Tuesday 17 November 2015

May Flower Mining မှ လုပ်ကိုင်ခွင့် ရရှိထားသော ဘန်းချောင်းကျောက်မီးသွေး စီမံကိန်း၌ ထိုင်းလုပ်သားများ အသုံးပြုနေမှုကို အရေးယူပေးရန် ဒေသခံများ တိုင်ကြား

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် မေတ္တာမြို့နယ်ခွဲ ဘန်းချောင်းဒေသ ကွမ်းချောင်းကြီးကျေးရွာ အနီးရှိ ကျောက်မီးသွေး စီမံကိန်းကို တွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် မေတ္တာမြို့နယ်ခွဲ ဘန်းချောင်းဒေသ ကွမ်းချောင်းကြီးကျေးရွာ အနီး၌ May Flower Mining Enterprises Co.,Ltd မှ လုပ်ကိုင်နေသော ဧက ၂၁၀၀ အကျယ်ရှိ ဘန်းချောင်း ကျောက်မီးသွေးတူးဖော်ရေး စီမံကိန်းတွင် နိုဝင်ဘာ ၈ ရက်မှစ၍ တရားဝင်လုပ်ကိုင်ခွင့် ဗီဇာ မရှိဘဲ ထိုင်းနိုင်ငံသားအချို့ လာရောက် လုပ်ကိုင်နေသောကြောင့် ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့် အရေးယူဖြေရှင်းပေးရန် ထားဝယ်မြို့နယ် လ၀က ဦးစီးမှူးထံသို့ ဒေသခံများက နိုဝင်ဘာ ၁၆ ရက်က စာပေးပို့ တိုင်ကြားထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အစောပိုင်းမှ စတင်၍ မေတ္တာမြို့နယ်ခွဲ ကထောင်းနီရွာအနီး၌ တူးဖော်လျက် ရှိသော ယင်းကျောက်မီး သွေးတူးဖော်ရေး စီမံကိန်းမှာ May Flower Mining Enterprises Co.,Ltd မှ ကန်ထရိုက် ငှားရမ်းလုပ်ကိုင်နေသည့်  ထိုင်းနိုင်ငံ အခြေစိုက် East Star Co.,Ltd က လုပ်ကိုင်နေပြီး လုပ်ကွက် အမှတ် (၂) ရှိ မြေဧက ၆၀ တွင် ကျောက်မီးသွေးများ တူးဖော်လုပ်ကိုင်နေကြောင်း၊ ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်က ယင်းစီမံကိန်း လုပ်ငန်းခွင်၌ ထိုင်းနိုင်ငံသား အယောက် ၂၀ ၀င်ရောက်လုပ်ကိုင် နေသည်ကို မြို့နယ်လ၀က ဦးစီးဌာနသို့ တိုင်ကြားခဲ့ပြီးနောက် နိုဝင်ဘာ ၉ ရက်၌ ဒေသခံများက စီမံကိန်းသို့ ထပ်မံသွားရောက် စစ်ဆေးရာ ယခင်ရှိနေသည့် ထိုင်းနိုင်ငံသား အယောက် ၂၀ မှာ မရှိတော့ ဘဲ ထိုင်းနိုင်ငံသား အလုပ်သမား အသစ် ၁၁ ဦး ရောက်ရှိနေပြီး စီမံကိန်း၌ ၀င်ရောက်လုပ်ကိုင် နေသောကြောင့် လ၀က ဥပဒေဖြင့် အရေးယူပေးရန် ဒေသခံများက တိုင်ကြားခြင်းဖြစ်သည်ဟု ဒေသခံများကိုယ်စား တိုင်ကြားခဲ့သူ စောအယ်ကလူစေးက ပြောကြားသည်။

“နိုဝင်ဘာ ၆ ရက်က ကျောက်မီးသွေး မိုင်းထဲမှာ ထိုင်းလုပ်သား ၂၀ လောက် ၀င်လုပ်နေတာနဲ့ ပတ်သက် ပြီး ထားဝယ်မြို့နယ် လ၀ကကို စာပို့တိုင်ကြားပြီးပြီ။ နိုဝင်ဘာ ၉ ရက်မှာ ရွာသားတွေ စီမံကိန်းမှာ ပြန်သွား စစ်တော့ အရင်ရှိနေတဲ့ ထိုင်းလုပ်သား ၂၀ က မရှိတော့ဘဲ ထိုင်းအလုပ်သမားအသစ် ၁၁ ဦးက အလုပ်လုပ်နေတယ်။ အရင်လူတွေလို မြန်မာစကားလည်း နားမလည်ဘူး။ ထိုင်းစကားပဲ နားလည်တယ်။ သူတို့မှာ Work ပါမစ်လည်း မရှိဘူး။ လ၀ကမှာ သွားမေးတော့ သူတို့စာရင်း အခုအထိ မရှိသေးဘူး။ ဒါကြောင့် လ၀က ဥပဒေအရ အရေးယူပေးဖို့ တိုင်ကြားတာပါ” ဟု စောအယ်ကလူစေးက ဆိုသည်။

