Thursday 1 August 2013

ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးခွဲ မြန်မာတွင် ဖွင့်ရန် ဆွေးနွေး

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးခွဲ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန် မြန်မာနိုင်ငံ အစိုးရနှင့် ကုလသမဂ္ဂတို့ ဆွေးနွေးမှုများ ပြု လုပ်နေကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ဖွင့်လှစ်ရန်အတွက် မြန်မာနိုင်ငံ သို့ ရောက်ရှိနေသော ဗြိတိန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ H.E.Mr. John Bercow က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ဇူလိုင်လ ၃၀ ရက်နေ့က တိုက်တွန်း ပြောဆိုခဲ့ပြီးနောက် ယင်းသို့ ဖွင့်လှစ်ရန် ဆွေးနွေးလာခြင်း ဖြစ် သည်။ “ဒီမှာ ရုံးခွဲ ဖွင့်လှစ်ဖို့အတွက် လိုအပ်တဲ့ နည်းပညာဆိုင်ရာ အချက်အလက်တွေကို အခုမှ ဆွေးနွေးဆဲ ဖြစ်ပါတယ်။ အချိန်အတိုင်းအတာ တစ်ခုတော့ ယူရဦးမှာ ဖြစ်ပါတယ်” ဟု ဦးရဲထွဋ်က ဆိုသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ရုံးခွဲကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည် ဆိုသော် လည်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်၏ လုပ်ငန်းစဉ်များကို ထူးခြားပြောင်းလဲမှု ရှိနိုင်မည် မဟုတ်ကြောင်း အဆိုပါ ကော်မရှင်မှ အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်က ရှင်းပြသည်။ “တကယ်လို့ အရေးပေါ် ကိစ္စရပ်တွေ ပေါ်ပေါက်လာရင်တော့ UN အဖွဲ့အစည်းနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။ လူ့အခွင့်အရေး ကောင်စီ၏ ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို လေ့လာရန် အတွက် မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် သောမတ်အိုဟေး ကင်တားနားကို ခန့်အပ် တာဝန်ပေး ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေ တိုးတက်လာပြီဟု ယင်းကောင်စီက လက်ခံ လာပါက မစ္စတာကင်တားနားကို ဆက်လက် တာဝန်ပေးအပ်တော့မည် မဟုတ်ကြောင်း ဦးရဲထွဋ် က ပြောကြား သည်။

 မြန်မာနိုင်ငံတွင် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းထားပြီး အမျိုးသား လူ့အခွင့် အရေး ကော်မရှင်ဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းထားပြီး ဖြစ်ကြောင်း၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများတွင် လူ့အခွင့်အရေး ကော်မရှင် ရှိသော နိုင်ငံများမှာ မြန်မာနိုင်ငံ အပါအဝင် ငါးနိုင်ငံသာ ရှိကြောင်း ၎င်းက ဆိုသည်။ “အနာဂတ်မှာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကပဲ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို အဓိက လုပ်ဆောင်သွားမှာပါ” ဟု ဦးရဲထွဋ်က ဆက်လက် ပြောဆို သည်။ ကုလသမဂ္ဂသည် မြန်မာနိုင်ငံသို့ လွတ်လပ်ရေး ရခဲ့သည့် နှစ်မှစ၍ လူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာအကူအညီများ၊ ဖွံ့ဖြိုးရေးနှင့် ပြန်လည် ထူထောင်ရေး ထောက်ပံ့မှုများဖြင့် ဝင်ရောက်လာခဲ့ပြီး မြန်မာနိုင်ငံတွင် UNHCR, UNDP, UNFPA, UN-HABITAT, UNRC/HC, UNICEF, WFP, FAO, ILO, UNESCO, WHO, UNIC, UNOCHA, UNDSS, UNCT, UNAIDS, UNOPS, UNODC စသည့် စုစုပေါင်း ရုံးခွဲ ၁၇ ခု ဖွင့်လှစ်ပြီး ဖြစ်သည်ဟု ၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။
Khit Lu Nge

No comments:

Post a Comment