Thursday, 18 December 2014

လာမည့်နှစ်အတွင်း တင်သွင်းခွင့်ပြုမည့် မော်တော်ယာဉ် မော်ဒယ်လ်နှစ်များ စီးပွား/ကူးသန်း ထုတ်ပြန်

Photo: လာမည့်နှစ်အတွင်း တင်သွင်းခွင့်ပြုမည့် မော်တော်ယာဉ် မော်ဒယ်လ်နှစ်များ စီးပွား/ကူးသန်း ထုတ်ပြန်
Thursday, December 18, 2014 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်အတွင်း တင်သွင်းခွင့်ပြုမည့် မော်တော်ယာဉ် မော်ဒယ်လ်နှစ် သတ်မှတ်ချက်များကို ထုတ်ပြန်လိုက်သည်။

CIF စတင်သတ်မှတ်သည့် ၂၀၁၁ ခုနှစ်မှ စတင်၍ နှစ်စဉ် ထုတ်ပြန်ကြေညာခဲ့ပြီး မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားမှုများကို မော်ဒယ်လ်နှစ်အလိုက် ပြောင်းလဲ ဆောင်ရွက်ပေးလျက် ရှိကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းထုတ်ပြန်ချက်တွင် ယာဉ်အိုယာဉ်ဟောင်း အစားထိုး တင်သွင်းခွင့်၊ နိုင်ငံခြားငွေစာရင်း ဖွင့်ထားသော တစ်ဦးချင်း၊ ပို့ကုန်/သွင်းကုန် ကုမ္ပဏီများ၊ နိုင်ငံခြား ဝန်ထမ်းများ၊ သင်္ဘောသားများ၊ ပြည်ပအလုပ်သမားများ၊ ကာကွယ်ရေး ဝန်ကြီးဌာန စစ်သံဝန်ထမ်းများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များ၏ တင်သွင်းခွင့်တို့ အပါအဝင် ကျန်တင်သွင်းခွင့် အားလုံးကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့် မော်ဒယ်လ်နှစ်များကို ထုတ်ပြန် ကြေညာခဲ့သော်လည်း CIF နှုန်းထားများကိုမူ ထုတ်ပြန်မည် မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

“ကားဈေးကွက်က ကမောက်ကမ ဖြစ်တော့မယ် ထင်ပါတယ်။ CIF ကိစ္စကိုလည်း သူတို့က ဘယ်လိုလုပ်မလဲ မသိသေးပါဘူး” ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး အသင်း အတွင်းရေးမှူး ဦးမျိုးဇင်ဝင်းက ဆိုသည်။

ယခင်နှစ်များက မော်တော်ယာဉ် တင်သွင်းခွင့် မော်ဒယ်လ်နှစ်များကို CIF တန်ဖိုး သတ်မှတ်ချက်များဖြင့် ထုတ်ပြန်ခြင်းဖြစ်ပြီး ယခုနှစ်တွင် တင်သွင်းခွင့် မော်ဒယ်လ်နှစ်များကို သီးခြား ထုတ်ပြန် ကြေညာလိုက်ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ကြေညာလိုက်ခြင်းမှာ CIF တန်ဖိုး မထုတ်ပြန်တော့ခြင်းကြောင့် ဖြစ်နိုင်ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင် အချို့က မှတ်ချက်ပြု ပြောကြားသည်။

အဆိုပါ ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ ရောက်ရှိခုနှစ်နှင့် ရောက်ရှိခုနှစ်အောက် တစ်နှစ်လျော့မော်ဒယ်လ် (Brand New) မော်တော်ယာဉ်များ တင်သွင်းပါက ဘယ်မောင်း မော်တော်ယာဉ်များသာ တင်သွင်းရမည် ဖြစ်သည်။

The Voice Weekly
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်အတွင်း တင်သွင်းခွင့်ပြုမည့် မော်တော် ယာဉ် မော်ဒယ်လ်နှစ် သတ်မှတ်ချက်များကို ထုတ်ပြန်လိုက်သည်။

ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မနှစ်ခုဖြင့် စာရေးဆရာထင်လင်းဦးအား ချောင်းဦးမြို့နယ်တရားရုံးတွင် စတင်တရားစွဲဆိုပြီး အာမခံမရရှိဘဲ မုံရွာအကျဉ်းထောင်သို့ပို့ဆောင်

Photo: ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မနှစ်ခုဖြင့် စာရေးဆရာထင်လင်းဦးအား ချောင်းဦးမြို့နယ်တရားရုံးတွင် စတင်တရားစွဲဆိုပြီး အာမခံမရရှိဘဲ မုံရွာအကျဉ်းထောင်သို့ပို့ဆောင်
Thursday, December 18, 2014 

ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မနှစ်ခုဖြင့် စာရေးဆရာဦးထင်လင်းဦးအား ချောင်းဦးမြို့နယ်တရားရုံး၌ ဒီဇင်ဘာ ၁၇ ရက်တွင် စတင်တရားစွဲဆိုခဲ့ပြီး အာမခံလျှောက်ထားရာတွင် တရားရုံးမှပယ်ချခဲ့ပြီးနောက် မုံရွာအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၃ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှစံပြကျေးရွာတွင်ပြုလုပ်ခဲ့သည့် "ဦးဝိစာရ" နေ့အထိမ်းအမှတ် စာပေဟောပြောပွဲတွင် စာရေးဆရာဦးထင်လင်းဦးဟောပြောခဲ့သည့် ဟောပြောချက်အချို့မှာ ဘာသာသာသနာညှိုးနွမ်းမှုအားဖြစ်ပေါ်သည်ဟုဆိုကာ ချောင်းဦးမြို့နယ် လ၀ကဦးစီးမှူးက တရားလိုပြုလုပ်၍ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅-က၊ ၂၉၈ ဖြင့် ချောင်းဦးမြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာရေးဆရာဦးထင်လင်းဦးအား မုံရွာခရိုင် ချောင်းဦးမြို့နယ်တရားရုံးတွင် ဘာသာသာသနာညှိုးနွမ်းစေမှုဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅-က၊ ၂၉၈ တို့ဖြင့် ဒီဇင်ဘာ ၁၇ ရက်တွင် စတင်တရားစွဲဆိုခဲ့ရာတွင် ချောင်းဦးမြို့နယ်တရားသူကြီး ဦးလင်းမင်းထွန်းသည် ဖောင်ကြီးသင်တန်းသို့တက်ရောက်နေသဖြင့် မြင်းမူမြို့နယ်တရားသူကြီး ဦးဆန်းတင့်က ၎င်းသင်တန်းတက်ရောက်နေစဉ်ကာလအတွင်း အမှုအားတာဝန်ယူစစ်ဆေးသွားရမည်ဖြစ်ကြောင်း သိရသည်။

ဘာသာသာသနာညှိုးနွမ်းစေမှုပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် စာရေးဆရာဦးထင်လင်းဦး၏အမှုအား ဒီဇင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီအချိန်ခန့်တွင် စတင်စစ်ဆေးခဲ့ပြီး အမှုစစ်ဆေးရာ ချောင်းဦးမြို့နယ်တရားရုံးသို့ မဘသဆရာတော်များမှလည်း တက်ရောက်နားထောင်မှုများပြုလုပ်ခဲ့ကြသည်။

ချောင်းဦးမြို့နယ်တရားသူကြီးမှ အမှုစစ်ဆေးရာတွင် အာမခံလျှောက်ထားစေခဲ့ခြင်းကြောင့် အာမခံလျှောက်ထားခဲ့ကြောင်း၊ တရားရုံးသို့လျှောက်ထားရာတွင် သတ်မှတ်ပုံစံအတိုင်းသာဖြည့်သွင်းရေးသားပြီး လျှောက်ထားခဲ့ရာ တရားလို၏ရှေ့နေဖြစ်သူက အာမခံလျှောက်ထားလာမှုမှာ အကြောင်းအရာခိုင်လုံမှန်ကန်မှုမရှိဟုဆိုကာ တရားရုံးသို့တင်ပြခဲ့ရာတွင် တရားသူကြီးက အာမခံလျှောက်ထားလာမှုအား ပယ်ချခဲ့ခြင်းဖြစ်ကြောင်း စာရေးဆရာဦးထင်လင်းဦး၏ညီဖြစ်သူ ကိုဆန်းထွန်းကပြောကြားသည်။

ဒီအမှုကိုရင်ဆိုင်ဖြေရှင်းဖို့အတွက် ကျွန်တော်ကြိုရောက်နေခဲ့တယ်လေ။ ကျွန်တော်ထွက်ပြေးနေခဲ့တာမဟုတ်ဘူး။ စာမှာက ထုချေရှင်းလင်းရန် လာရောက်စေလိုသည်ဆိုပြီးခေါ်တယ်ဗျာ။ ထုချေရှင်းလင်းဆိုပြီးလာပါဆိုရင် ကျွန်တော်ကထုချေရှင်းလင်းဖို့ပဲတာဝန်ရှိတယ်။ ကျွန်တော်က တရားခံတစ်ယောက်မှမဟုတ်ဘဲ။ ကျွန်တော့်အပေါ်မှာ ထင်ရှားတဲ့စွပ်စွဲချက်ကိုမပြနိုင်မချင်း ကျွန်တော်ဟာအပြစ်မရှိဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးဆိုတာအဲဒါပဲဆိုရင် ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေရဲ့အခြေအနေက ခင်ဗျားတို့သိသင့်ပါပြီ . . .

