Tuesday 3 November 2015

ထိုင်း ကောင်းကင်ယံမှ မီးလုံးကြီးသည် ကမ္ဘာ့လေထု အပြင်ဘက်မှ ကျဆင်းလာခြင်းဟု ပညာရှင်များ အတည်ပြု

နိုဝင်ဘာ ၂ ရက် ညပိုင်းက ထိုင်းနိုင်ငံ ကောင်းကင်ယံတွင် တောက်ပစွာ တွေ့မြင်လိုက်ရသည့် အစိမ်းရောင်မီးလုံးကြီးသည် ကမ္ဘာ့လေထုအပြင်ဘက်မှ ကျဆင်းလာခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင်များက အတည်ပြု ပြောကြားခဲ့သည်။

တောက်ပသည့် မီးလုံးကြီးသည် ဥက္ကာခဲတစ်ခု ကျဆင်းလာသည်ဟု ယူဆရပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အပြင် ရာယွန်၊ ချောင်ဘူရီ၊ ချာချွန်ဆောင်၊ နာခွန်ဆာဝမ်၊ ခွန်ကန်း၊ ဖစ်ဆာနူလော့၊ အန်သောင်းနှင့် ချင်းမိုင်ဒေသများတွင်ပါ တွေ့မြင်ခဲ့ရသည်။


ယခုနှစ် စက်တင်ဘာ ၇ ရက်ကလည်း အလားတူ မီးလုံးကြီးတစ်လုံး ထိုင်းနိုင်ငံ ကောင်းကင်ယံတွင် ကျဆင်းလာခဲ့ဖူးပြီး ၎င်းသည်လည်း ဥက္ကာခဲအစိတ်အပိုင်းတစ်ခု ဖြစ်မည်ဟု နက္ခတ်ဗေဒ ပညာရှင်များက
သုံးသပ်ခဲ့သည်။ ကွဲပြားမှုမှာ ထိုစဉ်က ကျဆင်းလာသည့် မီးလုံးကြီးသည် လိမ္မော်ရောင်ဖြစ်ပြီး ယခုတစ်ကြိမ်တွင်မူ အစိမ်းရောင်တောက်ပနေခြင်း ဖြစ်သည်။ ဥက္ကာခဲတစ်ခု၏ ဖွဲ့စည်းပုံကို မူတည်ပြီး
လောင်ကျွမ်းချိန်တွင် မီးတောက်အရောင်သည် အပြောင်းအလဲ ဖြစ်နိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ အမျိုးသားနက္ခတ်ဗေဒ သုတေသနဌာနက ယခုတွေ့မြင်ရသည့် မီးလုံးကြီးသည် ကမ္ဘာ့လေထု အပြင်ဘက် အာကာသထဲမှ ကျဆင်းလာသည့် အရာဝတ္ထုတစ်ခုဖြစ်ကြောင်း နိုဝင်ဘာ ၃ ရက်တွင်
အတည်ပြုခဲ့သည်။

ဌာနမှ ပါမောက္ခ တစ်ဦးဖြစ်သူ ဘွန်ရက်ဆာ ဆွန်သွန်သမ်က “ဒီပစ္စည်းထဲမှာ ခရိုမီယမ် တော်တော်များများ ပါဝင်နေတာကြောင့် အစိမ်းရောင် မီးတောက်မျိုး ဖြစ်ပေါ်စေတာပါ။ နောက်ပြီး မီးလုံးကြီး ကျဆင်းလာတာကို နိုင်ငံရဲ့ ဒေသတော်တော်များများက လှမ်းမြင်လိုက်ရခြင်းကို ကြည့်ရင် ကမ္ဘာ့မြေလွှာကနေ အရမ်းမြင့်မားဝေးလံတဲ့ နေရာမှာကတည်းက စတင်လောင်ကျွမ်းလာတယ်လို့ ယူဆနိုင်ပါတယ်။
ဒါကြောင့် အာကာသထဲက ကျလာတဲ့ အရာဝတ္ထုတစ်ခုဆိုတာ သိသာပါတယ်”ဟု ရှင်းပြခဲ့သည်။

နှစ်လအတွင်း ကောင်းကင်မှ မီးလုံးကြီးများ ကျဆင်းမှုနှစ်ကြိမ်တိုင် ဖြစ်ပွားခဲ့သော်လည်း ယင်းနှစ်ခုကြား ဆက်စပ်မှု မရှိနိုင်သလို အာကာသထဲမှ ပစ္စည်းများ မြေပြင်နှင့် နီးကပ်လွန်းသည်အထိ ကျဆင်းလာမှုမျိုးသည် အလွန်ဖြစ်တောင့်ဖြစ်ခဲ ကိစ္စမျိုးဟုလည်း ဘွန်ရက်ဆာက ဆိုသည်။ ယခု မီးလုံးကြီးနှင့် ပတ်သက်၍ ဌာနအနေဖြင့် နောက်ထပ် အချက်အလက်သစ်များ ရရှိလာစေရန် စုံစမ်းမှုများ ပြုလုပ်နေဆဲဟုလည်း ၎င်းက
ပြောကြားသွားသည်။

Ref: Bangkok Post

No comments:

Post a Comment