Thursday 1 August 2013

အမေရိကန်၌ အစ္စရေးနှင့် ပါလက်စတိုင်းတို့ ဆွေးနွေးပွဲကျင်းပ

အစ္စရေးနှင့် ပါလက်စတိုင်းတို့၏ တိုက်ရိုက်တွေ့ဆုံဆွေးနွေးပွဲကို အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ ဇူလိုင်၂၉ ရက် မွန်းလွဲပိုင်းက စတင်ကျင်းပကြောင်း အမေရိကန် အရာရှိများက သတင်းထုတ်ပြန်သည်။
 အဆိုပါ ဆွေးနွေးပွဲသို့ အစ္စရေး တရားရေးဝန်ကြီး လီဗ်နီနှင့် ပါလက်စတိုင်းမှ ဆွေးနွေးညှိနှိုင်းရေး အကြီးအကဲ အီရီကတ်တို့က လုံခြုံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ အမေရိကန်သမ္မတ အိုဘားမားက အစ္စရေးနှင့် ပါလက်စတိုင်းတို့၏ တိုက်ရိုက်ဆွေးနွေးပွဲ ပြန်လည် စတင်နိုင်မှုကို ကြိုဆိုလိုက်ပြီး ယခုဆွေးနွေးပွဲ၌ ရှင်းလင်းတိကျသော ရလဒ်များ ထွက်ပေါ်အောင် ကြိုးစားပြကြရန် တိုက်တွန်း ပြောကြားသည်။ ယင်းဆွေးနွေးပွဲတွင် အမေရိကန် အထူးကိုယ်စားလှယ် တစ်ဦးဖြစ်သူ အစ္စရေးဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း မာတင်အင်ဒက်ကအစ္စရေးနှင့် ပါလက်စတိုင်းတို့ နှစ်ဦးနှစ်ဖက် ဆွေးနွေးရာတွင် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးတို့အပေါ်တွင် နှစ်ဦးနှစ်ဖက် လက်ခံနိုင်မည့် နည်းလမ်းကို ရွေးချယ်ဆွေးနွေးရန် လိုကြောင်း ပြောကြားသည်။

ပထမနေ့ ဆွေးနွေးကြပြီးနောက် ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးဖြစ်သည့် အက်ရှာဝီက အကြောင်းအရာနှင့် အချက်အလက်များ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိရေးမှာ အချိန်ကာလတစ်ခု လိုအပ်ကြောင်း၊ ကောင်းမွန်သည့် ရလဒ်အချို့ ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ၄င်းက ပြောကြားသည်။ ထို့အတူ အစ္စရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် လီဗ်နီကလည်း ''ခက်ခဲ နက်နဲသော ဆွေးနွေးမှုများဖြစ်ကြောင်း၊ သို့သော် နိုင်ငံတကာ သိုက်အဝန်း၊ အာရပ်ကမ္ဘာ၊ ပါလက်စတိုင်းနဲ့ အစ္စရေးတို့အတွက် အလွန်စိတ်လှုပ်ရှားဖွယ် အချက်များ ပါဝင်ကြောင်း'' ဖြင့် ပြောကြားသည်။ ယခုဆွေးနွေး ပွဲ မတိုင်မီ အစ္စရေးတို့က ပါလက်စတိုင်း အကျဉ်းသား ၁ဝ၄ ဦးကို ပြန်လည် လွှတ်ပေးရန် ဆုံးဖြတ်ခဲ့ပြီး အပြုသဘော တုံ့ပြန်မှု ပြသခဲ့သည်။ (ဘီဘီစီ)

Khit Lu Nge

No comments:

Post a Comment