"လက်ရှိဒီအမှုနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင် အမှုက အခုမှစတင်စစ်ဆေးဆဲဖြစ်ပါတယ်။ ဒီအမှုကိုလည်း တရားဥပဒေနဲ့အညီ စစ်ဆေးဆောင်ရွက်သွားမှာပါ။ အာမခံလျှောက်ထားတာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဒီအမှုဟာ အာမခံပေးလို့မရပါဘူး။ စွဲဆိုထားတဲ့ ပုဒ်မ ၂၉၅-က က အာမခံပေးလို့မရတဲ့ဥပဒေပုဒ်မတစ်ခုဖြစ်ပါတယ်။ ဒီနေ့အမှုစစ်ဆေးတဲ့အခါမှာ ချောင်းဦးမြို့နယ်တရားသူကြီးက သင်တန်းသွားနေတဲ့အတွက် ကျွန်တော့်အနေနဲ့ သူသင်တန်းတက်နေစဉ်ကာလအတွင်းမှာ အမှုတွေကို တာဝန်ယူစစ်ဆေးသွားရမှာဖြစ်ပါတယ်" ဟု ချောင်းဦးမြို့နယ်တရားရုံး၌ ဦးထင်လင်းဦး၏အမှုအား လာရောက်စစ်ဆေးခဲ့သည့် မြင်းမူမြို့နယ်တရားသူကြီး ဦးဆန်းတင့်က ပြောကြားသည်။

ဘာသာသာသနာညှိုးနွမ်းစေမှုဖြင့် ချောင်းဦးမြို့နယ်တရားရုံး၌ အမှုရင်ဆိုင်နေရသည့် ဦးထင်လင်းဦးက တရားရုံးချိန်းအပြီးထွက်ခွာလာစဉ်တွင် "အခုတော့ကျွန်တော်က ဘာသာသာသနာသန့်ရှင်းစင်ကြယ်ဖို့အတွက်တင်မကဘူး တရားဥပဒေစိုးမိုးရေးအတွက်ပါ ဆက်ပြီးဆောင်ရွက်ရမလိုဖြစ်သွားတာပေါ့။ ကျွန်တော်တို့အနေနဲ့ လုပ်သင်လုပ်ထိုက်တာအားလုံးကို ဆက်လုပ်သွားမှာပါ။ စောစောကကျွန်တော်ထောက်ပြသွားတဲ့အချက်ကို ခင်ဗျားတို့လည်းမြင်မယ်ထင်ပါတယ်။ ကျွန်တော့်ကိုအာမခံလျှောက်ဖို့အတွက် ကျွန်တော်ပုံစံပဲဖြည့်ခဲ့ရတာလေ။ ကျွန်တော့်ဘာသာကျွန်တော် အကြောင်းပြချက်လည်းပေးခဲ့ရတာမဟုတ်ဘူး။ ဒီစာရွက်ကိုဖတ်ပြီးတော့ ဒီစာရွက်ထဲမှာ အကြောင်းပြချက်ခိုင်ခိုင်မာမာမပါလို့ဆိုတာကြီးက လွန်လွန်းအားကြီးတယ်ဗျာ။ အစောကြီးကတည်းက ဒီပုဒ်မတွေဟာ အာမခံပေးလို့မရဘူးဆိုရင် ထုချေရှင်းလင်းရန်လာရောက်ဖို့ဆိုပြီးတော့ သမ္မန်စာမှာဆင့်ခေါ်ခဲ့တာပါ။ တရားဥပဒေအရခုခံရှင်းလင်းဖို့အတွက်ရောက်လာတဲ့သူကို ဒီရောက်တော့မှ ဆီးဖမ်းတယ်ဆိုတော့ဗျာ လိမ်ခေါ်ပြီးဖမ်းတာနဲ့မတူဘူးလား။ မြန်မာနိုင်ငံရဲ့တရားရုံးကဒီလိုပဲ လိမ်ခေါ်ပြီးတော့ဖမ်းတတ်သလား။ ဒီအမှုကိုရင်ဆိုင်ဖြေရှင်းဖို့အတွက် ကျွန်တော်ကြိုရောက်နေခဲ့တယ်လေ။ ကျွန်တော်ထွက်ပြေးနေခဲ့တာမဟုတ်ဘူး။ စာမှာက ထုချေရှင်းလင်းရန် လာရောက်စေလိုသည်ဆိုပြီးခေါ်တယ်ဗျာ။ ထုချေရှင်းလင်းဆိုပြီးလာပါဆိုရင် ကျွန်တော်ကထုချေရှင်းလင်းဖို့ပဲတာဝန်ရှိတယ်။ ကျွန်တော်က တရားခံတစ်ယောက်မှမဟုတ်ဘဲ။ ကျွန်တော့်အပေါ်မှာ ထင်ရှားတဲ့စွပ်စွဲချက်ကိုမပြနိုင်မချင်း ကျွန်တော်ဟာအပြစ်မရှိဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးဆိုတာအဲဒါပဲဆိုရင် ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေရဲ့အခြေအနေက ခင်ဗျားတို့သိသင့်ပါပြီ" ဟု တရားရုံးမှအမှုရင်ဆိုင်ထွက်ခွာလာပြီးနောက် မုံရွာအကျဉ်းထောင်သို့မပို့ဆောင်မီ ပြောကြားသည်။

ဦးထင်လင်းဦး၏အမှုအားစစ်ဆေးနေချိန်တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅-ကသည် အာမခံပေး၍မရသောပုဒ်မဖြစ်သည်ဟုပြောဆိုထားသော်လည်း တရားခွင်တွင် တရားသူကြီးက ဦးထင်လင်းဦးအား အာမခံလျှောက်ထားလိုပါသလားဟုမေးမြန်းခဲ့ရာ ဦးထင်လင်းဦးမှမလျှောက်ထားပါဟုပြောဆိုခဲ့ပြီးနောက် တရာသူကြီးကထပ်မံမေးမြန်းခဲ့ရာ အာမခံလျှောက်ထားရန်အတွက် ပုံစံစာရွက်တွင်ဖြည့်စွက်ကာ အာမခံရရှိရန်အတွက်လျှောက်ထားခဲ့ရာ အကြောင်းအရာခိုင်လုံမှုမရှိဟုဆိုကာ တရားရုံးမှပယ်ချခဲ့ကြောင်း အမှုအားသွားရောက်နားထောင်ခဲ့သည့် ဒေသခံများထံမှသိရသည်။

စာရေးဆရာဦးထင်လင်းဦး၏အမှုအား တရားလိုပြုလုပ်၍တရားစွဲဆိုခဲ့သည့် ချောင်းဦးမြို့နယ် လ၀ကဦးစီးမှူးဦးဦးထွန်းခိုင်က "စာရေးဆရာထင်လင်းဦးက အောက်တိုဘာ ၂၃ ရက်မှာ ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာမှာ စာပေဟောပြောပွဲပြုလုပ်ခဲ့ရာမှာ သူဟောပြောခဲ့တဲ့အကြောင်းအရာတွေက အချက်အချို့မှာ အမျိုးဘာသာသာသနာကိုပုတ်ခတ်စော်ကားတဲ့စကားလုံးတွေပါသွားတယ်။ တစ်ခါမဟုတ် နှစ်ခါလည်းမဟုတ် သုံးခါလောက်ပါနေပါတယ်။ အဲဒါကြောင့် မြို့နယ်သံဃနာယကအဖွဲ့က အစည်းအဝေးလုပ်တယ်။ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဥပဒေနဲ့အညီအရေးယူဆောင်ရွက်ပေးဖို့ဆိုပြီး မြို့နယ်စီမံခန့်ခွဲရေးကော်မတီကို တာဝန်ပေးလိုက်ပါတယ်။ ကျွန်တော်က ဒီမြို့နယ်မှာ မြို့နယ်လ၀ကဦးစီးမှူးတာဝန်ယူထားပါတယ်။ ဒီမြို့မှာက မြို့နယ်သာသနာရေးဦးစီးဌာနဆိုပြီး သီးခြားမဖွင့်သေးဘူး။ တိုင်းအဆင့်မှာပဲရှိပါတယ်။ အဲဒီတော့ ကျွန်တော့်ကိုတရားလိုလုပ်ပြီး တရားစွဲဆိုဖို့အတွက် တာဝန်ပေးပါတယ်။ တာဝန်ပေးလာတဲ့အတွက် ချောင်းဦးမြို့တရားရုံးမှာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅-က၊ ၂၉၈ အရ နိုဝင်ဘာ ၂၀ ရက်မှာတရားစွဲဆိုခဲ့တာပါ။ တာဝန်ပေးခဲ့တာက မြို့နယ်သံဃနာယကရဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ မြို့နယ်စီမံခန်ခွဲမှုကော်မတီကနေတစ်ဆင့် အရေးယူပေးပါဆိုပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ တရားစွဲဆိုခဲ့တာပါ။ မြို့နယ်သံဃနာယကအဖွဲ့ကဆရာတော်တွေနဲ့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီကနေ စာရေးဆရာဦးထင်လင်းဦးဟောပြောခဲ့တဲ့အကြောင်းအရာတွေက ဘယ်အကြောင်းတွေက ဘာသာသာသနာကိုပုတ်ခတ်ထိခိုက်စော်ကားနေတယ်ဆိုတဲ့အချက်တွေကို အစည်းအဝေးမှာ ဟောပြောချက်တစ်ခွေလုံးကို နားထောင်ပြီးတော့ ထိခိုက်စေတဲ့အချက်တွေနဲ့တရားစွဲဆိုခဲ့တာပါ။ ဒီအမှုနဲ့ပတ်သက်ပြီး တရားဥပဒေနဲ့အညီပဲ ဆက်လက်ဆောင်ရွက်သွားမှာပါ" ဟုပြောကြားသည်။

စာရေးဆရာဦးထင်လင်းဦးက ၎င်းအားစွပ်စွဲခဲ့သည့်ဟောပြောချက်များမှာ မိနစ်အနည်းငယ်ကိုသာဖြတ်တောက်ယူကာ စွပ်စွဲခြင်းဖြစ်ကာ ဟောပြောခဲ့သည်များမှ ၁၀ မိနစ်ခန့်ကိုသာ ဖြတ်တောက်ထားကြောင်း ပြောကြားသည်။

