Wednesday 30 March 2016

သူရဲကောင်းတို့ တိုင်းပြည်၏ ရဲရဲတောက် တပ်မတော်

သွေးသစ္စာဖြင့် ဖွဲ့စည်းခဲ့သည့် တပ်မတော် 
ကျွန်ုပ်တို့၏ တပ်မတော်ကို ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်က ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းစဉ်က ရဲဘော်သုံးကျိပ် ရွတ်ဆိုခဲ့သော သစ္စာမှာ ''ဗမာ့လွတ်လပ်ရေးကို မရမချင်း အသက်ပင် သေ သေ အရေပင်ခန်းခန်း မခွဲတမ်း မခွာတမ်း လုံးပန်းတိုက်ခိုက်ကြ မည်'' ဟူ၍ဖြစ်သည်။ ဤသို့ သစ္စာမဆိုမီ ရဲဘော်သုံးကျိပ်တို့က မိမိတို့၏ လက်မောင်းသွေးများကို ဖောက်ကာ စုပေါင်း သစ္စာဆိုပြီးနောက် သွေးသစ္စာ ရေသောက်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ တပ်မတော်သည် သွေးသစ္စာဖြင့် ဖွဲ့စည်းခဲ့သော တပ်မတော်ဖြစ်သည်။ လက်မောင်း သွေးဖောက်၍ သစ္စာဆိုပြီး သွေးသစ္စာ ရေသောက်ခြင်း သည် မြန်မာ့သူရဲကောင်းတို့၏ လုပ်ရပ်တစ်ခုဖြစ်သည်။ ထို့ကြောင့် ထပ်ဆင့်၍ ဆိုရပါက ကျွန်ုပ်တို့ တပ်မတော်သည် မြန်မာ့သူရဲကောင်းတို့၏ ထုံးကိုနှလုံးမူ၍ ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။








သစ္စာလက်နက်ကို အစဉ်စွဲကိုင်ထားသည့် တပ်မတော်သစ္စာတရားသည် တန်ခိုးအကြီးမားဆုံးသော အရာဖြစ်သည်။ အောင်မြင်မှုကို ရယူပေးနိုင် သော အရာဖြစ်သည်။ ''ကတိသစ္စာ တည်သောခါဝယ် သြဇာလေး နက် ပေါ်ဆီ တက်၍ နွယ် မြက်သစ်ပင် ဆေးဖက်ဝင်သည်'' ဟူ၍ပင် အဆိုရှိသည်။ ခေတ်အမီဆုံး၊ စွမ်းအားအပြင်းထန် ဆုံးသော လက်နက်များထက်ပင် သစ္စာလက်နက်သည် ပို၍ စွမ်းအားပြင်းထန်သည်။ အောင် မြင်မှုကို ရယူပေးနိုင်သည်။ တပ်မတော် တစ်ရပ်သည် မည်မျှပင် ခေတ်မီသော၊ စွမ်းအားပြင်း ထန်သော လက်နက်များ တပ်ဆင်ပေးထားစေကာမူ နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာတရား၊ မိမိ တို့ အချင်းချင်းအပေါ် သစ္စာတရား ကင်းမဲ့နေပါက စစ်ပွဲကို ရှုံးရမည်သာဖြစ်သည်။ ထို့အတူ တပ်မတော် တစ်ရပ်သည် ခေတ်မမီသော လက်နက်များကို ကိုင်ဆောင်ထားစေကာမူ နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာတရား၊ မိမိတို့ အချင်းချင်းအပေါ် သစ္စာတရား ကြီးမားနေပါက စစ်ပွဲကို အောင်နိုင်ရမည်သာ ဖြစ်သည်။ ထို့ကြောင့် စစ်ပွဲ၏ အနိုင်အရှုံးကို အဓိကအဆုံးအဖြတ် ပေး သော အရာမှာ စစ်လက်နက်၏ ခေတ်မီမှုက အဓိကမဟုတ်၊ တိုက်ပွဲဝင်စစ်သည်များ၏ သစ္စာ တရား ကြီးမားမှုကသာ အဓိကဖြစ်သည်ဟု ဆိုနိုင်သည်။ ကျွန်ုပ်တို့၏ တပ်မတော်သည် တိုက်ပွဲအောင်မြင်မှုကို အဆုံးအဖြတ်ပေးမည့် စွမ်းအား အထက်မြက်ဆုံးသော သစ္စာ လက် နက် လေးမျိုးကို ကိုင်ဆောင်ထားသည်။ 

