Friday 22 January 2016

အိုင်အက်စ်တို့ကို တိုက်ခိုက်ရန် အမေရိကန် နာမည်ကျော် တိုက်လေယာဉ်များ အနားပေးမည့် အစီအစဉ် ရွှေ့ဆိုင်းရဖွယ်ရှိ

 
အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တိုက်ခိုက်နေသည့် စစ်ဆင်ရေးကြောင့် အမေရိကန်၏ နာမည်ကျော် A-10 မြေပြင်စစ်ဆင်ရေး ဗုံးကြဲတိုက်လေယာဉ်များကို အနားပေးမည့်ကာလ ရွှေ့ဆိုင်းသွားဖွယ် ရှိနေကြောင်း သိရသည်။

အမေရိကန်၏ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး ဒေးဗစ်ဂိုးလ်ဖိန်းက တာဝန်ထမ်းမှုသက်တမ်း နှစ်ပေါင်း ၄၀ ကျော်သွားပြီဖြစ်သည့် A-10 များကို အနားပေးသွားရန် အစီအစဉ်ရှိသော်လည်း အိုင်အက်စ်တို့ကို ချေမှုန်းနေသည့် စစ်ဆင်ရေးများတွင် အဆိုပါ လေယာဉ်များက လက်သံပြောင်ပြောင် ပါဝင်နေခြင်းကြောင့် အစီအစဉ်ကို ဆိုင်းငံ့ရဖွယ် ရှိနေကြောင်း အတည်ပြုပြောကြားခဲ့သည်။ A-10 များသည် အမေရိကန်လေတပ်တွင် ၁၉၇၅ ခုနှစ်က စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုကာလများ အတောအတွင်း အမေရိကန်၏ အကောင်းဆုံး မြေပြင်ထိုးစစ်ဆင် တိုက်လေယာဉ်များအဖြစ် သတ်မှတ်ခံခဲ့ရသည်။

အမေရိကန်လေတပ်သည် Thunderbolt၊ Warthog၊ Tankbuster၊ Tank Killer အစရှိသည့် ချစ်စနိုးအမည်များဖြင့် လူသိများသည့် A-10 များ နေရာတွင် F-35 များဖြင့် တဖြည်းဖြည်း အစားထိုးသွားရန် လျာထားသော်လည်း အဆိုပါ မျိုးဆက်သစ် လေယာဉ်များသည် တိုက်ပွဲဝင်အဆင့် စမ်းသပ်မှုများ မလုပ်ဆောင်ရသေးချေ။ A-10 များကမူ အီရတ်၊ အာဖဂန်နစ္စတန်စစ်ပွဲများအပြင် အိုင်အက်စ်တို့ကို ဆီးရီးယားတွင် ချေမှုန်းနေသည့် စစ်ဆင်ရေးများ၌လည်း စွမ်းရည်ကောင်းများ အကြိမ်ကြိမ် မှတ်ကျောက်တင်ခံထားပြီး ဖြစ်သည်။

“A-10 တွေကို အနားပေးမယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ အိုင်အက်စ်အိုင်အယ်လ် (အိုင်အက်စ်တို့၏ အမည်ဟောင်း) အရေးက ဦးစားပေးစဉ်းစားရမယ့်ကိစ္စ ဖြစ်လာတယ်” ဟု ဂိုးလ်ဖိန်းက ဝန်ခံခဲ့သည်။ အမေရိကန်၏ ပင်တဂွန်စစ်ဌာနချုပ်သည် အနာဂတ်ကာလ စစ်ရေးအသုံးစရိတ်တွင် A-10 များအတွက် ပြင်ဆင်ထိန်းသိမ်းမှုကုန်ကျငွေများကို လျှော့ချသွားရန် ဆန္ဒရှိနေပြီး လေယာဉ်များ အနားပေးရန်ကိစ္စကို ဖေဖော်ဝါရီလတွင် လွှတ်တော်၌ တင်ပြသွားရန် ရည်ရွယ်ထားသည်။