"ကျွန်တော်ဟောပြောသွားတဲ့အထဲမှာ ၁၀ မိနစ်လောက်ရှိတဲ့အကြောင်းအရာကို လိုသလိုဖြတ်တောက်ပြီးဖြန့်ဝေထားတာပါ။ ဟောပြောခဲ့တဲ့အထဲမှာ ဘာသာသာသနာနဲ့ပတ်သက်ပြီး စွပ်စွဲခဲ့တာနဲ့ပတ်သက်ပြီး သိရတာက ကျွန်တော်ဟောပြောခဲ့တာက အခွေကြာချိန်က တစ်နာရီနဲ့ မိနစ် ၄၀ ကြာပါတယ်။ တစ်နာရီ မိနစ် ၄၀ ကြာပြောထားတဲ့အခွေထဲက သူတို့က ၁၀ မိနစ်လောက်ကိုဖြတ်ထုတ်လိုက်တယ်။ အဲဒါကို အခွေထုတ်ပြီးဖြန့်ဝေလိုက်တယ်။ ဖြန့်ဝေတဲ့အဖွဲ့အစည်းတွေကတော့ အတိအကျတော့မသိဘူးပေါ့။ အဲဒီ ၁၀ မိနစ်စာထဲမှာက သူတို့က ဘယ်ဟာကိုဟိုက်လိုက်ခ်လုပ်တာလဲဆိုတော့ မြတ်စွာဘုရားက ကျုပ်တို့တိုင်းရင်းသားမဟုတ်ဘူးပေါ့။ အဲဒီတော့ လူမျိုးရေးကိုသိပ်ချစ်နေတယ်ဆိုရင် ဘုရားကိုမကိုးကွယ်နဲ့ပေါ့ဆိုတဲ့အစိတ်အပိုင်းလေးကိုဖြတ်ထားတယ်။ နောက်တစ်ခုက ဘုရားသားတော်တွေဆိုပြီး ငါလုပ်တာအမှန် ငါပြောတာအမှန်ဆိုပြီးပြောရင် အဲဒါဟာမှန်မလားဆိုတာ အဲဒါပါတယ်။ မြတ်စွာဘုရားက မျက်လုံးပြူးလား၊ နှာခေါင်းချွန်လား ခင်ဗျားတို့မသိကြဘဲ ဘာလို့ကိုးကွယ်နေမှာလဲ။ အဲဒါတွေနဲ့ပတ်သက်လို့ ဘာသာသာသနာကို ညှိုးနွမ်းစေတယ်ဆိုပြီး ကျွန်တော့်ကိုတရားစွဲခဲ့တာပါ။ နောက်တစ်ခုက သံဃာတော်ထုတစ်ခုလုံးကို အားလုံးကိုပြောတယ်ဆိုပြီး သူတို့ကဒီလိုစွပ်စွဲတာပါ။ ပထမဆုံးအချက်ကိုပြောမယ်ဆိုရင် မြတ်စွာဘုရားက ကျွန်တော်တို့တိုင်းရင်းသားမဟုတ်ဘူးဆိုတဲ့နေရာလေးမှာဖြတ်ထားလိုက်မယ်ဆိုရင် အရမ်းအန္တရာယ်များသွားပြီ။ ကျွန်တော်ပြောတဲ့စကားက အဲဒါပြောပြီး နောက်ထပ်ဘာပါလဲဆိုရင် ကျွန်တော်တို့ဟာ မြတ်စွာဘုရားကို မျက်လုံးပြူးလား နှာခေါင်းချွန်လားဆိုပြီးမသိဘဲနဲ့ကိုးကွယ်နေတာက လူမျိုးကိုကိုးကွယ်တာမဟုတ်ဘူး။ သူဟောကြားခဲ့တဲ့တရားတော်တွေကိုနာကြားပြီး ယုံကြည်သက်ဝင်ကိုးကွယ်နေတာ မဟုတ်ဘူးလားဆိုပြီး ပြောထားပါတယ်။ ပြောချင်တဲ့စကားကဘာလဲဆိုတော့ တို့သည် ဘုရားကိုကိုးကွယ်သည်ဆိုရာမှာ လူပုဂ္ဂိုလ်ကိုးကွယ်တာမဟုတ်ဘူး။ သူဟောကြားခဲ့တဲ့တရားတွေကို ကိုးကွယ်နေတယ်ဆိုတာကို ရောက်အောင်ပြောချင်တာပဲဖြစ်ပါတယ်။ စဉ်းစားတွေးခေါ်တတ်တဲ့သူဆိုရင် ဒါဟာအင်မတန်ရှင်းပါတယ်" ဟု စာရေးဆရာဦးထင်လင်းဦးက ပြောကြားသည်။

Eleven Media Group 

ဒီဇင်ဘာ ၁၇ ရက်က ချောင်းဦးမြို့နယ်တရားရုံးတွင် ဘာသာသာသနာ ညှိုးနွမ်းစေမှု ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုမှုအတွက် အာမခံမရဘဲဖမ်းဆီး ခံခဲ့ရသည့် ဦးထင်လင်းဦးအားတွေ့ရစဉ်
ဒီဇင်ဘာ ၁၇ ရက်က ချောင်းဦးမြို့နယ်တရားရုံးတွင် ဘာသာသာသနာ ညှိုးနွမ်းစေမှု ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုမှုအတွက် အာမခံမရဘဲဖမ်းဆီး ခံခဲ့ရသည့် ဦးထင်လင်းဦးအားတွေ့ရစဉ်
ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မနှစ်ခုဖြင့် စာရေးဆရာဦးထင်လင်းဦးအား ချောင်းဦးမြို့နယ်တရားရုံး၌ ဒီဇင်ဘာ ၁၇ ရက်တွင် စတင်တရားစွဲဆိုခဲ့ပြီး အာမခံလျှောက်ထားရာတွင် တရားရုံးမှပယ်ချခဲ့ပြီးနောက် မုံရွာအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ဘော်စတွန် မာရသွန်ပြေးပွဲ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး နောက်ဆုံး စစ်ဆေးစီရင်မှု ပြုလုပ်မည်

Photo: ဘော်စတွန် မာရသွန်ပြေးပွဲ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး နောက်ဆုံး စစ်ဆေးစီရင်မှု ပြုလုပ်မည်
Thursday, December 18, 2014

ဘော်စတွန် မာရသွန် ပြိုင်ပွဲအား ဗုံးခွဲတိုက်ခိုက်ခဲ့သူဟု စွပ်စွဲခြင်း ခံထားရသူ ဒဇိုခါ ဇာနာယက်ဗ်သည် လာမည့် ဇန်နဝါရီလတွင် စတင်မည့် စစ်ဆေး စီရင်မှု အတွက် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တရားရုံးသို့ လာရောက်ရမည် ဖြစ်ရာ ၁၇ လကြာ ကာလ အတွင်းတွင် ပထမဆုံး အကြိမ် အဖြစ် အများပြည်သူ ရှေ့မှောက်သို့ ပြန်လည် ရောက်ရှိ လာခြင်း ဖြစ်သည်။

အမှုရင်ဆိုင်ရမည့် တရားရုံး ဖြစ်သော ဘော်စတွန်ရှိ ဖက်ဒရယ် တရားရုံးနှင့် ကီလိုမီတာ ၇၀ ခန့် အကွာရှိ ဖို့ဒီဗင်(စ်) အကျဉ်းထောင် ဆေးရုံ တွင် အသက် ၂၁ နှစ် အရွယ် Tsarnaev အား ဖမ်းဆီး ထိန်းသိမ်းထားခြင်း ဖြစ်သည်။ ဇာနာယက်ဗ်က သူ့တွင် အပြစ်မရှိကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင်လက ထုချေ လျှောက်လဲခဲ့ပြီး၊ ထို့နောက်ပိုင်းတွင် သူ့အား အများပြည်သူ ရှေ့မှောက်၌ တစ်ခါမျှ မတွေ့ရ တော့ခြင်း ဖြစ်သည်။ အယ်လ်ခိုင်းဒါးတို့ ကျူးလွန် ခဲ့သော ၉/၁၁ လေယာဉ် အပိုင်စီး တိုက်ခိုက်မှု နောက်ပိုင်းတွင် အမေရိကန်အား အပြင်းထန်ဆုံး တိုက်ခိုက်မှု တစ်ခု ဖြစ်သည့် ၂၀၁၃ ခုနှစ် ဧပြီလ ၁၅ ရက်နေ့ ဘော်စတွန် မာရသွန် ပြိုင်ပွဲ ဗုံးခွဲတိုက်ခိုက်မှု စွဲချက်များဖြင့် သေဒဏ်ပေး ခံရမည့် အရေးကို ဇာနာယက်ဗ် ရင်ဆိုင်နေရသည်။

ပေါင်းအိုးထဲတွင် ထည့်ထား ခဲ့သော ဗုံးနှစ်လုံးအား မာရသွန် ပန်းတိုင် အနီးတွင် ထားရှိခဲ့ခြင်း ဖြစ်ရာ ဗုံးပေါက်ကွဲ မှုကြောင့် လူသုံးဦး သေဆုံး ခဲ့ရပြီး လူ ၂၆၄ ဦး ဒဏ်ရာ ရရှိခဲ့ရာ၊ ကမ္ဘာကျော် အားကစားပြိုင်ပွဲမှာ ဝမ်းနည်း ကြေကွဲဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့ပြီး အကြမ်းဖက်မှုကို စိုးရိမ် ထိတ်လန့်မှုများ ပြန်လည်မြင့်တက် လာခဲ့သည်။ သူ့အား စစ်ဆေးစီရင်မှုမှာ ဇန်နဝါရီလ ၅ ရက်နေ့တွင် စတင်မည်ဖြစ်ကာ ကြာသပတေးနေ့ တရားခွင်မှာ နောက်ဆုံးအသေးစိတ် ပြင်ဆင်မှုများကို အပြီးသတ် ပြုလုပ်ရန် ဖြစ်သည်။

Chechen သွေး တစ်ဝက်နှောသော မွတ်စလင်တစ်ဦးဖြစ်သည့် ဇာနာယက်ဗ်သည် ၂၀၀၂ ခုနှစ်တွင် သူ၏ မိသားစုနှင့်အတူ အမေရိကန်သို့ ပြောင်းရွှေ့အခြေချလာခဲ့ခြင်းဖြစ်ကာ ၂၀၁၂ ခုနှစ်တွင် အမေရိကန် နိုင်ငံသားအဖြစ် ခံယူခဲ့ခြင်း ဖြစ်သည်။ သူ နှင့် သူ၏ အစ်ကိုဖြစ်သူ တာမာလန် တို့သည် မာရသွန်ပန်းတိုင် အနီးတွင် ဗုံးထည့်ထားသော ပေါင်းအိုးများပါရှိသည့် ကျောပိုးအိတ်များဖြင့် ဗုံးထောင်ထားခဲ့ကြခြင်း ဖြစ်ကြောင်း စွပ်စွဲခံထားရသည်။

ရက်ပေါင်းများစွာ ကြာပြီးနောက် ညီအစ်ကို နှစ်ဦးသည် ဘော်စတွန်ဧရိယာမှ လွတ်မြောက်အောင် ကြိုးပမ်းနေစဉ်တွင် အစ်ကိုဖြစ်သူ Tamerlan သည် ရဲများနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွါးခဲ့ပြီး သေဆုံးသွားခဲ့သည်။ ဒဏ်ရာရရှိသွားခဲ့သော ညီဖြစ်သူ Dzhokhar Tsarnaev ကိုမူ ဆင်ခြေဖုံးဒေသ တစ်ခု၏ မြေကွက်လပ် တစ်ခုတွင် ရှိနေခဲ့သော လှေတစ်စီးပေါ်တွင် သူပုန်းအောင်းနေစဉ် ဖမ်းဆီးနိုင် ခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