ယင်းသစ္စာလက်နက် လေးမျိုးမှာ ''ငါတို့သည် နိုင်ငံ တော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်''၊ ''ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်''၊''ငါ့အား အထက်မှပေးအပ်သော အမိန့် နှင့်တာဝန် ကို ကျေပွန်အောင်ထမ်းဆောင်ပါမည်''၊ ''ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော် အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏'' ဟူ၍ဖြစ်သည်။ ဤစွမ်း အား ပြင်းထန် လှသော သစ္စာလက်နက် လေးမျိုးဖြင့် ကျွန်ုပ်တို့၏ တပ်မတော်သည် နိုင်ငံနှင့်လူမျိုး၏ ရန်သူ အပေါင်းအပေါ် တိုက်ပွဲတစ်ရာ၊ အောင်ပွဲတစ်ရာ ရရှိခဲ့သည်။ ဤသစ္စာ လက်နက်လေးမျိုးဖြင့် ပင် နိုင်ငံ၊ လူမျိုးနှင့် တပ်မတော်၏ ဂုဏ်ရောင်ထွန်းပြောင်သော သမိုင်းကို ရေးခဲ့သည်။
နိုင်ငံနှင့် လူမျိုးအပေါ် ပေးဆပ်လိုသည့် တပ်မတော်လောက၌ လူ နှစ်မျိုး နှစ်စားရှိသည်။ ပထမတစ်မျိုးမှာ လောက ကောင်းကျိုးအတွက် မိမိဘဝ ကိုပေးဆပ်သူ၊ စတေးသူဖြစ်သည်။ ဒုတိယတစ်မျိုးမှာ မိမိဘဝ ကောင်းကျိုး အတွက် လောက ကို ပေးဆပ်စေသူ၊ စတေးစေသူဖြစ်သည်။ တပ်မတော်သည် နိုင်ငံနှင့် လူမျိုးကောင်းကျိုး အတွက် မိမိ၏ဘဝကို ပေးဆပ်သည့်၊ စတေးသည့် အဖွဲ့အစည်းဖြစ်သည်။ မိမိကောင်းကျိုး အတွက် နိုင်ငံနှင့်လူမျိုးကို စတေးသည့် အဖွဲ့အစည်းမဟုတ်ချေ။ နိုင်ငံနှင့်လူမျိုး၏ ကောင်း ကျိုးအတွက် လိုအပ်သည့်စွန့်စားမှုမှန် သမျှကို ရဲဝံ့စွာပြုလုပ်ခဲ့သည်။ စွန့်လွှတ်မှုမှန်သမျှကို ဂုဏ်ယူစွာပြုလုပ်ခဲ့သည်။ တပ်မတော် စတင်ဖွဲ့စည်းခဲ့သည့် ၁၉၄၁ ခုနှစ်မှစတင်၍ ယခုနှစ် ၂ဝ၁၆ ခုနှစ်အထိ နှစ်ပေါင်း ၇၅ နှစ်အတွင်း နိုင်ငံနှင့် လူမျိုးအတွက် အသက်ပေးလှူခဲ့သော ကျဆုံးစစ်သည်များ၏ အရေအတွက်ကား ရာထောင်သောင်းမက ရှိခဲ့ပြီးဖြစ်သည်။ ထို့အတူ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပြီး မသန်မစွမ်းဘဝကို ခံယူသွားသည့် အရေအတွက်ကလည်း များလှချေသည်။ ဤသို့ များပြားလှသော စစ်သည်များက မိမိတို့၏ အသက်ကိုလည်းကောင်း၊ မိမိတို့၏ ကိုယ်လက်အင်္ဂါ များကိုလည်းကောင်း ပေးလှူခဲ့ကြသည့်အတွက် ယနေ့ကျွန်ုပ်တို့ နိုင်ငံသားများသည် ကိုယ်ပိုင်နိုင်ငံတော်၊ ကိုယ်ပိုင်နိုင်ငံတော်အလံ၊ ကိုယ်ပိုင်နိုင်ငံတော်သီချင်း၊ ကိုယ်ပိုင်တပ်မတော် စသည့် ဂုဏ်အင်္ဂါရပ်များ အပြည့်အဝဖြင့် ကမ္ဘာ့အလယ် ခံ့ညားဝင့်ကြွား စွာ ရပ်တည် နေနိုင်ခြင်းဖြစ်သည်။
