Friday 30 November 2012

မူးယစ်ဆေးဝါး သုံးစွဲမှု များလာတဲ့အတွက် မိဘများ စိုးရိမ်ပူပန်နေကြရ

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ လူငယ်တွေအကြား တော်တော်များများ သုံးစွဲနေပြီးဖြစ်လို့ မိဘများက စိုးရိမ်ပူပန်မှုများ ဖြစ်နေကြလို့ နှစ်ခြင်းဘုရားဝတ်ပြုသည့် နေ့အချိန်တိုင်းနှင့် အစည်းအဝေး တိုင်းတွေမှာ ရင်ဖွင့်သံများ ကြားနေရပါတယ်။
မိဘတွေ သားသမီးအတွက် ရင်လေးနေရကြရပြီဖြစ်လို့ သက်ဆိုင်ရာ မိမိကိုးကွယ်ယုံကြည်ကြတဲ့ ဘုန်းတော်ကြီးများ ၊ သာသနာဆရာတော်များထံ ဘုရားဆုတောင်း ဝတ်ပြုပေးတာတွေ ဒီးမော့ဆိုမြို့မှာ မကြာခဏဆိုသလို လုပ်ပေးနေ တာတွေ တွေ့နေရပါတယ်။

ဒီးမော့ဆိုမြို့မှ နှစ်ခြင်းသာသနာဆရာများနှင့် နီးစပ်သူတဦးက “သူတို့တွေက ဘာမှသုံးစားလို့ မရတော့တဲ့ အခြေ အနေမှာ ဖြစ်နေ ကြပြီလေး အဲဒါဆိုတော့ မိဘတွေက ရင်လာဖွင့်ကြတယ်။ မိဘတွေရဲ့ လုပ်ငန်းတွေဆိုလည်း သူတို့ရဲ့ သားတွေကို လက်လွှဲပေးတာတွေ မလုပ်ရဲတော့ဘူး အလုပ်ကိုမခိုင်းရဲတော့ဘူး သူတို့က ရသမျှငွေတွေကို အဲဒီဆေးအတွက် မရမကဝယ်တော့တာ မိဘတွေက စိတ်ဆင်းနေကြရတယ်။” လို့ ပြောပါတယ်။
ဒီးမော့ဆိုမြို့အပါအဝင် ကျေးလက်တောရွာဘက်တွေမှာလည်း မူးယစ်ဆေးဝါးသုံးစွဲ နေမှုရှိနေကြပါတယ်။ နန်းမယ်ခုံတိုက်နယ် ဘက်တွေမှာရှိတဲ့ နန်းမယ်ခုံဈေး အနောက်ဘက်ခြုံကြားတွေနဲ့ နန်းစခန်း (၁)ချိုးကုန်းတောတွေမှာ လူငယ်တွေ အဲဒီထဲမှာ သုံးစွဲနေကြတယ်လို့ ကျေးရွာအုပ်စုဥက္ကဌတွေအကြား သတင်းတွေထွက်ပေါ်နေပါတယ်။
နန်းမယ်ခုံတိုက်နယ်က ကျေးရွာဥက္ကဌတဦးက “အဲဒီခြုံတွေထဲမှာ ဆီးကရက်ခွံတွေ ၊ ဝါးပြောင်းခွံတွေ  သူတို့ သုံးထားတဲ့ ခြေရာလက်ရာတွေတွေ့ရတယ်။ တချို့ ဖမ်းလည်းဖမ်းမိပါတယ်။ အဲဒါကြောင့် မိဘတွေက သူတို့သား အခြေအနေဘာမှ သုံးမရတော့လို့ တချို့မိဘတွေဆို သတ်တောင်သတ်ခိုင်းလိုက်တယ် အဲဒီလောက်အထိ အဖြစ်ဆိုးနေကြတာ။ ” လို့ ပြောပါတယ်။
ဒီအဖြစ်အပျက်တွေ ကြုံတွေ့နေကြရလို့ မိဘပြည်သူတွေက လူငယ်တွေအကြား မူးယစ်ဆေးဝါးသုံးစွဲတာတွေ ပိုပြီးကူးစက်ပျံ့နှံ့လာမှာကို စိုးရိမ် ကြောက်ကျနေကြရလို့  ဘာသာရေးအစည်းအဝေးတွေ၊ ကျေးရွာအစည်း အဝေးတွေ မှာ ပြောဆိုဆွေးနွေး လာကြပါတယ်။ ထို့အပြင် မိဘတွေကိုယ်တိုင်က ဆုံးမလို့ မရနိုင်တော့တဲ့ သူတို့သားတွေကို နီးစပ်ရာ အဖွဲ့အစည်းတွေကိုလည်း တိုင်ကြားလာကြတယ်လို့ သိရပါတယ်။
နန်းမယ်ခုံတိုက်နယ် က.လ.လ.တ အဖွဲ့အစည်းမှ နာယက ဆရာ ဦးဟာမော်က “လူငယ်တွေတော်တော်များများက အဝေးမှာ အလုပ် သွား လုပ်ကြတာ အဲဒီမှာ သုံးတတ်လာကြတယ် ဒီပြန်ရောက်တော့ ပြန်လာသုံးကြတာပေါ့ အဲဒီကနေ လူငယ်တွေကြား ပြန့်လာတယ်။ ဘယ်လိုမှထိန်းလို့ မရဘူး ဆေးတွေက ဘယ်ကနေဘယ်လိုတွေ ပါလာသလဲဆိုတာတောင် မသိရဘူး။ အဲဒါတွေနဲ့ပဲ အခုသလော ပြောလာတာတွေများလို့ လိုက်ဖြေရှင်းနေရတာနဲ့ တော်တော်အလုပ်ရှုပ်နေရတာပါ” လို့ ပြောပါတယ်။
မူးယစ်ဆေးဝါးတွေ သုံးစွဲလာကြတဲ့လူငယ်တွေအကြားနဲ့ ထပ်မံမပြန့်ပွားအောင် တိုက်ဖျက်ဖို့ဆိုတာက ကယားပြည်နယ် တစ်ပြည်နယ် တည်းတခုတည်းနဲ့ တိုက်ဖျက်လို့မရကြောင်း မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဘိန်းစိုက်ပျိုးမှု လုံးဝ မရှိတော့ မှ သာလျှင် မူးယစ်ဆေးဝါးသုံးစွဲမှု နည်းလာမည်ဖြစ်တယ်လို့ ဆရာ ဦးဟာမော်က ဆက်ပြောပါတယ်။
from.......ကန္တရသတီတိုင်း(မ်)

No comments:

Post a Comment