Saturday 2 January 2016

မြန်မာနိုင်ငံအတွင်း တစ်နေရာတည်း အခြေချ နေထိုင်ခြင်း မရှိဘဲ ရွှေ့ပြောင်းသွားလာနေသူဦးရေ ၁၀ သိန်းကျော်ရှိကြောင်း လ၀က ဒုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံ တစ်ဝန်းတွင် တစ်နေရာတည်း အခြေချ နေထိုင်ခြင်း မရှိဘဲ ရွှေ့ပြောင်း သွားလာနေသူ ဦးရေမှာ ခန့်မှန်းခြေစာရင်းများအရ ၁၀ သိန်းကျော်ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ဒီဇင်ဘာ ၃၁ ရက်တွင် ပြောကြားသည်။
ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က နေပြည်တော်တွင် ဒီဇင်ဘာ ၃၁ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး၏ မေးခွန်းအား ဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက နိုင်ငံတော်တွင် ကျူးကျော်နေထိုင်သူများ အပါအ၀င် များစွာသော ပြည်သူတို့မှာ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသား သက်သေခံ လက်မှတ် ထုတ်ပေးနိုင်ခြင်း မရှိသေးသဖြင့် လိုအပ်သော ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်၍ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

ရွှေ့ပြောင်းနေထိုင်သူ အများစုသည် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အနေဖြင့် စိစစ်ဆောင်ရွက်ပေးရန် လိုအပ်သည့် နေထိုင်မှုဆိုင်ရာ အချက်အလက်များနှင့် ကိုယ်ရေးအချက်အလက်များအား ပြည့်စုံမှန်ကန်စွာ ပေးအပ်နိုင်မှု မရှိခြင်း၊ လက်ရှိ နေထိုင်ရာ ဒေသတွင် အမြဲနေထိုင်ကြောင်း အထောက်အထား မရှိခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကလည်း အမြဲနေထိုင်ကြောင်း ထောက်ခံနိုင်မှု မရှိခြင်း၊ ခွင့်ပြုချက် မရှိသည့် နေရာများတွင် ၀င်ရောက်ကျူးကျော် နေထိုင်သူများ ဖြစ်ခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းရှိရာ နေရာများသို့ မကြာခဏ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်၍ နေထိုင်နေကြခြင်း စသည့် အခြေအနေ အမျိုးမျိုးတို့ကြောင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးနိုင်ရေးအတွက် အိမ်ထောင်စုအလိုက် လူဦးရေစာရင်း ကောက်ယူပြုစုရန်ကိုပင် မှန်ကန်စွာ ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ခက်ခဲလျက်ရှိကြောင်း ဒုဝန်ကြီး ဦးဝင်းမြင့်က ဆိုသည်။

တစ်နေရာတည်းတွင် အခြေချနေထိုင်ခြင်း မရှိဘဲ ရွှေ့ပြောင်းသွားလာနေသူပေါင်းမှာ ခန့်မှန်းခြေ စာရင်းများအရ ၁၁၆၂၅၀၀ ဦးခန့်ရှိကြောင်း သတင်းရရှိသည်။

“နိုင်ငံအတွင်း ရွှေ့ပြောင်းသွားလာပြီး ရောက်ရှိသည့် ဒေသတွင် အခြေချ နေထိုင်နေသူများ၊ ကျူးကျော် နေထိုင်နေသူများနှင့် ပျံကျ နေထိုင်နေသူများအတွက် မိမိဝန်ကြီးဌာန တစ်ခုတည်းဖြင့် ဆောင်ရွက်ပေးရန် မလွယ်ကူဘဲ အခြားဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရ အဖွဲ့များ ပါဝင်၍ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှသာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဝင်း မြင့်က ပြောကြားသည်။
အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးနိုင်ရေးအတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေများဖြစ်သော ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်း ဥပဒေများအရ လည်းကောင်း၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံသား ဥပဒေဖြင့် လည်းကောင်း စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး တွေ့ကြုံနေရသည့် အခက်အခဲများမှာ ဥပဒေ၊ နည်းဥပဒေများကြောင့် မဟုတ်ဘဲ အတည်တကျ အိမ်တိုင်တွင်းစွပ် နေထိုင်ခြင်း မရှိဘဲ မကြာခဏ ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်၊ အထောက်အထားများ တင်ပြနိုင်မှု အခြေအနေများအပေါ် မူတည်၍ ခက်ခဲနေခြင်း ဖြစ်သည့်အတွက် လက်ရှိကျင့်သုံးနေသည့် ဥပဒေ၊ နည်းဥပဒေများအား ပြင်ဆင်ဆောင်ရွက်ပေးရန် အစီအစဉ် မရှိကြောင်း ဒုဝန်ကြီး ဦးဝင်းမြင့်က လွှတ်တော်သို့ ရှင်းလင်းဖြေကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အိမ်ထောင်စု လူဦးရေစာရင်း မရှိဘဲ လာရောက် နေထိုင်နေသူပေါင်းမှာ ခန့်မှန်းခြေအားဖြင့် အိမ်ထောင်စုပေါင်း ၃၇၇၈၃ စုနှင့် လူဦးရေပေါင်း ၁၆၅၄၃၇ ဦးခန့်ရှိကြောင်း တွေ့ရှိရသဖြင့် တည်ဆဲဥပဒေနှင့် နည်းဥပဒေများဖြစ်သော ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေတို့နှင့်အညီ စိစစ်ဆောင်ရွက်ပေးခဲ့ရာ ၃၁.၁၂.၂၀၁၃ ရက်အထိ အိမ်ထောင်စုပေါင်း ၇၆၇၀ စုနှင့် လူဦးရေပေါင်း ၃၁၆၁၉ ဦးတို့အား အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Writer: ငြိမ်းဇော်လင်း၊ မျိုးမင်းထက်
Eleven Media Group

No comments:

Post a Comment