Monday 17 June 2013

ဒေါ်အောင်ဆန်းစုကြည်နှင့် UNA အဖွဲ့ တွေ့ဆုံရာတွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ထည့်သွင်းဆွေးနွေးမည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) တို့ တွေ့ဆုံရာတွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ရခိုင်ပြည်နယ် မြို့နယ် အချို့တွင် ထုတ်ပြန်ထားသည်ဟုဆိုသော ဒေသန္တရ အမိန့်နှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ များကို ထည့်သွင်းဆွေးနွေး သွားမည်ဟု အဆိုပါ ပါတီဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက် အရ ဇွန် ၁၈ ရက် နံနက် ၁၀ နာရီတွင် ၎င်း၏နေအိမ်၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် "ကလေးနှစ်ဦးထက် ပိုမယူရ" ဟူသော ဒေသန္တရအမိန့် ထုတ်ပြန်ထားသည်ဆိုသောသတင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ဒေသန္တရအမိန့်မှာ လူ့အခွင့်အရေးနှင့်မညီဘဲ ယင်းကဲ့သို့ ခွဲခြားဆက်ဆံမှုမှာ ဥပဒေနှင့် မညီကြောင်း မေ ၂၇ ရက်က ပြောဆိုမှုအပေါ် ရခိုင်တိုင်းရင်းသားများက ကန့်ကွက်ခဲ့သည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်ရှစ်မြို့နယ်မှ NLD ရုံးများကလည်း အဆိုပါအမိန့်ကို ထောက် ခံကြောင်း ကြေညာ ချက် ထုတ်ပြန်ခဲ့သလို ရခိုင်တိုင်းရင်းသား အချို့ကလည်း ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့သည်။

ထို့ပြင် ဇွန် ၆ ရက်ကလည်း ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ပြုလုပ်ခဲ့သည့် ဘီဘီစီ စကားစစ်ထိုးပွဲ အစီအစဉ် တွင် ဒေါ်အောင်ဆန်းစုကြည်က ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို နိုင်ငံတကာ စံနှုန်းများနှင့်ညီ၊ မညီ ပြန်လည်သုံးသပ်သင့်ကြောင်း ပြောဆိုခဲ့မှု အပေါ်တွင်လည်း နယ်ပယ်အသီးသီးမှ ဝေဖန်မှုများ ရှိခဲ့သည်။

"၁၉၈၂ နိုင်ငံသားဥပဒေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့နဲ့ ဒေါ်အောင်ဆန်း စုကြည် ဘာကြောင့်သဘောထား မတူလဲဆိုတော့ မြင်ပုံမြင်နည်း မတူလို့ပါပဲ။ ပြီးတော့ လက်ရှိဖြစ်နေတဲ့ ဘင်္ဂါလီ ပြဿနာကလည်း ဒီဥပဒေ နဲ့ပဲ စိစစ်အရေးယူရမှာ။ ဥပဒေပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အရာရာကို နိုင်ငံတကာ စံနှုန်း နဲ့ ပြောလို့မရပါဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ ဥပဒေတွေပဲ ပြဋ္ဌာန်းသင့်ပါတယ်။ ကလေးနှစ်ယောက် ဆိုတာလည်း ပြဋ္ဌာန်းသင့်တဲ့ ဒေသဆိုင်ရာ ဥပဒေပါပဲ။ အဲဒီဒေသမှာက လူဦးရေ ပေါက်ကွဲနှုန်း အဆမတန် မြင့်မားနေ တာကြောင့်ပါ" ဟု ဦးအေးသာအောင် က ဆိုသည်။

EMG

No comments:

Post a Comment