ဘော်စတွန် မာရသွန်ပွဲ ဗုံးဖောက်ခွဲ သူများ ဖြစ်သည့် တာမာလန် (သေဆုံး၊ ၀ဲ) နှင့် ဇာနာယက်ဗ် (ယာ)
ဘော်စတွန် မာရသွန်ပွဲ ဗုံးဖောက်ခွဲ သူများ ဖြစ်သည့် တာမာလန် (သေဆုံး၊ ၀ဲ) နှင့် ဇာနာယက်ဗ် (ယာ)
ဘော်စတွန် မာရသွန် ပြိုင်ပွဲအား ဗုံးခွဲတိုက်ခိုက်ခဲ့သူဟု စွပ်စွဲခြင်း ခံထားရသူ ဒဇိုခါ ဇာနာယက်ဗ်သည် လာမည့် ဇန်နဝါရီလတွင် စတင်မည့် စစ်ဆေး စီရင်မှု အတွက် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တရားရုံးသို့ လာရောက်ရမည် ဖြစ်ရာ ၁၇ လကြာ ကာလ အတွင်းတွင် ပထမဆုံး အကြိမ် အဖြစ် အများပြည်သူ ရှေ့မှောက်သို့ ပြန်လည် ရောက်ရှိ လာခြင်း ဖြစ်သည်။

မိမိမှာ နောက်ဆုံး ဒလိုင်းလားမား ဖြစ်နိုင်ဟု ဒလိုင်းလားမားပြောကြား

Photo: မိမိမှာ နောက်ဆုံး ဒလိုင်းလားမား ဖြစ်နိုင်ဟု ဒလိုင်းလားမားပြောကြား
Thursday, December 18, 2014

တိဘက်တို့၏ အမြင့်မားဆုံး ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားက မိမိမှာ အဆိုပါ ဘွဲ့ကို နောက်ဆုံး ဆက်ခံ သူဖြစ်နိုင်ကြောင်း သိရှိနေသည်ဟု ပြည်ပရောက် တိဘက်ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားက ပြောကြားလိုက်သည်။ သို့သော် လည်း လူသိများသော ဒလိုင်းလားမား တစ်ဦး၏ ခေတ်တွင် ရာစုနှစ်များစွာ ကြာမြင့်နေပြီ ဖြစ်သော အစဉ်အလာတစ်ခု ရပ်တန့်သွားခြင်းက ပိုမိုကောင်းမွန်လိမ့်မည် ဟုလည်း ၎င်းက ဘီဘီစီသို့ပြောကြားခဲ့သည်။ တိဘက်တွင် ပုန်ကန်မှု တစ်ခုကို တရုတ်တပ်များက ချေမှုန်း ပြီးနောက် ဒလိုင်းလားမားသည် ၁၉၅၉ ခုနှစ်က အိန္ဒိယသို့ ထွက်ပြေးခဲ့သည်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒလိုင်းလားမားသည် ခွဲထွက်ရေး ၀ါဒီတစ်ဦး ဖြစ်သည်ဟု ပေကျင်းက ရှုမြင်လျက် ရှိသည်။ သို့သော်လည်း ယခုအခါ ဒလိုင်းလားမားက တရုတ်နှင့် ပတ်သက်၍ အလယ်အလတ် သဘောထား ရှိနေပြီး တိဘက်အတွက် လွတ်လပ်ရေး မဟုတ်ဘဲ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရန်သာ လိုလားနေသည်။ သူ့တွင် ဆက်ခံမည့်သူ တစ်ဦးမျှ မရှိသေးကြောင်း လည်း ဘီဘီစီ၏ သတင်း အစီအစဉ်နှင့် ပြုလုပ်သော အင်တာဗျူးတွင် ၇၉ နှစ်အရွယ် ဘာသာရေး ခေါင်းဆောင်က ပြောကြားခဲ့သည်။

၎င်းနေရာကို ဆက်ခံမည့် နောက်ထပ် ဒလိုင်းလားမား ပေါ်ထွက်လာမလာမှာ ၎င်းသေဆုံးပြီးနောက် ဖြစ်ပေါ်လာသည့် အခြေအနေများပေါ် တွင် မူတည်နေ သည့် အပြင် တိဘက်ပြည်သူများ အပေါ်တွင်လည်း မူတည်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ ၂၀၁၁ခုနှစ်က အဝေးရောက် တိဘက်အစိုးရ၏ ခေါင်း ဆောင် အဖြစ် တင်မြောက်ခံရသော လော့ဘ်ဆန်ဆန်ဂေးအား လွှဲပေးပြီး ကတည်းက သူ့တွင် နိုင်ငံရေး တာဝန်များ မရှိတော့ဟု ဆိုသည်။

ယင်းသို့ လွှဲအပ်မှုက တရုတ် ထိန်းချုပ်မှု၏ ပြင်ပတွင် တိဘက် လူ့အဖွဲ့အစည်း တွင် စနစ်တကျ ရွေးကောက် တင်မြောက်သော ခေါင်းဆောင် တစ်ဦး ရှိသည် ဆိုသည် အစဉ်အလာ တစ်ခုကို ဒလိုင်းလားမားက သေချာအောင် ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်ဟု အများက ယူဆလျက် ရှိသည်။

သို့သော်လည်း နောက်ထပ် ဒလိုင်းလားမား တစ်ဦး ရွေးချယ်မည်ဟု တရုတ်က အကြိမ်ကြိမ် ပြောကြားလျက် ရှိသည်။ “ဒလိုင်းလားမား အင်စတီကျူးရှင်းဟာ တစ်နေ့တော့ ရပ်စဲသွား ပါလိမ့်မယ်။ ဒီလိုမျိုး လူလုပ် အင်စတီကျူးရှင်း တွေဟာ ရပ်စဲရ ပါလိမ့်မယ်“ဟု ဒလိုင်းလားမား က ဘီဘီစီသို့ ပြောကြားခဲ့သည်။ တိဘက်ဗုဒ္ဓဘာသာတွင် ဒုတိယ အမြင့်ဆုံးပုဂ္ဂိုလ်မှာ ပန်ချင်လာမားဖြစ်ပြီး နောက်တက်မည့် ဒလိုင်းလားမား အား ရွေးချယ်ရာတွင် အဓိက ကျသူ ဖြစ်သည်။၁၉၉၅ ခုနှစ်က ဒလိုင်းလားမားသည် ပန်ချင်လားမား အဖြစ် ငယ်ရွယ်သည့် အမျိုးသား လူငယ်လေးအား ရွေးချယ်ခဲ့ သော်လည်း တရုတ်ကပယ်ချခဲ့ပြီး ကိုယ်တိုင် ရွေးချယ်မှု ပြုလုပ်ခဲ့သည်။ ဒလိုင်းလားမား ရွေးချယ် ခဲ့သူ မည်သည့် နေရာတွင် ရှိသည်ကို မသိရပေ။ 

Ref: BBC
တိဘက်တို့၏ အမြင့်မားဆုံး ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားက မိမိမှာ အဆိုပါ ဘွဲ့ကို နောက် ဆုံး ဆက်ခံ သူဖြစ်နိုင်ကြောင်း သိရှိနေသည်ဟု ပြည်ပရောက် တိဘက်ဘာသာရေး ခေါင်းဆောင် ဒလိုင်း လားမားက ပြောကြားလိုက်သည်။ သို့သော် လည်း လူသိများသော ဒလိုင်းလားမား တစ်ဦး၏ ခေတ်တွင် ရာစုနှစ်များစွာ ကြာမြင့်နေပြီ ဖြစ်သော အစဉ်အလာတစ်ခု ရပ်တန့်သွားခြင်းက ပိုမိုကောင်းမွန်လိမ့်မည် ဟုလည်း ၎င်းက ဘီဘီစီသို့ပြောကြားခဲ့သည်။ တိဘက်တွင် ပုန်ကန်မှု တစ်ခုကို တရုတ်တပ်များက ချေမှုန်း ပြီးနောက် ဒလိုင်းလားမားသည် ၁၉၅၉ ခုနှစ်က အိန္ဒိယသို့ ထွက်ပြေးခဲ့သည်။

ဆူဇူကီးဖလားပြိုင်ပွဲ ထိုင်းအသင်း မလေးရှားကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ

Photo: ဆူဇူကီးဖလားပြိုင်ပွဲ ထိုင်းအသင်း မလေးရှားကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ
Thursday, December 18, 2014

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဒီဇင်ဘာ ၁၈ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အာဆီယံ ဆူဇူကီးဖလား ပထမအကျော့ ဗိုလ်လုပွဲမှာ ထိုင်းအသင်းက မလေးရှားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

ဒီပွဲမှာ ထိုင်းက လူငယ်ကစားသမား အများစုနဲ့ ယှဉ်ပြိုင်သွားပြီး  ဦးဆောင်ဂိုးကို တဖက်နောက်ခံလူရဲ့ ဖျက်ထုတ်မှုကြောင့် ပင်နယ်တီကနေ ရသွားတာပါ။

ထိုင်းအတွက် ဒုတိယ ဦးဆောင်ဂိုးကို ၈၆ မိနစ်လောက်မှာ ကိုကီရတ်က သွင်းယူပါတယ်။ ဒီဂိုးဟာ သူ့အတွက် ဆူဇူကီးဖလားပြိုင်ပွဲမှာ တတိယမြောက် သွင်းယူတဲ့ ဂိုးလည်း ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ မလေးရှား နည်းပြက အသင်းရဲ့ ခံစစ်ကြောင်းက မိနစ် ၇၀ နောက်ပိုင်းမှာ ပြိုလဲသွားပြီး လာမယ့် ဒုတိယအကျော့မှာ ၂၀၀ ရာခိုင်နှုန်းအထိ ကြိုးစားရတော့မှာဖြစ်တယ်လို့  ပြောဆိုသွားပါတယ်။

ထိုင်းနည်းပြ ကိုင်တီဆတ်ကတော့ ကျနော်တို့ ရည်မှန်းချက်က မပြီးသေးပါဘူး။ ကွာလာလမ်ပူအထိသွားပြီး ချန်ပီယံဆုကို အရယူဖို့ ကျန်ပါသေးတယ်လို့ ပြောပါတယ်။ ဗိုလ်လုပွဲမှာ ဒုတိယအကျော့ပွဲစဉ်ကို ဒီဇင်ဘာ ၂၀ ရက်နေ့ကြရင် မလေးရှားနိုင်ငံမှာ ထပ်မံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဒီဗွီဘီ
ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဒီဇင်ဘာ ၁၈ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အာဆီယံ ဆူဇူကီးဖလား ပထမ အကျော့ ဗိုလ်လုပွဲမှာ ထိုင်းအသင်းက မလေးရှားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

