Friday 13 September 2013

ကုန်ပစ္စည်းအမည် ၂၀၀၀ နီးပါး လိုင်စင်မလိုဘဲ တင်သွင်းခွင့်ပြု

ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းရာတွင် ကုန်ပစ္စည်းအမည် ၂၀၀၀ နီးပါးကို သွင်းကုန်လိုင်စင် လျှောက်ထား စရာမလိုဘဲ တင်သွင်းရန် စက်တင်ဘာ ၉ ရက်နေ့က စတင်ခွင့်ပြုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။ ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့မှစတင်ကာ ကုန်ပစ္စည်းအမျိုးအစား ၁၆၆ မျိုးကို လိုင်စင်မလိုဘဲ တင်သွင်း ခွင့်ပြုခဲ့ပြီး ကုန်ပစ္စည်းတစ်ခုစီအတွက် အမျိုးအမည် အတိအကျ ဖော်ပြ၍ ကုန်ပစ္စည်း အမည် ၁၉၂၈ မျိုးကို သွင်းကုန်လိုင်စင် လျှောက်ရန်မလိုဘဲ ကုန်သွယ်ခွင့်ပြုခြင်း ဖြစ်သည်ဟု ၄င်းကဆိုသည်။ သွင်းကုန်လိုင်စင် မလိုဘဲ တင်သွင်းခွင့်ပြုသည့် ကုန်စည်များတွင် အိမ်အသုံးအဆောင် ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ၊ အသီးအနှံများ၊ ရေချိုးခန်းသုံး ပစ္စည်းများနှင့် အားကစား ပစ္စည်းများလည်း ပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးက ထုတ်ပြန် ကြေညာသည်။

အဆိုပါ ကုန်ပစ္စည်းအမည် ၁၉၂၈ မျိုးမှအပ ကျန်ကုန်စည်များကို တင်သွင်းရာတွင်မူ သွင်းကုန် လိုင်စင် လျှောက်ထားရမည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။ ဝန်ကြီးဌာန များသည် ၄င်းတို့၏ အမိန့်ကြော်ငြာစာများနှင့် ထုတ်ပြန်ချက်များကို ပြည်သူများ သဘောပေါက် သိရှိအောင် အတိအကျ ချပြသင့်ကြောင်း၊ ရုံးလုပ်ငန်းဆိုင်ရာ ရှုပ်ထွေးမှုများကြောင့် လုပ်ငန်းရှင်များသည် အချိန်နှင့်ငွေကြေး နစ်နာနေရသည်ဟု လယ်ယာသုံး စက်ပစ္စည်းများကို အိန္ဒိယနိုင်ငံမှ တင်သွင်းနေသည့် ရန်ကုန်မြို့တော် အခြေစိုက် စီးပွားရေးလုပ်ငန်းရှင် ဦးစောမြဒင်က ပြောပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

No comments:

Post a Comment