Wednesday 28 August 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ဦးတည်ချက်၊ သက်တမ်း၊ တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များ၊ လုပ်ထုံးလုပ်နည်းများ ပြည်ထောင်စုလွှတ်တော် အတည်ပြု

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ဦးတည်ချက်၊ သက်တမ်း၊ တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များနှင့် လုပ်ထုံးလုပ်နည်းများကို သြဂုတ် ၂၇ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။
သြဂုတ် ၂၃ ရက်က ပြုလုပ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေး၌ အဆိုပါ အချက်များအား ဆုံးဖြတ်သဘောတူညီခဲ့ပြီး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက် က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း ဖတ်ကြား၍ လွှတ်တော်၏  အတည်ပြုချက် ရယူခဲ့ခြင်း ဖြစ်သည်။

ပူးပေါင်းကော်မတီ အနေဖြင့် နိုင်ငံတော်၏ သမိုင်းကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေ၊ ပြည်သူတို့၏ နိုင်ငံရေးအသိ ရင့်ကျက်မှု အခြေအနေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု အခြေအနေ၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး အခြေအနေတို့အပေါ် မူတည်၍ လေ့လာသုံးသပ် မည်ဖြစ်ကြောင်း၊ အကျိုးမဖြစ်ထွန်းနိုင်သော  အငြင်းပွားဖွယ်ရာ ဖြစ်နိုင် သည့် ပြဋ္ဌာန်း ချက် များထက် နိုင်ငံတော်အတွက် အကျိုးရှိပြီး ပြည်သူအများ လိုလားသည့် ပြဋ္ဌာန်းချက် များကို ဦးစားပေး လေ့လာသုံးသပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တည်တံ့ခိုင်မြဲမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ခေတ်စနစ်နှင့် လျော်ညီစွာ တည်ဆောက်နိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာရန်၊ တိုင်းရင်းသားမျိုးနွယ်စုများအကြား အမျိုး သားစည်းလုံးညီညွတ်မှုကို တည်ဆောက်ခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်၊ ဒီမိုကရေစီ စနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်နိုင်ရန် ဖွဲ့ စည်းခြင်းဖြစ်ကြောင်း ကော် မတီ ၏ ဦးတည်ချက်၌ ပါဝင်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ သည် လေ့လာ သုံးသပ် တွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း ရမည်ဖြစ် ပြီး ကော်မတီ သက်တမ်းမှာ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းပြီးချိန်အထိ ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment