Thursday 1 August 2013

ယာဉ်အရောင်းပြခန်းတွင် ၂၀၁၂ မော်ဒယ်လ်များ ရောင်းခွင့်ပြုရန် စီစဉ်

မော်တော်ယာဉ် အရောင်းပြခန်းများ ၂၀၁၂ ခုနှစ် မော်ဒယ်လ်ယာဉ်များကို ဝယ်ယူသူ အမည်ပေါက်ဖြင့် တရားဝင် ရောင်းချခွင့်ပြုရန် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီက စီစဉ်နေကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ကုန်သည် လုပ်ငန်းရှင်များအသင်း အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် ပြည်ပမှ အသုံးပြုပြီး ၁၉၉၇ ခုနှစ်မှ ၂၀၀၈ ခုနှစ် မော်ဒယ်လ် တစ်ပတ်ရစ် မော်တော် ယာဉ် များကို အပ်ကုန် စနစ်ဖြင့်သာ ရောင်းချခွင့် ပြုထားခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ် မော်ဒယ်လ် မော်တော် ယာဉ်များကိုမူ အခြားလူပုဂ္ဂိုလ်များ၏ အမည်ဖြင့် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်တင်သွင်း ရောင်း ချနေခြင်း ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

၂၀၁၂ ခုနှစ် မော်ဒယ်လ်ယာဉ်များကို မော်တော်ယာဉ် အရောင်းပြခန်းများက Letter Of Credit စနစ်ဖြင့် အရောင်းပြခန်း တစ်ခုကို တစ်ကြိမ်လျှင် အစီး ၅၀ ခန့် တင်သွင်း ရောင်းချခွင့် ပြုမည်ဖြစ်ပြီး အမည်ပျက် ရှိသည့် ကုမ္ပဏီများနှင့် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ၏ စည်းမျဉ်း စည်းကမ်းများကို မလိုက်နာသည့် အရောင်းပြခန်းများကိုမူ အစီး ၅၀ အပြည့် တင်သွင်းခွင့် ပြုမည် မဟုတ်ကြောင်း ယင်းအသင်း အကြီးတန်းအရာရှိက ပြောကြားသည်။ မော်တော်ယာဉ် ဝယ်ယူသူများ က မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ်လျှောက်ကာ မော်တော်ယာဉ် အရောင်းပြခန်းများတွင် ၂၀၀၈ ခုနှစ်နှင့် အထက် မော်ဒယ်လ် မော်တော်ယာဉ်များကို ဝယ်သူ အမည်ပေါက်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြား သည်။ ပြည်ပ မော်တော်ယာဉ် ကုမ္ပဏီများထံမှ ပြည်တွင်းသို့ တင်သွင်း ဖြန် ချိခွင့် ရရှိထားသည့် မော်တော်ယာဉ်အသစ် အရောင်းပြခန်းများသည် ၂၀၁၃ ခုနှစ် မော်ဒယ်လ်ယာဉ်များကို တစ်ကြိမ်လျှင် အစီး ၁၀၀ တင်သွင်းခွင့် ရမည်ဖြစ်ပြီး ဝယ်သူ အမည်ပေါက် ရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း ယင်းအသင်းထံမှ ထပ်မံ သိရသည်။ “ခွင့်ပြုတဲ့ ကားအစီးရေက ၅၀ ထဲဆိုတော့ အခြားသူ အမည်ပေါက်နဲ့ တင်သွင်း ရောင်းတာတွေကတော့ ရှိနေဦးမှာပဲ” ဟု မော်တော်ယာဉ် အရောင်းပြခန်း လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ အဆိုပါ ဖြေလျှော့မှု ပြုလုပ်ပါက အရောင်းပြခန်းများ နိုင်ငံခြား ငွေစာရင်း ဖွင့်ရန် မှတ်ပုံတင် ငှားရမ်းရသည့် ကုန်ကျစရိတ် ကျပ် သုံးသောင်းကျော် သက်သာသည့်အပြင် မှတ်ပုံတင် ငှားရမ်းရန် လူရှာရသည့် အခက်အခဲ လျော့ကျသွားပြီး မော်တော်ယာဉ် ဝယ်ယူသူများမှာ အမည်ပေါက် ရရှိသဖြင့် အကျိုးရှိကြောင်း ၎င်းက ပြောဆိုသည်။ အမေရိက Chevrolet၊ ဂျာမနီ မာစီဒီးဘင့်(ဇ်)နှင့် BMW၊ အီတလီ Iveco နှင့် Ford ကုမ္ပဏီ တို့ကလည်း ယခု နှစ်ကုန်ပိုင်းတွင် မော်တော်ယာဉ် အရောင်းပြခန်းများ ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများက ကြေညာထားသည်ဟု ၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

Khit Lu Nge

No comments:

Post a Comment