Saturday 2 January 2016

မိုင်းလားမြို့က တရိပ်ရိပ် ကြီးထွားလာနေသည့် သင်းခွေချပ် တရားမဝင် ဈေးကွက်

မိုင်းလားရှိ တိရစ္ဆာန်ဈေးကွက်တွင် ရောင်းချရန်ပြသထားသော သင်းခွေချပ်တစ်ကောင်
မိုင်းလား အထူးဖွံ့ဖြိုးရေးဇုန်မှာတော့ သင်းခွေချပ်အရှင်တွေ၊ သင်းခွေချပ် အသားနဲ့ အကြေးခွံတွေကို ရောင်းချတဲ့ တရားမဝင် ဈေးကွက်ဟာ တစ်စထက်တစ်စ ကြီးထွားလာနေပါပြီ။
ဒီသီတင်းပတ်ထုတ် Global Ecology and Conservation ဂျာနယ်မှာတော့ မိုင်းလားက သင်းခွေချပ် တရားမဝင်ရောင်းဝယ်မှု ဈေးကွက်ကို လေ့လာဆန်းစစ် သုတေသနပြုထားတဲ့ အချက်အလက်တွေကို ဖော်ပြခဲ့ပါတယ်။ မိုင်းလားမြို့ရဲ့ မနက်ခင်းဈေးမြင်ကွင်းတွေအကြောင်း ရေးသားထားတဲ့ စစ်တမ်းကို TRAFFICကလည်း ပူးပေါင်းကူညီခဲ့ပါတယ်။ ၂၀၀၆ ကနေ ၂၀၁၅ အတွင်း မိုင်းလားကို သွားရောက်လေ့လာခဲ့တဲ့ အကြိမ်တွေမှာ သင်းခွေချပ် အကြေးခွံ ၄၂ အိတ်၊ အရေခွံ အချပ်လိုက် ၃၂ ချပ်၊ သင်းခွေချပ် အကောင်ပေါက်လေးတွေ၊ ဒါမှမဟုတ် သင်းခွေချပ်ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ထည့်စိမ်ထားတဲ့ ဝိုင်အရက် ၁၆ ပုလင်းတို့အပြင် သင်းခွေချပ်အရှင်တွေ ၂၇ ကောင်ထိ ရောင်းချနေတာ တွေ့မြင်ခဲ့ရတာကြောင့် ဒီနယ်စပ်မြို့လေးဟာ သင်းခွေချပ် တရားမဝင်ရောင်းဝယ်မှု ဈေးကွက် ဗဟိုချက်တစ်နေရာအဖြစ် ထင်ရှားမြင်သာနေပါတယ်။

မိုင်းလားရဲ့ ဈေးတန်းတွေမှာ လာရောင်းတဲ့ သင်းခွေချပ်တွေရဲ့ ဇာတိရင်းမြစ်က မတူကြပါဘူး။ မြန်မာနိုင်ငံထဲက သင်းခွေချပ်တွေအပြင် အိမ်နီးချင်းနိုင်ငံတွေက ရောက်လာတာတွေလည်း ပါတယ်။ တချို့ကလည်း အာဖရိကတိုက်က ဖြစ်ဖို့များတယ်။ အာဖရိက ဒေသက ထွက်ရှိတဲ့ ဆင်စွယ်တွေ၊ ကြံ့ချိုတွေနဲ့ ရေမြင်းသွားတွေပါ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဒီဈေးတန်းတွေကို နယ်ချဲ့ရောက်ရှိလာတာကြောင့်ပါ။

မြန်မာနိုင်ငံဟာ သင်းခွေချပ်တွေနဲ့ တခြားတောရိုင်းတိရစ္ဆာန်တွေ တရားမဝင်မှောင်ခိုရောင်းဝယ်မှုမှာ အရေးပါတဲ့ ခရီးတစ်ထောက်လို ဖြစ်နေပါတယ်။ မိုင်းလားဟာ ရှမ်းပြည်နယ်အတွင်း တရုတ်နဲ့ ဆက်စပ်နေတဲ့ နယ်နိမိတ်မှာတည်ရှိပါတယ်။ ဒီတော့ သင်းခွေချပ်ဝယ်လိုအား အရမ်းမြင့်မားတဲ့ တရုတ်ဈေးကွက်ကို အထူးအထောက်အပံ့ပေးသလို ဖြစ်နေတယ်။