နိုင်ငံနှင့် လူမျိုးအပေါ် အနာခံဘဝဖြင့် ရပ်တည်သည့် တပ်မတော်တပ်မတော်သည် နိုင်ငံနှင့်လူမျိုးအပေါ် အသာစံဘဝမျိုးကို မရယူပါ။ အနာခံ ဘဝမျိုးကိုသာ ရယူပါသည်။ တပ်မတော်သည် နိုင်ငံနှင့် လူမျိုးအပေါ် အသာစံသည့် အဖွဲ့အစည်းမဟုတ်ပါ။ အမြဲအနာခံသည့် အဖွဲ့အစည်းသာဖြစ်သည်။ အမိနိုင်ငံ လွတ်လပ်ရေးရရှိသည်နှင့် တစ်ပြိုင် နက် ပြည်တွင်းစစ်အန္တရာယ် ပေါ်ပေါက်သည်။ ပြည်ပ ကူမင်တန် တရုတ်ဖြူများက အမိနိုင်ငံ တွင်းသို့ ကျူးကျော်ဝင်ရောက်သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတချို့ စတင် ဖွဲ့စည်းပြီး တော်လှန်ပုန်ကန်ကြသည်။ ရရှိပြီးသားလွတ်လပ်ရေး ပြန်လည်ဆုံးရှုံးမည့် အခြေ အနေသို့ ရောက်ရှိခဲ့သည်။ ထို့ကြောင့် တပ်မတော်က လွတ်လပ်ရေး မဆုံးရှုံးရစေရန် တိုက်ပွဲ များကိုမလွဲမသွေ ဆင်နွှဲရသည်။ လွတ်လပ်ရေး ရယူရန်အတွက် စစ်သည်များ၏ အသက် ပေါင်း များစွာကို ပေးဆပ်ခဲ့ရသကဲ့သို့ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်သည့် စစ်ပွဲများ တွင်လည်း စစ်သည်ပေါင်းများစွာ၏ အသက်ကို ဆက်လက် ပေးဆပ်ရပြန်သည်။ နိုင်ငံနှင့် လူမျိုးအတွက် အသက်ပေး လှူသွားခဲ့သော ကျဆုံးစစ်သည်များ၏ အရိုးစုများသည် အမိနိုင်ငံ ၏ တောတောင်ရေမြေ အနှံ့တွင် ယခုတိုင် တည်ရှိဆဲဖြစ်သည်။ ကျဆုံးစစ်သည်များ၏ အရိုးစု များဖြင့် အမိနိုင်ငံ၏ နယ်နိမိတ်မျဉ်း တစ်လျှောက် ခြံစည်းရိုးကာရံလျှင် ရနိုင်သည့်အခြေအနေ တွင်ရှိသည်။ ဤသို့အရေ အတွက်များပြားလှစွာ စွန့်လွှတ်စွန့်စား အနစ်နာခံခဲ့ကြသည့် အတွက် ကျွန်ုပ်တို့ အမိနိုင်ငံ၏ ပထဝီမြေပုံသည် မူလအရွယ်အစား အတိုင်း အပြောင်းအလဲ မရှိဘဲ ကမ္ဘာ့နိုင်ငံများ၏ မြေပုံပေါ်တွင် အထင်ကရ ဆက်လက်တည် ရှိနေနိုင်ခြင်းဖြစ်သည်။
နိုင်ငံနှင့် နိုင်ငံသားတို့၏ မှီခိုအားထားရာ တပ်မတော်