ရူပယ်ငွေတန်ဖိုးကျဆင်းမှုကြောင့် မော်စကိုမြို့ စတိုးဆိုင်များ ပိတ်ထားရ

Photo: ရူပယ်ငွေတန်ဖိုးကျဆင်းမှုကြောင့် မော်စကိုမြို့ စတိုးဆိုင်များ ပိတ်ထားရ
Thursday, December 18, 2014

ဒီဇင်ဘာလ ၁၇ ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့တော်က apple စတိုးဆိုင် တွေ အပါအ၀င် တန်ဖိုးကြီးပစ္စည်းဆိုင်တွေဟာ ရုရှား ရူပယ်ငွေတန်ဖိုး အကြီး အကျယ်ကျနေတာကြောင့် ပိတ်ထားခဲ့ကြပါတယ်။ အခုနှစ်အတွင်း ရူပယ် ငွေတန်ဖိုး စံချိန်တင်ထိုးကျခဲ့ပြီး အမေရိကန်ဒေါ်လာနဲ့ လဲလှယ်နှုန်းဟာ ၅၀ ရာခိုင်နှုန်း အထိထိုးကျခဲ့ပါတယ်။

၁၉၉၈ ခုနှစ်ကလည်း အခုလိုပဲ ရူပယ်ငွေတန်ဖိုး ရက်ပိုင်းအတွင်း ထိုးကျမှုတွေ ဖြစ်ခဲ့တာပါ။ မော်စကိုမြို့လယ်က အဆင့်မြင့်ဆိုင်အများစုကို ပိတ်ထားကြပြီး တချို့ကလည်း ပစ္စည်းတန်ဖိုး ဈေးနှုန်းပြောင်းကပ်နေကြပါတယ်။

ရုရှားနိုင်ငံက apple store တွေကိုရော၊ online က ရောင်းချမှုတွေကိုရော ပိတ်ထားလိုက်ပါတယ်။ အခုလို ရူပယ်ငွေတန်ဖိုးကျခဲ့တာကြောင့် apple ပစ္စည်းတွေဟာ ဥရောပမှာ ဈေးအသက်သာဆုံးဖြစ်သွားခဲ့ပြီး apple က ပစ္စည်း တန်ဖိုးအားလုံးကို ၂၀ ရာခိုင်နှုန်းစီ ဈေးမြှင့်လိုက်ပါတယ်။

ဒီတပတ်ထဲမှာပဲ ဒီရူဘယ်ငွေ တန်ဖိုးကျနေတာကို ထိန်းဖို့ ရုရှားဗဟိုဘဏ်က အတိုးနှုန်း ၁၀.၅ ရာခိုင်နှုန်းကနေ ၁၇ ရာခိုင်နှုန်းပြောင်းလဲ သတ်မှတ်ခဲ့ပေမယ့် လည်း သိပ်မထူးခဲ့ပါဘူး။

ဒီနှစ်အတွင်း ရုရှားငွေတန်ဖိုးကို မကျအောင်ထိန်းဖို့ ရုရှားဗဟိုဘဏ်က လိုက်ခုလာခဲ့တာ အမေရိကန်ဒေါ်လာ ဘီလီယံ ၈၀ ရှိသွားပြီဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ရေနံဈေးတွေ ကျနေတာနဲ့ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ကြောင့် အခြေအနေကို ဘယ်လိုမှ မထိန်းနိုင်ပဲ ဖြစ်ခဲ့တယ်။

ဒီ ၂ ချက်က ရုရှားစီးပွားရေးကို အားပျော့သွားရတဲ့ အဓိက ၂ ချက်ကလည်း ရေနံဈေးကျတာနဲ့ စီးပွားရေးပိတ်ဆို့မှုလို့ ဆိုပါတယ်။ အမေရိကန်က နောက် ထပ်စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်မယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် အခုအပတ် အတွင်း ရူပယ်ငွေတန်ဖိုး ထပ်ထိုးကျသွား ရတာလို့ သတင်းတွေက ဆိုပါတယ်။

DVB
ဒီဇင်ဘာလ ၁၇ ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့တော်က apple စတိုးဆိုင် တွေ အပါအ၀င် တန်ဖိုးကြီးပစ္စည်းဆိုင်တွေဟာ ရုရှား ရူပယ်ငွေတန်ဖိုး အကြီး အကျယ်ကျနေတာကြောင့် ပိတ်ထားခဲ့ကြ ပါတယ်။ အခုနှစ်အတွင်း ရူပယ် ငွေတန်ဖိုး စံချိန်တင်ထိုးကျခဲ့ပြီး အမေရိကန်ဒေါ်လာနဲ့ လဲလှယ်နှုန်းဟာ ၅၀ ရာခိုင်နှုန်း အထိထိုးကျခဲ့ပါတယ်။

Wednesday, 17 December 2014

မြန်မာ့တရားစီရင်ရေးစနစ် တိုးတက်ရန် ၃ နှစ်ကြာ မဟာဗျူဟာစီမံကိန်း ထုတ်ပြန်

Photo: မြန်မာ့တရားစီရင်ရေးစနစ် တိုးတက်ရန် ၃ နှစ်ကြာ မဟာဗျူဟာစီမံကိန်း ထုတ်ပြန်
Wednesday, December 17, 2014 

ပြည်သူတွေ ယုံကြည်ကိုးစားတဲ့ တရားစီရင်ရေးစနစ် ပေါ်ထွန်းဖို့ရည်ရွယ်တဲ့  မြန်မာ့တရားစီရင်ရေးစနစ် တိုးတက်ရေး သုံးနှစ်ကြာ မဟာဗျုဟာစီမံကိန်းတရပ်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က  ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ဒီစီမံကိန်းမှာ အထူး အရေးကြီး၊ ထိပ်တန်းဦးစားပေးအဆင့်နဲ့ အလယ်အလတ် ဦးစားပေးစီမံကိန်း ဆိုပြီး အစီအစဉ် ၃ ရပ်ပါဝင်တယ်လို့ ဒီနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အထူးအရေးကြီးစီမံကိန်းမှာ တရားရုံးတွေရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို အလွယ်တကူ လက်လှမ်းမီဖို့ အများပြည်သူကို သတင်းထုတ်ပြန်ပေးမယ့် ကောင်တာတွေ ထားရှိဖို့၊ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်တွေ လုပ်ဆောင်ဖို့နဲ့ တရားသူကြီးတွေအတွက် သာတူညီမျှမှု၊ မျှတမှုနဲ့ ဂုဏ်သိက္ခာဆိုင်ရာ သင်တန်းတွေ တိုးမြှင့်ပို့ချပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် တရားရုံး အသုံးပြုသူတွေရဲ့ ကျေနပ်မှု ၈၀ ရာခိုင်နှုန်း၊ နှစ်အလိုက် အမှု ပြီးပြတ်မှု ၁၀၀ ရာခိုင်နှုန်း ရအောင်ဆောင်ရွက်သွားမယ်လို့လည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားပါတယ်။

ဒီအချက်တွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ မဟာဗျုဟာစီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီက ကြီးကြပ်လုပ်ဆောင်သွားမှာဖြစ်ပြီး တရားရုံးအချို့မှာ ရှေ့ပြေးလုပ်ဆောင်သွားမယ်လို့လည်း သတင်းက ဖော်ပြပါတယ်။

ရန်ကုန်က တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အစိုးရက တရားသူကြီးတွေရဲ့ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားအောင် မလုပ်ပေးဘဲနဲ့ တရားစီရင်ရေးစနစ် မတိုးတက်နိုင်ဘူးလို့ မှတ်ချက်ပေး ပြောပါတယ်။

“တရားရေး တာဝန်ထမ်းဆောင်တဲ့ တရားသူကြီးတွေရဲ့ လူနေမှုအဆင့်အတန်း တိုးတက်အောင်လို့ အစိုးရက မလုပ်ပေးဘဲနဲ့ တရားစီရင်ရေးစနစ် ဘယ်လိုမှ တိုးတက်မှာ မဟုတ်ဘူး၊ နောက် အခုလို လုပ်ဆောင်မယ်ဆိုရင်လည်း တရားရေးနယ်ပယ်မှာ လုပ်ဆောင်နေတဲ့ ရှေ့နေတွေကိုလည်း ဖိတ်ခေါ်ပြီး ဆွေးနွေးရမယ်၊ တဘက်တည်း ဆွေးနွေးနေလို့ မရဘူး။ တိုင်းအဆင့်၊ ခရိုင်အဆင့် တရားသူကြီးနဲ့ ရှေ့နေတွေ ၃ လတကြိမ် တွေ့ဆုံဆွေးနွေးပြီး တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းအခက်အခဲတွေကို တဘက်နဲ့တဘက် နားလည်မှု ရှိရှိ အဂတိတရားကင်းကင်းနဲ့ ဖြေရှင်းဆောင်ရွက်ကြဖို့ ကျနော်အစဉ်တစိုက် ပြောနေတာရှိပါတယ်။ တရားရေးတဘက်တည်း လုပ်ရင်တော့ ဘယ်လိုမှ မျှတမှုရှိမှာလဲ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရာထူးတာဝန်အဆင့်ဆင့်ကို စိုးရိမ်ကြောင့်ကြနေကြတဲ့အတွက် အောက်ခြေတရားသူကြီးတွေက အမှန်တရားကို တင်ပြရဲကြမှာ မဟုတ်လို့ဘဲ။”

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီက တနိုင်ငံလုံးမှာ တရားဥပဒေစိုးမိုးရေးစင်တာတွေ ဖွင့်ဖို့ ကြိုးပမ်းလုပ်ဆောင်နေချိန်မှာ အခုလို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ တရားစီရင်ရေးဆိုင်ရာ မဟာဗျုဟာစီမံကိန်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

DVB
ပြည်သူတွေ ယုံကြည်ကိုးစားတဲ့ တရားစီရင်ရေးစနစ် ပေါ်ထွန်းဖို့ရည်ရွယ်တဲ့  မြန်မာ့တရားစီရင်ရေးစနစ် တိုးတက်ရေး သုံးနှစ်ကြာ မဟာဗျုဟာစီမံကိန်းတရပ်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က  ထုတ်ပြန် လိုက်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံတွင်းကနေ အမေရိကန်တပ်ဖွဲ့တွေကို စီစဉ်ထားတဲ့ အတိုင်း ရုပ်သိမ်းသွားမယ်လို့ သမ္မတ အိုဘားမားပြောကြား