ဒေသတွင်းရှိ ထိုင်းနိုင်ငံမှ အကောင်အထည်ဖော်ခဲ့ပြီး ထိုင်းလုပ်သားများ အသုံးပြု ဆောင်ရွက်ခဲ့ဖူးသော ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၌ စီမံကိန်းရှိ ထိုင်းအလုပ်သမားများ စာရင်းအား သက်ဆိုင်ရာ လ၀က၌ အတိအကျ စာရင်းရှိသော်လည်း ယခု ဘန်းချောင်း ကျောက်မီးသွေး စီမံကိန်းတွင်မူ ထိုင်းအလုပ်သမားများ၏ စာရင်းများ မရှိကြောင်း၊ ထိုင်း-မြန်မာနယ်စပ် ထီးခီးဝင်ပေါက်မှ ၀င်ရောက်လာ ပါကလည်း အလည်အပတ် ယာယီဗီဇာ TBP မှာ ၁၄ ရက်သာရရှိပြီး အလုပ်လုပ်ကိုင်ရန် ခွင့်ပြုထားခြင်း မရှိသောကြောင့် ဘန်းချောင်းစီမံကိန်း၌ လုပ်ကိုင်နေသော ထိုင်းအလုပ်သမားများမှာ ဗီဇာစည်းကမ်း ဖောက်ဖျက်ခြင်းပင်ဖြစ်ကြောင်း စောအယ်ကလူစေးက ထောက်ပြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ထားဝယ်မြို့နယ် လ၀ကဦးစီးမှူး ဦးမျိုးကျော်သူအား မေးမြန်းခဲ့ရာ ၎င်းက “ဘန်းချောင်းကျောက်မီးသွေး စီမံကိန်းက တာဝန်ခံ May Flower Mining Enterprises Co.,Ltd မှတစ်ဆင့် ငှားရမ်းလုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံ အခြေစိုက် East Star Co.,Ltd မှ စီမံကိန်း တာဝန်ခံ ဦးကြည်ဝင်းက သူတို့ဆီမှာ အရင်က အလုပ်သမား ကိုးဦးရှိတယ်လို့ ပြောတယ်။ အခုက ရာသီကုန်သွားလို့ အားလုံး ပြန်သွားပြီလို့ ပြောတယ်။ အခုကျန်ခဲ့တဲ့ ထိုင်းနိုင်ငံသား လေးဦး စာရင်းကို ပတ်ပို့စ်နဲ့ ယူလာပြပြီး ဗီဇာတော့ မပါလာခဲ့ဘူး။ သူတို့က Business ဗီဇာနဲ့ လုပ်ကိုင်နေတဲ့သူတွေဖြစ်ပြီး သူတို့ဗီဇာကို သက်တမ်း တိုး ဖို့ လုပ်နေဆဲ ဖြစ်တယ်လို့ ဗီဇာအထောက်အထားကို ပြန်လာပြမယ်လို့ ပြောထားတယ်။ သူတို့စီမံ ကိန်းမှာ ကျန်တဲ့ အလုပ်သမားတွေက ဒေသခံ မြန်မာလုပ်သားတွေလို့ ပြောတယ်။ လက်ရှိမှာတော့ သူတို့ဆီမှာ အလုပ်လာလုပ်ဖို့ လာပြီး လေ့လာနေတဲ့သူတွေတော့ ရှိတယ်။ တရားဝင်လုပ်ဖို့ ဖြစ်ပြီဆိုရင် သက်ဆိုင်ရာ ဗီဇာလျှောက်ထားပြီး စာရင်းနဲ့ တရားဝင် တင်ပြမယ်လို့ ပြောထားတယ်။ စီမံကိန်းနယ်မြေက KNU နယ်မြေဖြစ်ပြီး သွားလာဆက်သွယ်ရေး ခက်ခဲတော့ ဦးတို့လည်း အခုအထိ သွားမစစ်ရသေးဘူး။ တိုင်းသတ္တုကတော့ စီမံကိန်းကို သွားစစ်ဖို့ ရှိတယ်။ အဲဒီ အချိန်ကျရင် တာဝန်ရှိတဲ့ ဌာနတွေကို ခေါ်သွားမယ်လို့ ပြောထားတာရှိတယ်။ စီမံကိန်း တာဝန်ခံကိုတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ အ၀င်အထွက် အပြောင်းအလဲရှိရင် စာရင်းပို့ဖို့ ပြောထားတယ်” ဟု ဆိုသည်။ 

Writer: ဖြိုးဇင်
Eleven Media Group 

No comments:

Post a Comment