“A-10 တွေကို ၂၀၁၇ ဘဏ္ဍာရေးနှစ်မတိုင်ခင် အနားပေးသွားချင်တဲ့ လေတပ်ရဲ့ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ ဒါပေမဲ့ A-10 တိုက်လေယာဉ်အုပ်စုတွေဟာ အခုလောလောဆယ် အိုင်အက်စ်ကို ရင်ဆိုင်တိုက်ခိုက်နေတယ်။ အရှေ့ဥရောပမှာ ရုရှားရဲ့ဩဇာလွှမ်းမိုးမှုကို ဆန့်ကျင်ဟန့်တားရာမှာလည်း အရေးပါနေဆဲ ဖြစ်တယ်။ ကမ္ဘာ့ရေးရာအရှုပ်အထွေးတွေ အများကြီး ဖြစ်ပျက်ပြောင်းလဲနေချိန်မှာ အကောင်းတကာ့ အကောင်းဆုံး အနီးကပ်မြေပြင်ပစ်ကူ တိုက်လေယာဉ်အားလုံးကို အနားပေးလိုက်လို့တော့ မရသေးပြန်ဘူး။ အထူးသဖြင့် A-10 တွေ နေရာမှာ အစားထိုးဖို့ အခိုင်အမာ အဖြေမရှိသေးခင်မှာပေါ့” ဟု အရီဇိုးနားလွှတ်တော်အမတ် ဂျွန်မက်ကိန်းက မှတ်ချက်ပေးခဲ့သည်။

F-35 များသည် ဝေဟင်နှင့်မြေပြင်တိုက်ပွဲများအတွက် ဘက်စုံအသုံးပြုနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားသည့် ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ်များ ဖြစ်သော်လည်း လက်ရှိကာလတွင် စွမ်းဆောင်ရည်ကောင်းသထက်ကောင်းအောင်
မြှင့်တင်မွမ်းမံနေရဆဲ ဖြစ်သည်။ A-10 ကမူ F-35 ကဲ့သို့ ဘက်စုံသုံး တိုက်လေယာဉ်များနှင့် ရည်ရွယ်ချက် အလွန်ကွာခြားပြီး လေတပ်က အနီးကပ်မြေပြင်ပစ်ကူပေးမှုများအတွက် အထူးသီးသန့်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

A-10 များသည် ပစ်မှတ်နေရာတစ်ခုတွင် အလွန်အချိန်ကြာမြင့်စွာ ပတ်ချာလှည့်ပျံသန်းနေနိုင်ပြီး အနိမ့်ပိုင်းတွင် အလွန်နှေးကွေးသည့် မြန်နှုန်းဖြင့် ပျံသန်းနိုင်သည့် စွမ်းရည်လည်း ရှိသည်။ အကယ်၍ မြေပြင်တပ်ဖွဲ့များက ရန်သူနှင့် အလွန်နီးကပ်စွာ ရှိနေပြီး ဗုံးကြဲလေယာဉ်များက လေကြောင်းပစ်ကူပေးရန် အခက်တွေ့နေသည့် အခြေအနေမျိုးတွင် A-10 များက အကောင်းဆုံး ကြားဝင်အဖြေထုတ်ပေးနိုင်မည် ဖြစ်သည်။ A-10 များကို အသုံးပြုခြင်းဖြင့် အနီးကပ်မြေပြင်တိုက်ပွဲများတွင် မိမိဘက်သားချင်း မှားပစ်ပြီး အသေအပျောက် ဖြစ်ပေါ်နိုင်ခြေကို အလွန်ထင်ရှားစွာ လျှော့ချနိုင်ခဲ့သည်။

A-10 များကို ကိုယ်ထည်ကြံ့ခိုင်မှုနှင့် ဟန်ချက်ညီမှုတို့အတွက် အဓိကထားတည်ဆောက်ထားပြီး ရာသီဥတုမရွေး၊ မြေပြင်အနေအထားမရွေး ပျံသန်းနိုင်သည်။ အဆိုပါလေယာဉ်များ၏ ရှေ့တည့်တည့်တွင် အလွန်အားကောင်းသည့် 30mm စက်အမြောက်တစ်လက် တပ်ဆင်ထား တစ်မိနစ်လျှင် ယူရေနီယမ်ကျည်ဆန် ၃၉၀၀ ထိ ပစ်လွှတ်နိုင်စွမ်းရှိသည်။ အဆိုပါကျည်ဆန်များသည် တင့်ကားကိုယ်ထည်များ ပေါက်ပြဲထွက်သွားသည်အထိ ဖျက်ဆီးအားကောင်းသည်။ ထို့အပြင် ပေါင် ၂၅၀ အိုင်းရွန်းဗုံးများကိုပါ ကြဲချနိုင်မည် ဖြစ်သည်။ A-10 များတွင် Zuni ဒုံးကျည်များ၊ AGM-65D Maverick မြေပြင်ပစ် ဒုံးကျည်များလည်း တပ်ဆင်ထားနိုင်သည်။