Photo: အာဖဂန်နစ္စတန်နိုင်ငံတွင်းကနေ အမေရိကန်တပ်ဖွဲ့တွေကို စီစဉ်ထားတဲ့ အတိုင်း ရုပ်သိမ်းသွားမယ်လို့ သမ္မတ အိုဘားမားပြောကြား
Wednesday, December 17, 2014 

အာဖဂန်နိုင်ငံတွင်းမှာရောက်ရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ တိုက်ခိုက်ရေးလုပ်ငန်းတွေကို အခုနှစ်ကုန်မှာ စီစဉ်ထားတဲ့အတိုင်း ရပ်ဆိုင်းမှာ
ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမား က ပြောပါတယ်။
 
အာဖဂန်နိုင်ငံတွင်းကနေ ပြန်ရောက်လာတဲ့ အမေရိကန်တပ်သားတွေကို နယူးဂျာစီပြည်နယ် စစ်အခြေစိုက်စခန်းမှာ ဒီဇင်ဘာလ (၁၅) ရက်မှာ ကြိုဆိုစဉ် သမ္မတအိုဘားမားက အထက်ပါအတိုင်းပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ တပ်သားတွေ အခုလို ပြန်လာတာကို အမေရိကန်အနေနဲ့ ၀မ်းသာတယ် လို့လည်း သမ္မတက ပြောပါတယ်။
 
(၁၃) နှစ်အကျော်မှာ အာဖဂန်နိုင်ငံအတွင်းက အမေရိကန်တိုက်ခိုက် ရေးမစ်ရှင်တွေဟာ အဆုံးသတ်ပြီဖြစ်ပြီး အာဖဂန်စစ်ပွဲလည်း အဆုံးသတ်မှာဖြစ်တယ်လို့ သမ္မတကပြောပါတယ်။ အာဖဂန်နိုင်ငံတွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေရှိနေသေး တာကြောင့် အာဖဂန်တပ်ဖွဲ့တွေကို လေ့ကျင့်ပေးဖို့အတွက် သတ်မှတ်ထားတဲ့ အမေရိကန်တပ်သား အရေအတွက်ကတော့ အာဖဂန်နိုင်ငံတွင်းမှာ ဆက်ရှိသွား ဦးမှာဖြစ်တယ်လို့ သမ္မတကပြောပါတယ်။ အာဖဂန်တပ်ဖွဲကတွေအနေနဲ့ အယ်လ်ကေးဒါး အကြမ်းဖက်သမားတွေကို အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းဖို့ လိုအပ်နေသေးတယ်လို့လည်း သမ္မတ ကပြောပါတယ်။ 

MRTV-4
အာဖဂန်နိုင်ငံတွင်းမှာရောက်ရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ တိုက်ခိုက်ရေးလုပ်ငန်းတွေကို အခုနှစ်ကုန်မှာ စီစဉ်ထားတဲ့အတိုင်း ရပ်ဆိုင်းမှာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမား က ပြောပါတယ်။

ပါကစ္စတန်တွင် တာလီဘန်များက စာသင်ကျောင်းကို ဝင်တိုက်၊ ကလေး ၈၂ ဦးအပါအဝင် ၁၂၆ ဦး ထက်မနည်းသေဆုံး

Photo: ပါကစ္စတန်တွင် တာလီဘန်များက စာသင်ကျောင်းကို ဝင်တိုက်၊ 
ကလေး ၈၂ ဦးအပါအဝင် ၁၂၆ ဦး ထက်မနည်းသေဆုံး
Wednesday, December 17, 2014 

တာလီဘန်စစ်သွေးကြွများက ပါကစ္စတန်အနောက်မြောက်ပိုင်းမြို့ ကြီး ပက်ရှ်ဝါရှိ စစ်တပ်က ဖွင့်လှစ် ထားသည့် စာသင်ကျောင်းတစ် ကျောင်းကို တရကြမ်းဝင်ရောက်ပစ် ခတ်ရာ ကလေး ၈၂ ယောက် အပါ အဝင် ၁၂၆ ယောက်ထက်မနည်း သေဆုံးသည်ဟု ဆေးရုံအရာရှိများ က ဆိုသည်။

သေဆုံးသူအားလုံးမှာ ကျောင်း သားများဖြစ်ကြောင်း ပက်ရှ်ဝါပြည် နယ်ဝန်ကြီးချုပ်က ဆိုသည်။ ကျောင်း ၌ ကျောင်းသား ၁၅ဝဝ ကျော်ရှိ ကြောင်း၊ ၁ တန်းမှ ၁ဝ တန်းအထိ ရှိကြောင်း၊ ဒဏ်ရာရရှိသော ကျောင်း သား ၁ဝဝ ကျော်ကို ဆေးရုံသို့ပို့ ထားကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။ 

ပါကစ္စတန်ဝန်ကြီးချုပ် နဝပ်ရှရစ်ဖ်က တစ်နိုင်ငံလုံးဝမ်း နည်းခြင်းအထိမ်းအမှတ် သုံးရက် သတ်မှတ်လိုက်သည်။ 

စစ်တပ်က သူပုန်ခြောက်ဦးကို ပစ်သတ်ခဲ့သည်။

ဆေးရုံတွင် ကျောင်းသားအ လောင်း ၁၂၆ လောင်းရှိသည်ဟု AFP သတင်းထောက်က တွေ့မြင်ခဲ့ သည့် စစ်ဆေးရုံမှလာသော သီတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ကျောင်းထဲတွင် ရာချီ၍ရှိနေ သည့် လူများကိုလည်း ထိုတာလီ ဘန်စစ်သွေးကြွများက ထိန်းထား သည်ဟု သိရသည်။

Ref : AFP
Yangon Media Group
တာလီဘန်စစ်သွေးကြွများက ပါကစ္စတန်အနောက်မြောက်ပိုင်းမြို့ ကြီး ပက်ရှ်ဝါရှိ စစ်တပ်က ဖွင့်လှစ် ထားသည့် စာသင်ကျောင်းတစ် ကျောင်းကို တရကြမ်းဝင်ရောက်ပစ် ခတ်ရာ ကလေး ၈၂ ယောက် အပါ အဝင် ၁၂၆ ယောက်ထက်မနည်း သေဆုံးသည်ဟု ဆေးရုံအရာရှိများ က ဆိုသည်။

ဂျာမနီနိုင်ငံ၌ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်

Photo: ဂျာမနီနိုင်ငံ၌ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ဆန္ဒပြပွဲ  ပြုလုပ်

ဘာလင်၊ ဒီဇင်ဘာ ၁၅

အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဂျာမနီနိုင်ငံ ဒရက်ဒန်မြို့၌ ပြုလုပ်ရာတွင် လူပေါင်း  ၁၀,၀၀၀ ခန့် ပူးပေါင်းပါဝင်ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အနောက်တိုင်းအား အစ္စလာမ်ဇာတ်သွင်းမှု ဆန့်ကျင်ရေး မျိုးချစ် ဥရောပသားများအဖွဲ့ (Pegida)  လှုပ်ရှားမှု စတင်ပေါက်ဖွားရာ ဒေသသည် ဒရက်ဒန်မြို့ ဖြစ်ကာ ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းကလည်း ကြီးမားသော လူထုစုဝေးပွဲ တစ်ခုကို ဒရက်ဒန်မြို့၌ ပြုလုပ်ခဲ့သည်။
“ကျွန်မက လက်ယာအစွန်းရောက် မဟုတ်ပါဘူး။ နာဇီမဟုတ်ပါဘူး။ ဒီနိုင်ငံအတွက် စိုးရိမ်မိသလို ကျွန်မ မြေးမလေး အတွက်လည်း စိုးရိမ်မိပါတယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်သည့် အမျိုးသမီး တစ်ဦးက ပြောကြားသည်။

စားဖိုမှူးအလုပ်မှ ဂရပ်ဖစ်ဒီဇိုင်းနာ အလုပ်ကို ပြောင်းလဲလုပ်ဆောင်ခဲ့သည့် အသက် ၄၁ နှစ်အရွယ် လူ့ဘတ်မန်က Pegida လှုပ်ရှားမှုကို Facebook လူမှုရေးဝက်ဆိုက်မှတစ်ဆင့် စတင်ခဲ့ခြင်း ဖြစ်သည်ဟု ဂျာမန်မီဒီယာများတွင် ဖော်ပြထားသည်။
ထို့အပြင် အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး လုပ်ဆောင်နေသော လူ့ဘတ်မန်က ၎င်းသည် လူမျိုးရေး ခွဲခြားမှုဝါဒီ မဟုတ်ဟု ပြောကြားလိုက်သည်။

သို့သော်လည်း ဒရက်ဒန်ဆန္ဒပြပွဲတွင် ပါဝင်သူ ရာပေါင်းများစွာသည် လက်ယာအစွန်းရောက် အဖွဲ့ဝင်များ ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားထားသည်။

ထို့အပြင် အစွန်းရောက်များ၏ အမြတ်ထုတ်မှုမခံရန် ဂျာမန်ဝန်ကြီးချုပ် မာကယ်က ဂျာမန်နိုင်ငံသားများကို သတိပေးလိုက်သည်။
“ဂျာမနီမှာ လွတ်လပ်စွာ စုဝေးခွင့် ရှိပါတယ်။ ဒါပေမဲ့ အခြားနိုင်ငံကနေ ဒီကိုလာနေသူတွေ အကြောင်း လိမ်ညာပြောခွင့်၊ လှုံ့ဆော်ပြောခွင့်တော့ မရှိပါဘူး”  ဟု မာကယ်က ဘာလင်မြို့တော်တွင် ပြောကြားလိုက်သည်။

သို့သော်လည်း ဥပရောသမဂ္ဂအဖွဲ့နှင့် ပေါင်းစည်းရေး မလိုလားသည့် AfD ပါတီကမူ ဆန္ဒပြသမားများနှင့် အမြင် တူညီလျက်ရှိသည်။
“သူတို့တောင်းဆိုမှုတွေက တရားဝင်မှု ရှိပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးစနစ် ထိန်းချုပ်ရေး တောင်းဆိုနေသည့် AfD ပါတီခေါင်းဆောင် ဘန်လူကီက မှတ်ချက်ပြုသည်။