ကျွန်ုပ်တို့နိုင်ငံသားများ၏ ဘဝသည် တည်ငြိမ်သည်၊ လုံခြုံစိတ်ချရသည်၊ အေးချမ်းသာယာမှု နှင့် ဂုဏ်သိက္ခာ ရှိသည်။ မည်သည့်အတွက်ကြောင့် ဤကဲ့သို့ တည်ငြိမ် အေး ချမ်းသော ဘဝ မျိုးကို ပိုင်ဆိုင်သည်ကို မတင်ပြမီ နိုင်ငံမဲ့ဘဝဖြင့် ဒုက္ခပင်လယ် ဝေနေကြရသူများ၏ အဖြစ်ကို တင်ပြလိုသည်။ ကမ္ဘာပေါ်ရှိ တချို့သော နိုင်ငံများ တွင် ပြည်တွင်းစစ် မီးတောက်မီးလျှံကြီး တောက်လောင်ပြီး သွေးချောင်းစီးနေသည်။ တိုက်ပွဲများအကြား အသက်ကို လုပြေးရင်း မိ တကွဲ၊ ဖတကွဲဖြစ်ကာ မိသားစုပြိုကွဲနေကြ သည်။ လူမမယ် ကလေးများ မိမဲ့ဖမဲ့ ဖြစ်နေကြ သည်။ မိမိနိုင်ငံ၊ မိမိလူမျိုး၏ ဇာတိသွေး၊ ဇာတိမာန်ကို စွန့်ပစ်ပြီး ဒုက္ခသည်အဖြစ် သတ်မှတ် ခံရရေးအတွက် အသနားခံနေကြသည်။ မည်သည့်နိုင်ငံကမျှ လက်မခံသည့်အတွက် ရေမျော ကမ်းတင် ဖြစ်နေကြသည်။ စားရမဲ့၊ သောက်ရမဲ့၊ ခိုနားရာမဲ့ဘဝဖြင့် လူဖြစ်သော်လည်း လူနှင့် တူအောင်မနေရသည့် ဘဝမျိုးကို ရောက်ရှိနေကြသည်။ ဤကဲ့သို့ ဘဝမျိုးကို မည်သည့် အကြောင်းကြောင့် ရောက်ရှိနေကြပါသနည်း။ အဖြေမှာရှင်းပါသည်။ ယင်းနိုင်ငံများ၏ တပ်မ တော်များသည် ပြည်တွင်း စည်းလုံးမှုနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို မတည်ဆောက် နိုင် သောကြောင့်လည်းကောင်း၊ ပြည်တွင်းစစ်ကို နိုင်အောင် ထိန်းချုပ်နိုင်စွမ်း မရှိသောကြောင့် လည်းကောင်း ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးသည် မိမိ၏ နိုင်ငံအတွင်း ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်သည်။ မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးကိုမှ အသ နားခံ နေစရာမလိုဘဲ မိမိတို့၏ ဇာတိသွေး၊ ဇာတိမာန်အတိုင်း တည်ကြည် ခံ့ညားစွာနေနိုင် သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ တပ်မတော်သည် ပြည်တွင်း စည်းလုံးညီညွတ်မှု နှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အောင်မြင်စွာ တည်ဆောက်နိုင်မှုနှင့် ပြည်တွင်းစစ်ကို နိုင် အောင် ထိန်းချုပ်နိုင်စွမ်း ရှိမှု တို့ကြောင့် ဖြစ်သည်။
ယုံကြည်ချက်၊ ခံယူချက်နှင့် ရပ်တည်ချက် မှန်ကန်သည့် တပ်မတော်
နိုင်ငံနှင့် လူမျိုးအပေါ် ထားရှိသည့် တပ်မတော်၏ ယုံကြည်ချက်၊ ခံယူချက်တို့သည် မှန်ကန် မွန်မြတ်သည်။ ဥပမာတစ်ခုကို ထုတ်နုတ် တင်ပြရမည်ဆိုပါက တပ်မတော် ထမ်းဆောင်နေသည့် ဒို့တာဝန် အရေးသုံးပါးပင် ဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲလျှင် ပြည်ထောင်စု ပြိုကွဲမည်။ ပြည်ထောင်စု ပြိုကွဲလျှင် အချုပ်အခြာ အာဏာ ပျောက်ကွယ်မည်။ ဤ အခြေအနေမျိုးကို အဖြစ်ခံ၍မရ။ အချိန်မီ တားဆီးကာကွယ်ရမည်။ မတားဆီး၊ မကာ ကွယ်နိုင်ပါက တိုင်းပြည်နှင့်လူမျိုး ပျောက်မည်။ ဤယုံကြည်ချက်သည် တပ်မတော်၏ ယုံ ကြည်ချက်ဖြစ်သည်။ တိုင်းပြည်နှင့်လူမျိုးကို အပျောက်မခံနိုင်။ ထို့ကြောင့် ဒို့တာဝန် အရေး သုံးပါးကို ဖျက်ဆီး နှောင့်ယှက် သူ ပြည်တွင်းပြည်ပ ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း မှန်သမျှကို ရှင်းလင်းဖယ်ရှားရမည်။ ဤခံယူချက်သည် တပ်မတော်၏ ခံယူချက်ဖြစ်သည်။ တပ်မတော် သည် သိမ်မွေ့နူးညံ့စွာ ဆက်ဆံသည်။ သို့သော် သိမ်ငယ်စွာ မည်သူ့ကိုမျှ မဆက်ဆံပါ။ တပ်မတော်သည် စဉ်းစားဆင်ခြင် ဥာဏ်အပြည့်အဝနှင့် ပြောင်းလွယ်၊ ပြင်လွယ်ရှိသည်။ သို့သော် ယော ယိမ်းလိုက်၊ ဘသားယိမ်းလိုက် အဖွဲ့အစည်းမဟုတ်ပါ။ တပ်မတော်သည် မိမိ၏ ရည်မှန်းချက် တာဝန်ကို အောင်မြင်သည်အထိ မဆုတ်မနစ် ကြိုးစားပါသည်။ သို့သော် နွား၏ ဦးချိုမှ နို့ညှစ်သည့် အပြုအမူမျိုး မပြုလုပ်။ တပ်မတော်သည် ဆုံးဖြတ်ချက် သန္နိဋ္ဌာန် ခိုင်မာပါ သည်။ သို့သော် ခေါင်းမာမိုက်မဲခြင်းမရှိပါ။ တပ်မတော်သည် တိကျပြတ်သားစွာ ပြောဆိုဆက် ဆံပါသည်။ သို့သော် မောက်မာစွာ ပြောဆိုဆက်ဆံခြင်းမပြုပါ။ တပ်မတော်သည် နိုင်ငံနှင့် လူမျိုး၏ အားကိုးအားထားပြုရာ အဖွဲ့အစည်းဖြစ် သည်။ ကျောက်ဆောင်၊ ကျောက်သားကဲ့သို့ မာကျောကြံ့ခိုင်နေရမည်။ သို့မှသာ နိုင်ငံနှင့် လူမျိုးအတွက် မားမားမတ်မတ်၊ ကြံ့ကြံ့ခိုင်ခိုင်၊ တည်တည်ကြည်ကြည် ရပ်တည် ပေးနိုင်မည်ဖြစ်သည်။
အစဉ်နုပျိုနေသော တပ်မတော်
အမိနိုင်ငံနှင့် လူမျိုးအတွက် တပ်မတော် ထူထောင်လာခဲ့သည်မှာ နှစ်ပေါင်း ၇၅ နှစ်တိုင်ခဲ့ပြီ။ ကျွန်ုပ်တို့၏ တပ်မတော် မအိုသေးပါ။ အစဉ်နုပျိုလန်းဆန်းဆဲ၊ တက်ကြွဆဲ၊ အားမာန် အပြည့် ဖြင့် ချီတက်ဆဲဖြစ်သည်။ ကျွန်ုပ်တို့တပ်မတော် အင်အား မကုန်ခန်းသေးပါ။ ပိုမိုခေတ်မီ၊ ပိုမို အင်အား ကြံ့ခိုင်နေပါသည်။ နိုင်ငံနှင့်လူမျိုးအပေါ် ထားရှိသည့်သစ္စာ မပျက်ပြယ်ပါ။ ပိုမိုကြီးမား သော သစ္စာတရား ရှိနေပါသည်။ တပ်မတော်သည် ယခုအချိန်တွင် စိန်ခေါ်မှု အမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်။ နိုင်ငံနှင့် လူမျိုးအပေါ် ကျရောက်နေသော အန္တရာယ်များနှင့် အခြေအနေ ဆိုး အမျိုးမျိုးကိုလည်း ဖြေရှင်းပေးနေရသည်။ ယင်းစိန်ခေါ်မှုများနှင့် အန္တရာယ်ဆိုး၊ အခြေ အနေဆိုးများကို တပ်မတော်က အောင်ပွဲများအဖြစ် ပြောင်းလဲပစ်သည်။ နောင်အနာဂတ်တွင် လည်း ပိုမိုကြီးမားသော စိန်ခေါ်မှုများ၊ ပိုမိုရှုပ်ထွေးသော အန္တရာယ်နှင့် အခြေအနေဆိုးများကို ရင်ဆိုင်ရဦးမည်။ ယင်းတို့သည် တပ်မတော်အတွက် အနာဂတ် အောင်ပွဲများဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် တပ်မတော်သည် သစ္စာ၊ သူရ၊ သိပ္ပ၊ သီလ စသည့် အရည်အချင်း များကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။ ''ဘဲအုပ်ကတစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်း၊ အယက်အကန်ခံလို့ ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ''ဟုဆိုနိုင် သည်။ ပြဿနာ၊ အန္တရာယ်၊ အခက်အခဲတို့က သောင်းခြောက်ထောင် ရှိနေပါသည်။ သို့သော် ကျွန်ုပ်တို့ တပ်မတော်ကမူ နိုင်ငံနှင့် လူမျိုးအတွက် အောင်ပန်းအမျိုးမျိုး ပန်ဆင်လျက် ချီတက်ဆဲ ရှိနေပါသည်။
သူရဲကောင်းတို့ တိုင်းပြည်၏ ရဲရဲတောက် တပ်မတော်
ကျွန်ုပ်တို့၏ တပ်မတော်သည် သူရဲကောင်းတို့ တိုင်းပြည်၏ ရဲရဲတောက် တပ်မတော်ဖြစ်သည်။ သူရဲကောင်းတို့ တိုင်းပြည်ဆိုသည်မှာ အနော်ရထာ၊ ဘုရင့်နောင်၊ ရာဇာဓိရာဇ်၊ အလောင်း ဘုရား စသည့်စစ် ဘုရင်များ၊မဟာဗန္ဓုလ၊ မင်းရဲကျော်စွာ၊ တပင်ရွှေထီး၊ သမိန်ဗရမ်း စသည့် စစ်သူရဲကောင်းများ မွေးဖွားရာ အမိမြန်မာပြည်ကို ဆိုလိုသည်။ ရဲရဲတောက် တပ်မတော်ဆို သည်မှာ သမိုင်းဝင် တိုက်ပွဲကြီးများကို ရဲဝံ့စွန့်စားစွာ အနိုင်တိုက်ပြသော ကျွန်ုပ်တို့၏ တပ် မတော်ကို ဆိုလိုသည်။ သူရဲကောင်းတို့ တိုင်းပြည်၏ ရဲရဲတောက် တပ်မတော် ဖြစ်သည့် အတွက် စစ်အတတ်ကို ဝါသနာထုံသည်။ စစ်မြေပြင်ကို ပျော်မွေ့သည်။ တိုက်ပွဲကို နှစ်သက် သည်။ တိုက်ပွဲခေါ်သံကို အမြဲနားစွင့်သည်။ စစ်သားကောင်းပီပီ စစ်မြေပြင်တွင် အသက်ပေး လှူသည်ကို ဂုဏ်ယူသည်။ အချုပ်အားဖြင့် တင်ပြရမည်ဆိုပါက ကျွန်ုပ်တို့ တပ်မတော်သည် နိုင်ငံနှင့် လူမျိုး အကျိုးအတွက် အားကိုးအားထားရာဖြစ်သော၊ သစ္စာတရားကြီးမားသော၊ မည် သည့်ပေးဆပ်မှုမျိုး၊ မည်သည့် စွန့်လွှတ်စွန့်စားမှုမျိုးကိုမဆို ပြုလုပ်ရန် အသင့်ရှိနေသော ရဲရဲ တောက် တပ်မတော်အဖြစ် ဆက်လက်ရပ်တည် သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
မြ၀တီ

No comments:

Post a Comment