A-10 များ၏ ကိုယ်ထည်ကို အလွန်မာကျောကြံ့ခိုင်အောင် တည်ဆောက်ထားရာ မြေပြင်မှ အပြင်းအထန် တုံ့ပြန်ပစ်ခတ်နေမှုများကို ကြံ့ကြံ့ခံပြီး ပစ်မှတ်နေရာတွင် ပတ်ချာလှည့်ဝဲပျံကာ ပစ်မှတ်များကို အရှိန်အဟုန်ပြင်းပြင်း ချေမှုန်းနိုင်စွမ်း ရှိသည်။ လေယာဉ်ကိုယ်ထဲကို ပေါင်ချိန် ၁၂၀၀ အလေးချိန်ရှိသည့် တိုက်တေနီယမ် အကာအကွယ်များဖြင့် ဖုံးကွယ်ထားသောကြောင့် အကြီးစားလေယာဉ်ပစ်လက်နက်များမှအပ မည်သို့သော တိုက်ခိုက်မှုကိုမဆို ခံနိုင်စွမ်း ရှိသည်။

A-10 များ၏ ဒီဇိုင်းတည်ဆောက်ပုံသည် မာကျောမှုကို အသားပေးထားရာ အင်ဂျင်တစ်လုံး ပျက်စီးသွားလျှင်၊ သို့မဟုတ် လေယာဉ်နောက်မြီး၊ လေယာဉ်တောင်ပံတစ်ခြမ်း ဆုံးရှုံးသွားလျှင်ပင် အခြေစိုက်စခန်းထိ ပျံသန်းလာနိုင်စွမ်း ရှိသည်။ ကိုယ်ထည်တွင် လေးလံလှသည့် အကာအကွယ်များ တပ်ဆင်ထားသဖြင့် A-10 များသည် မြန်နှုန်းမြင့်မားစွာ ပျံသန်းနိုင်စွမ်းမူ မရှိချေ။ အမြင့်ဆုံးမြန်နှုန်းသည် တစ်နာရီ မိုင် ၄၀၀ မျှသာ ဖြစ်သည်။ A-10 တစ်စီးသည် မြေပြင်အထက် ပေ ၃၀ မျှအကွာထိ နိမ့်ဆင်းပြီး တစ်နာရီ မိုင် ၁၅၀ နှုန်းဖြင့် ထိန်းထားကာ ပစ်မှတ်များကို တိုက်ခိုက်ဖျက်ဆီးနိုင်သည်။

နိုဝင်ဘာလက ဆင်နွှဲခဲ့သည့် Tidal Wave II စစ်ဆင်ရေးသည် အိုင်အက်စ်တို့ကို တိုက်ခိုက်သည့် သမိုင်းကြောင်းတွင် A-10 များ၏ အခန်းကဏ္ဍမှာ တောက်ပခဲ့ပြီး AC-130 တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့်ပူးပေါင်းကာ အိုင်အက်စ်ပိုင် လောင်စာဆီတင် ထရပ်ကား ၁၁၆ စီးကို ဖျက်ဆီးနိုင်ခဲ့သည်။ တစ်ယောက်စီး၊ အင်ဂျင်နှစ်လုံးတပ် အမျိုးအစား လေယာဉ်အစီးရေ ၇၁၆ စီးထိ တည်ဆောက်ခဲ့ပြီး အမေရိကန်လေတပ်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည်မှာ အစီး ၃၀၀ ကျော်မျှ ရှိသည်။

အမေရိကန်၏ ရုပ်အဆိုးဆုံး တိုက်လေယာဉ်များဟု ချစ်စနိုးကျီစားညွှန်းဆိုခံရသည့် A-10 များကို လေတပ်က အဓိကပိုင်ဆိုင်သော်လည်း မရိန်းတပ်ဖွဲ့နှင့်ခြေလျင်တပ်ဖွဲ့များက အထူးချစ်ခင် အားကိုးလေ့ရှိကြောင်းလည်း သိရသည်။

Ref: CNN

No comments:

Post a Comment