ဂျာမနီနိုင်ငံအတွင်း ဝင်ရောက်ခိုလှုံခွင့် တောင်းဆိုသူ အရေအတွက်မှာ ၂၀၁၃ ခုနှစ်တွင် ၁၂၇,၀၀၀ သာရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ၂၀၀,၀၀၀ အထိ တိုးမြင့်သွားသည်နှင့်အတူ လူဝင်မှု ကြီးကြပ်ရေးစနစ်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများ ဂျာမနီ၌ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာလျက် ရှိသည်။

အစ္စလာမ်ဘာသာကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပေါ်ပေါက်နေသလို ဘာသာရေးရာ အရ သည်းခံခွင့်လွတ်မှု၊ စိတ်ထားပွင့်လင်းမှု တို့ကို တောင်းဆိုသည့် လူပေါင်း ၁၅,၀၀၀ ကျော်တက် ရောက်သည့် ဆန္ဒပြပွဲတစ်ရပ် ကိုလည်း ကိုလုံးမြို့တွင် ကျင်းပလျက်ရှိသည်။

----------------------------
ဆက်စပ်သတင်း - 
နိုင်ငံအတွင်း မွတ်ဆလင်မုန်းတီးမှု တိုးပွားလာမည်ကို သြစတေးလျစိုးရိမ်
http://www.thevoicemyanmar.com/index.php/foreign/item/4799-sdn
အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဂျာမနီနိုင်ငံ ဒရက်ဒန်မြို့၌ ပြုလုပ်ရာတွင် လူပေါင်း ၁၀,၀၀၀ ခန့် ပူးပေါင်းပါဝင်ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ ကော်မရှင်နှင့် အနုပညာရှင်များ တွေ့ဆုံမှု မဲဆွယ်ရန်မဟုတ်ဟု ဦးတင်အေးပြော

Photo: ရွေးကောက်ပွဲ ကော်မရှင်နှင့် အနုပညာရှင်များ တွေ့ဆုံမှု မဲဆွယ်ရန်မဟုတ်ဟု ဦးတင်အေးပြော
Wednesday, December 17, 2014 

 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အနုပညာရှင်များနှင့် တွေ့ဆုံမှု တစ်ရပ်ပြုလုပ်ခဲ့ပြီး ထိုသို့တွေ့ဆုံခြင်းသည် အာဏာရ အစိုးရ၏ ဝါဒဖြန့်ချိရေး၊ မဲဆွယ်စည်းရုံးရေးအတွက်မဟုတ်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ်ဟောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဇာတ်လမ်းများ၊ သီချင်းများဖြင့်ရွေးကောက် ပွဲဆိုင်ရာ သတင်းအချက်အလက်များကို ပေးပို့ရန် စီစဉ်ခြင်းဖြစ်ပြီး အနုပညာရှင်များကို အသုံးချ၍ မဲဆွယ်စည်းရုံးခြင်း မဟုတ်ဟု ၎င်းက ဆိုသည်။

စစ်အစိုးရလက်ထက် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ တပ်မတော်တာဝန် ထမ်းဆောင်ခဲ့သူ ဦးတင်အေးက “မဲဆွယ်စည်းရုံးဖို့ တွေ့တာ မဟုတ်ဘူး၊ စည်းရုံးစရာလည်း မလိုဘူး၊ ရွေးကောက်ပွဲအောင်မြင်အောင် ကျင်းပနိုင်ရေးအတွက် လုပ်တာ၊ သန့်ရှင်းတဲ့ ရွေးကောက်ပွဲ ဖြစ်အောင်လုပ်မယ်” ဟု ပြောသည်။

ဒီဇင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ မီကာဆာဟိုတယ်တွင်ပြုလုပ်သော ပြည်ထောင်စုရွေး ကောက်ပွဲကော် မရှင်၊ အနုပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲအတွင်းပြောခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံး ဥက္ကဋ္ဌ ဦးတင်ဦးလေးက “ပွင့်လင်းမြင်သာတဲ့ ခေတ်ရောက်ပါပြီ၊ အရင်လိုဝါဒဖြန့်တဲ့ ဟာတွေ တစ်ဖက်လှည့်နဲ့ လုပ်လို့မရတော့ပါဘူး” ဟု သုံးသပ်သည်။

လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းပြုစုခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီး ၂၀၁၅ ဇူလိုင်လတွင် အပြီးသတ်ရန် လျာထားသည်။

ကော်မရှင်က လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် လူမှုအခြေပြုအဖွဲ့ အစည်းများ၊ အနုပညာရှင်များ၏ အင်အားဖြင့် ပြည်သူလူထုသို့ အသိပညာပေးခြင်း၊ နှိုးဆော်ခြင်းလုပ်ငန်းများကို ပူးပေါင်း လုပ်ကိုင်ရန်စီစဉ်နေခြင်း ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပပေးမည်ဟု ယခုနှစ် စက်တင်ဘာအတွင်း ရန်ကုန်မြို့၊ မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန ပြုလုပ်သော သတင်းစာရှင်း လင်းပွဲတွင် ထုတ်ဖော်ပြောဆိုထားသည်။

ဦးတင်အေးသည် စစ်အစိုးရဦးစီး ကျင်းပသည့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်း၊ တံတားဦးမြို့နယ်
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အမတ်အဖြစ် လက်ရှိအာဏာရပါတီ ပြည်ခိုင်ဖြိုးကို ကိုယ်စားပြု၍ ရွေးကောက်ခံရသူဖြစ်သည်။ သမ္မတဦးသိန်းစိန် (ထိုစဉ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ) က ၎င်း ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင် ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခြင်း ဖြစ်သည်။

ဦးတင်အေးသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်သည့် ၂၀၁၂ ခုနှစ်၊ကြားဖြတ်ရွေးကောက်ပွဲကို ကြီးကြပ်ဖူးသည့် အတွေ့အကြုံရှိသည်။

Mizzima - News in Burmese 

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကို ဒီဇင်ဘာ ၁၆ ရက် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကို ဒီဇင်ဘာ ၁၆ ရက် သတင်းစာ ရှင်းလင်းပွဲ တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) 
 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အနုပညာရှင်များနှင့် တွေ့ဆုံမှု တစ်ရပ်ပြုလုပ်ခဲ့ပြီး ထိုသို့ တွေ့ဆုံခြင်း သည် အာဏာရ အစိုးရ၏ ဝါဒဖြန့်ချိရေး၊ မဲဆွယ်စည်းရုံးရေးအတွက်မဟုတ်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ်ဟောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

SSPP/SSA အဖွဲ့မှ ကျေးရွာများအတွင်း ၀င်ရောက်လှုပ်ရှား ညအိပ် အခြေပြုမှုကြောင့် ဒေသခံပြည်သူများ စိုးရိမ် ထိတ်လန့်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ ဒီဇင်ဘာ ၁၅ ရက်မှစတင်ကာ ရှမ်းပြည်တိုးတက် ရေးပါတီနှင့် ရှမ်းပြည်တပ်မတော်(SSPP/SSA)အဖွဲ့မှ ကျေးရွာများအတွင်း ၀င်ရောက် လှုပ်ရှားလာမှုကြောင့် စိုးရိမ် ထိတ်လန့်နေကြကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိပါသည်။

မိကျောင်းကန် သပိတ်စခန်းမှ မြို့တော်ခန်းမ ဒုတိယပင်မ ၀င်ပေါက် တစ်ခုအား ပိတ်ဆို့ ဆန္ဒပြ

မိကျောင်းကန် တပ်မတော် သိမ်းမြေအား ပြန်လည် ရရှိရန် တောင်းဆို နေသည့် မိကျောင်းကန် သပိတ်စခန်းသည် ယမန်နေ့က ရန်ကုန် မြို့တော် ခန်းမ၏ ဒုတိယပင်မ ၀င်ပေါက်အား ပိတ်ဆို့၍ ဆန္ဒပြမှု အရှိန် တိုးမြှင့် လိုက်ကြောင်း သတင်း ရရှိသည်။ ရန်ကုန်မြို့တော် ခန်းမရှိ ၀န်ထမ်းများ ရုံးဆင်းချိန်အား အဓိကထား၍ ဆန္ဒပြမှု အရှိန် တိုးမြှင့်ခြင်း ဖြစ်ပြီး တာဝန်ကျ ရဲများမှ သံဆူး ကြိုးများ ကာရန် တားဆီးခဲ့ကြောင်း မိကျောင်းကန် သပိတ် စခန်းမှ မဇင်မာက The Messenger Media သို့ပြောသည်။ လူကြီး ရုံးဆင်းချိန်ကို အဓိက ထားပြီး ဆန္ဒပြတာ။ ရုံးဆင်းချိန် ပြီးတာနဲ့ ဆူးလေ ၀င်ပေါက်မှာ သွားပူးပေါင်း ကြတယ် ဟု ၎င်းက ပြောသည်။

တိုက်ပွဲတွေကြောင့် ကချင်ဒုက္ခသည်တွေဆီ အထောက်အပံ့ မပို့နိုင်

Photo: တိုက်ပွဲတွေကြောင့် ကချင်ဒုက္ခသည်တွေဆီ အထောက်အပံ့ မပို့နိုင်
Wednesday, December 17, 2014 

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အတွက် အဲဒီမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေဆီ ကုလသမဂ္ဂ အဖွဲ့က ကယ်ဆယ်ရေး အကူအညီတွေ မပေးပို့နိုင်ပဲ ဖြစ်နေရတယ်လို့ OCHA လူသားချင်းကူညီစောင့်ရှောက်မှုရေးရာ ညှိနှိုင်းဆောင်ရွက်ပေးရေး ကုလသမဂ္ဂရုံးက မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

ကချင်ပြည်နယ်မှာ ရှိတဲ့ ဒုက္ခသည် ၃သောင်းလောက်အတွက် ကယ်ဆယ်ရေး အထောက်အပံ့တွေကို ကားတန်းကြီးတွေနဲ့ လစဉ်နီးပါး ပို့ဆောင်ပေးနေတာ တနှစ်ကျော်လောက် ရှိသွားပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ အစိုးရထိန်းချုပ်မှုနယ်မြေ ပြင်ပ ဧရိယာတွေထဲ ထောက်ပံ့ရေးကားတွေ ဖြတ်သန်းခွင့်မရခဲ့ကြောင်း၊ လုံခြုံရေး အခြေအနေကြောင့်တကြောင်း၊ အစိုးရရဲ့ ခွင့်ပြုချက်ရဖို့ အဆင့်ဆင့် တောင်းနေရတဲ့အတွက်ကြောင့်တကြောင်း ဒုက္ခသည်တွေဆီ အထောက်အပံ့တွေ မပို့ပေးနိုင်ပဲ ဖြစ်နေရတယ်လို့ OCHA ရဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