မြန်မာနိုင်ငံအတွင်း ဖမ်းဆီးအရေးယူမှု (၂၉) ကြိမ်နဲ့ အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ၊ တရုတ်နိုင်ငံတွေမှာ ဖမ်းဆီးရမိမှု (၂၃) ကြိမ်ကို စုပေါင်းပြီး ကောက်ယူထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံဟာ သင်းခွေချပ်မှောင်ခိုရောင်းဝယ်မှုမှာ အင်မတန်အရေးကြီးတဲ့ ဆုံချက်နေရာတစ်ခုလိုဖြစ်နေတာ ပိုပြီးသိသာလာတယ်။ ၂၀၁၀ ကနေ ၂၀၁၄ အထိ စုစုပေါင်းသင်းခွေချပ် အကြေးခွံ ၄,၃၃၉ ကီလိုဂရမ်နဲ့ သင်းခွေချပ် ၅၁၈ ကောင်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ အဲဒီကိန်းဂဏန်းအချက်အလက်တွေက ညွှန်ပြနေပါတယ်။

သင်းခွေချပ်တွေ၊ သင်းခွေချပ် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရောင်းဝယ်မှုကို မြန်မာနိုင်ငံမှာ ဥပဒေနဲ့ တားမြစ်ထားပါတယ်။ ဒါ့အပြင် အာရှ သင်းခွေချပ်တွေကို မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်မျိုးစိတ်တွေ ကုန်သွယ်ရောင်းချမှုဆိုင်ရာ နိုင်ငံတကာ စံနှုန်းတွေအရ ထိန်းသိမ်းစောင့်ရှောက်ဖို့ သဘောတူညီထားတာကြောင့် ဒီသတ္တဝါတွေကို နိုင်ငံတကာမှာ ရောင်းချခွင့်ကို လုံးဝတားဆီးထားပြီးသားဖြစ်နေပါတယ်။

‘‘ဒါပေမဲ့ ဈေးကွက်ဝယ်လိုအား ကြီးမားနေတာရယ်၊ တောရိုင်းတိရစ္ဆာန်မှောင်ခိုရောင်းဝယ်မှု ဒုစရိုက်လုပ်ငန်းကွန်ရက်တွေရဲ့ လှုပ်ရှားမှုကို မှန်းဆဖို့ ခက်ခဲနေတာရယ်ကြောင့် အာရှမျိုးရင်း သင်းခွေချပ်မျိုးစိတ် လေးခုစလုံး မျိုးသုဉ်းသွားမယ့် အလားအလာနဲ့ အင်မတန်နီးလာပါပြီ’’လို့ TRAFFIC ရဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ခရစ်ရှပ်ဟက်ဒ်က ဆိုပါတယ်။

‘‘နယ်စပ်ဒေသ တရားမဝင် မှောင်ခိုရောင်းဝယ်မှုတွေကို ကြပ်ကြပ်မတ်မတ်တားဆီးဖို့အတွက် အာရှဒေသနိုင်ငံတွေရဲ့ အစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်နေပါပြီ။ မဟုတ်ရင်တော့ သဘာဝတရားက ဖန်တီးပေးထားတဲ့ အံ့ဩစရာတိရစ္ဆာန်လေးတွေဟာ ကမ္ဘာကြီးပေါ်က အပြီးတိုင်ပျောက်ကွယ်သွားပါလိမ့်မယ်’’လို့ ဒေါက်တာ ရှပ်ဟက်ဒ်က သတိပေးခဲ့တယ်။

TRAFFIC က မြန်မာအစိုးရအနေနဲ့ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ အစဉ်တစိုက် ထိတွေ့ဆက်သွယ်နေပြီး သင်းခွေချပ်တွေ တရားမဝင်ရောင်းဝယ်ဖောက်ကားနေတဲ့ ဈေးကွက်ကို တွန်းလှန်တိုက်ဖျက်ဖို့၊ သားရိုင်း တိရစ္ဆာန်တွေ နယ်ခြားဖြတ်ကျော် ရောင်းချနေတဲ့ မှောင်ခိုလုပ်ငန်းတွေကို တားဆီးနိုင်ရေးကူညီဖြေရှင်းပေးဖို့လည်း တိုက်တွန်းတောင်းဆိုထားပါတယ်။

(ဇွဲရဲဝင့်ဘာသာပြန်သည်)

Ref: TRAFFIC
7Day Daily

No comments:

Post a Comment