတာ အဆုံးစွန်မှတ်ထိရောက်ရှိလာပြီး ဒီထက် ပိုပြီး ဆက်အုပ်ချုပ်လျင် အထိနာမှာဖြစ်သည့်အတွက် စစ်အစိုးရအနေနဲ့ အောင်မြင်စွာ ခွာစစ်ဆင်ဖို့အတွက် ဒီမိုကရေစီ အရပ်သားအစိုးရကို ပြောင်းလဲလိုက်တာပါ။ ခွာစစ်ရဲ့ သဘောတရားအရ အချိန်အတိုင်းအတာတစ်ခုထိ ထိန်းထားပြီး သူတို့အားလုံးအတွက် လုံခြုံမှုရှိပြီဆိုရင် လက်ရှိနေရာကို စွန့်လွှတ်ပြီး ထွက်ခွာသွားမှာ ဖြစ်ပါတယ်။ ဒီသဘောတရားတွေကို စစ်ခေါင်းဆောင်တွေအားလုံး သိပါတယ်။ ဒီအခြေအနေတွေကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသားအားလုံး နိုင်ငံရေးပါတီအားလုံးအနေနဲ့ သိမြင်ပြီး ဦးသိန်းစိန်အစိုးရ အကောင်အထည်ဖော် နေသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လုံလောက်သော အချိန်၊ သူတို့အတွက် စိတ်ချရလောက်သည်အထိ နားလည်မှုရှိရှိ အချိန်လုံလောက်စွာပေးနိုင်မယ်၊ ၀န်းရံပေးနိုင်မယ်ဆိုလျင် အနာဂတ်မြန်မာနိုင်ငံသည် ပြည်သူတွေ လိုလားတောင့်တလျက်ရှိသည့် ဒီမိုကရေစီပန်းတိုင်ကို မျှော်မှန်းနိုင်လိမ့်မည်ဟု ယူဆပါကြောင်း ရေးသားလိုက်ရ ပါတယ်။

အငြိမ်းစားစစ်မှုထမ်းဟောင်းတစ်ဦ

အောင်ငြိမ်းချမ်း

No comments:

Post a Comment