BBC
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အတွက် အဲဒီမှာရှိတဲ့ ဒုက္ခသည် စခန်းတွေဆီ ကုလသမဂ္ဂ အဖွဲ့က ကယ်ဆယ်ရေး အကူအညီတွေ မပေးပို့နိုင်ပဲ ဖြစ်နေရတယ်လို့ OCHA လူသားချင်းကူညီစောင့်ရှောက်မှုရေးရာ ညှိနှိုင်းဆောင်ရွက်ပေးရေး ကုလသမဂ္ဂရုံးက မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

ဖားကန့်တွင် ထပ်မံ စစ်ရေးတင်းမာလာသောကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေ

Photo: ဖားကန့်တွင် ထပ်မံ စစ်ရေးတင်းမာလာသောကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေ
Wednesday, December 17, 2014 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မဖစ် (Nam Hpyit) ကျေးရွာတွင် အစိုးရစစ်တပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တို့ကြား ဒီဇင်ဘာလ ၁၃ ရက်နေ့မှစ၍ စစ်ရေးအခြေအနေ တင်းမာလာသောကြောင့် ကျေးရွာ သားများ စိုးရိမ်ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၁၅ ရက်ညနေ့မှ စပြီး ဒီဇင်ဘာ ၁၆ ရက်နံနက်အထိ နမ့်မဖစ် (Nam Hpyit) ရှိ ရိုမန်ကတ်သလစ် (RC) စစ်ရှောင်စခန်းသို့ လူဦးရေ ၅၀ ခန့်သည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု ၎င်းစခန်းမှ တာဝန်ရှိဆရာတစ်ဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

“လူတွေပြန်ရောက်လာတော့ ခက်ခဲတယ် အရင်က UNHCR၊ ကရုဏာ၊ WFP က ဆန်တွေကူညီပေးနေတာ အခုနှစ်ကုန်လာမှ ဗြုန်းကနဲထွက်ပြေးလာတော့ အရမ်းခက်ခဲလာတယ်စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့ ငွေရေးကြေးရေး အဝတ်အစားစောင်တွေ ပါမလာကြဘူး သူတို့တွေက တောထဲ တောင်ထဲ ကနေကွေ့ပတ်ပြီး လာကြတယ်ဟုဆိုတော့”

အချို့ရွာသားများသည် ရွာမှထွက်ပြေးရန်လည်းကြောက်လန့်နေပြီး ရိုမန်ကတ်သလစ် (RC) စစ်ပြေးစခန်းသို့ လာခေါ်ပေးရန် စာတစ်စောင် ပို့လာသောကြောင့် ၎င်းကိစ္စနှင့်ပတ်သက်၍ ၀ိုင်းဝန်းစီစဉ်နိုင်ရန် ခရစ်ယာန် ဂိုဏ်းပေါင်းစုံ တာဝန်ရှိသူများထံသို့ မူရင်းစာအား အသီးသီးပေးပို့ ကာ ဆွေးနွေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောသည်။

အစိုးရစစ်တပ် တပ်မ ၆၆ စစ်သားများသည်လည်း ရွာသားများ တောင် ယာနှင့် ဈေးရောင်းဈေးဝယ်သွားခြင်း ကို ပိတ်ပင်နေပြီး ဈေးမှပြန်လာသော ရွာသားအချို့ကိုလည်း ရွာသို့ဝင်လာခွင့်ပိတ်ပင်ခံနေ ရသောကြောင့် ကြောက် ရွံ့ကာ ထွက်ပြေးလာခြင်းဖြစ်သည် ဟု ဒေသခံများမှသိရသည်။

လူဦးရေ ၁၀၀ ကျော်ရှိသော နမ့်မဖစ် (Nam Hpyit) စစ်ပြေးစခန်းသို့ ထပ်မံထွက်ပြေး တိမ်းရှောင်သူများသည် စစ်ပြေးစခန်းနှင့် ၃ မိုင်အကွာရှိ ဂါးရာယန်ကျေးရွာ (Ga Ra Yang)မှ ဖြစ်ကြောင်းသိရှိရသည်။

မြန်မာအစိုးရတပ် ဖားကန့်အခြေစိုက် တပ်မ ၆၆ သည် ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် စစ်ရေးတင်းမာ လာခြင်းကြောင့် နမ့်မဖစ်ကျေးရွာအနီးရှိ ရွာသားများ ကြောက်လန့် ထွက်ပြေး တိမ်းရှောင်လာခြင်း ဖြစ်ကြောင်းသိရသည်။

အစိုးရတပ်သည် ယခုချိန် ဆိုင်းတောင်ရွာဟောင်းတွင် လက်နက်ကြီးများ တပ်ဆင်ထားကာ အင်အားများတိုးချဲ့ထားကြောင်း သိရှိရသည်။ မြန်မာအစိုးရ သည် စက်တင်ဘာ ၁ ရက်နေ့ ဖားကန့်ကျောက်စိမ်းမှော်ဖွင့်ပြီး ကုမ္ပဏီ များ ပြန်လည်ဝင်ရောက်လာချိန်မှ အစိုးရတပ်အင်အားများတိုးချဲ့ကာ အောက် တို ဘာလနှင့် ဒီဇင်ဘာလတွင် ရွာသားများစစ်ပြေးအဖြစ် ဒုတိယအကြိမ် ထပ်မံထွက်ပြေးတိမ်းရှောင်လာရခြင်းဖြစ်သည်။

KNG
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မဖစ် (Nam Hpyit) ကျေးရွာတွင် အစိုးရစစ်တပ်များနှင့် ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ KIA တို့ကြား ဒီဇင်ဘာလ ၁၃ ရက်နေ့မှစ၍ စစ်ရေးအခြေအနေ တင်းမာလာ သောကြောင့် ကျေးရွာ သားများ စိုးရိမ်ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ အတွက် Facebook Account များ ပိတ်သိမ်းရန် တိုင်ကြား သည့်စနစ် သီးသန့်ပြင်ဆင် ရေးဆွဲပေးမည်

မြန်မာနိုင်ငံ အတွက် Facebook Account များ ပိတ်သိမ်းရန် တိုင်ကြားသည့် စနစ်ကို သီးသန့်ပြင်ဆင် ရေး ဆွဲ ပေးမည် ဖြစ်ကြောင်း သိရသည်။

အမိန့် အာဏာဖြင့် ဆရာ၊ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းစေခြင်းကို မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် ကန့်ကွက်

ဆရာ၊ ဆရာမ သမဂ္ဂများ၊ ကျောင်းသားသမဂ္ဂျားကို အမိန့် အာဏာဖြင့် ဖွဲ့စည်း စေခြင်းကို အပြင်းအထန် ကန့်ကွက်ကြောင်း မြန်မာ နိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ထုတ်ပြန် လိုက်သည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကျော်ဘ၏ သားကို တရားစွဲရန် စီစဉ်

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဘ ၏ သားဖြစ်သူကို သေကြောင်း ကြံစည်မှု၊ အကျိုးဖျက်ဆီးမှု၊ ဝတ္တရား နှောင့်ယှက်မှု၊ လက်နက်ကိုင်ဆောင်မှုများဖြင့် တရားစွဲရန် စီစဉ်နေကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဝင်းကြည်က ပြောကြားသည်။

KIA အဖွဲ့မှ ပယင်းကျောက်တူးဖော်ရေးအလုပ်သမား(၅)ဦးအား လူသစ်အဖြစ် အတင်းအကြပ်စုဆောင်း

Photo: KIA အဖွဲ့မှ ပယင်းကျောက်တူးဖော်ရေးအလုပ်သမား(၅)ဦးအား လူသစ်အဖြစ် အတင်းအကြပ်စုဆောင်း
Wednesday, December 17, 2014

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်သို့ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ လူသစ်စုရန်ရောက် ရှိလာခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“ဒီနားကမှော်တွင်းတွေမှာတော့ ပယင်းကျောက်တူးဖော်တဲ့လုပ်ငန်း လုပ်ကိုင်နေတာ အများကြီးပဲ။ နေရာဒေသ ပေါင်းစုံက လူမျိုးပေါင်းစုံ လာလုပ်စားနေကြတာပေါ့။ ဒါကို ကေအိုင်အေက အတင်းလူ သစ်လိုက် စုနေတယ်”ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့သည် ကျောက်တူးဖော်လုပ်ကိုင်နေသော လုပ်သား(၅)ဦးကို လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ကျောက်တူးဖော်နေသော လုပ်ငန်းရှင်များထံမှ သိရသည်။

“ဆက်ကြေးလည်း အတင်းအကြပ်ကောက်တယ်၊ မပေးလို့မရလို့ ပေးရတယ်။ အလုပ်သမားကျပြန်တော့လည်း အတင်းအကြပ်လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်။ မရှိလို့သာ လုပ်စားရတာ။ အလုပ်လုပ်စားရတာ မလွယ်ပါဘူးဗျာ”ဟု ကျောက်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အဆိုပါအဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားရာတွင် အသက်၃၀ မှ ၄၀ နှစ်ကြားရှိ အမျိုးသား ၅ ဦးအား ဖမ်းဆီး၍ ခေါ်ဆောင်သွားခဲ့ပြီး KIA အဖွဲ့ဝင်များအနေဖြင့် ခရစ္စမတ်ကာလတွင် တပ်ဖွဲ့ဝင်တစ်ဦးလျှင် ၅ ယောက်စုဆောင်းရမည်ဟု ဗဟိုမှ ညွန်ကြားထားသောကြောင့် ယခုလို အတင်းအကြပ်လူသစ်များ လိုက်လံ စုဆောင်းလျက်ရှိကြောင်း တနိုင်းမြို့ခံတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

စိုင်းဇော်
Credit to KDN
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်သို့ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ လူသစ်စုရန်ရောက် ရှိလာခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

မြို့တော်ခန်းမကို ပိတ်၍ ဆန္ဒပြသူများကို အရေးယူမည်ဟု နယ်လုံဝန်ကြီးပြော

မြို့တော်ခန်းမ ဝင်ပေါက်ကို ပိတ်ကာ သပိတ်စခန်းဖွင့်ထားသည့် မိကျောင်းကန် ဆန္ဒပြသူများကို အရေး ယူမည်ဟု ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက မြို့တော်ခန်းမ ဝန်း အတွင်း ဒီဇင်ဘာ ၁၆ ရက်က မဇ္ဈိမကို ပြောသည်။