Friday 22 January 2016

ဘဏ်သို့ ချေးငွေလာသွင်းသည့်တောင်သူထံမှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၁၈ ရွက်တွေ့

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ လယ် ယာစိုက်ပျိုးရေးဘဏ်သို့ ချေးငွေ လာရောက်ပေးသွင်းသည့် တောင်သူတစ်ဦးထံမှ ကျပ်တစ်သောင်း တန်ငွေစက္ကူအတု ၁၈ ရွက်တွေ့ ရှိခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်ဆည်မြို့ရှိ လယ် ယာစိုက်ပျိုးရေးဘဏ်သို့ ဇန်န၀ါ ရီ ၂၀ ရက်က စိုက်ပျိုးစရိတ်ချေး ငွေလာရောက်ပေးသွင်းသည့် အသက် (၅၁)နှစ်အရွယ် အမျိုး သားသည် သမက်ဖြစ်သူ၏ ချေး ငွေကိုပါ လာရောက်ပေးသွင်းခဲ့ရာ ကျပ်တစ်သောင်းတန်ငွေစက္ကူ ၃၀ ရွက်ကို စစ်ဆေးခဲ့ရာမှ ၁၈ ရွက်မှာ အတုများဖြစ်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ စုံစမ်းသိရသည်။

‘‘ငွေနဲ့အတူ တွေ့တဲ့လူကို တော့  မစစ်ရသေးဘူး။  ငွေကို တော့  သွားသိမ်းထားတယ်’’ ဟု အမှတ်(၃)မှုခင်းရဲတပ်ဖွဲ့ခွဲမှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။အဆိုပါ ငွေစက္ကူအတု တွေ့ရှိမှုနှင့်ပတ်သက်၍ စိုက်ပျိုး စရိတ်ချေးငွေ  လာရောက်ပေး သွင်းသည့် အမျိုးသားကို အမှတ် (၃)မှုခင်းရဲတပ်ဖွဲ့ခွဲက စစ်ဆေး သွားမည်ဖြစ်ကြောင်း တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထပ်မံစုံစမ်း သိရသည်။ ရမည်းသင်းမြို့နယ် ဥသျှစ်ကုန်းကျေးရွာတွင် နေထိုင်သည့် အမျိုးသားနှစ်ဦးသည် ငါးထောင်ကျပ်တန် ငွေစက္ကူများကိုင်ဆောင်၍ နွားများလိုက်လံဝယ်ယူနေရာမှ   ငွေစက္ကူအတု၃၅၁ ရွက်ကို သိမ်းဆည်းရမိခဲ့ ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလပိုင်း ကလည်း ရမည်းသင်းမြို့နယ် လက်ဆည်ကန်ရပ်ရှိ နွားပွဲဈေး တွင် နွားအရောင်းအ၀ယ်ပြုလုပ် ရာမှ ငါးထောင်ကျပ်တန် ငွေစက္ကူ အတု ၃၀၀ ရွက် ကျပ် ၁၅ သိန်းကို လည်း သိမ်းဆည်းရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှတ်တမ်းအရ သိရသည်။

7Day Daily 

No comments:

Post a Comment