Tuesday 3 November 2015

တိုက်ပွဲများရပ်တန့်ရန် ထိပ်သီးခေါင်းဆောင်များ၏ မျက်နှာစုံညီ အစည်းအဝေး တောင်းဆို

 မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရန် အပါအဝင် အချက် ၇ ချက်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဒုတိယအကြိမ် မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးအပြီး တောင်းဆိုလိုက်သည်။

နိုဝင်ဘာလ ၁ ရက်မှ ၃ရက်အထိ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဌာနချုပ် ပန်ဆန်း(ပန်ခမ်း)တွင် ထိပ်သီးအစည်းအဝေး ကျင်းပပြီး အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ်မရေးထိုးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။



“လက်ရှိ မြန်မာမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာ တိုင်းရင်းသားတွေအပေါ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ လုံးဝ ရပ်တန့်ဖို့ တောင်းဆိုတယ်။ အခုလက်ရှိ ထိုးစစ်ဆင်နေတာကို ချက်ချက် ရပ်တန့်ပေးဖို့နဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် ကောင်းမွန်တဲ့ အခွင့်အလန်းတွေကို ဖန်တီးပေးဖို့ တိုက်တွန်းထားတဲ့ အချက်ပါတယ်”ဟု ထိပ်သီးအစည်းအဝေး တက်ရောက်နေသော ရခိုင်တပ်မတော်(AA) မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က သူက မဇ္ဈိမကို ပြောသည်။

ပြီးရင် အဲဒီတောင်းဆိုချက်မှာ တရုတ်နယ်စပ်နဲ့ ဆက်စပ်မှု ရှိတယ်ဆိုတော့ အဲဒီမှာ တရုတ်နိုင်ငံက စစ်ဘက်ဆိုင်ရာ တာဝန်ခံတွေနဲ့ ညှိနှိုင်းဆွေးနွေးတဲ့အချိန်မှ အဲဒီပြဿနာတွေကို ပိုဖြေရှင်းသွားပြီးတော့ တရုတ်နယ်စပ်မှာရှိတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်ရရှိလာဖို့အတွက် ဖော်ဆောင်ဖို့အတွက် အချက်တချက်တောင်းဆိုထားတယ်။

တက်လာမည့် အစိုးရသစ်နှင့် တစ်နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲကြီး တစ်ရပ် ပေါ်ပေါက်လာရေး ပူးပေါင်း ဆောင်ရွက်သွားရန်နှင့် ပင်လုံစိတ်ဓါတ်နှင့် ပင်လုံကတိကဝတ်ကို အခြေခံသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းရေးကို အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စုကြီးကို မဖြစ်မဖြစ် ဖော်ဆောင်သွားရန်ဟူ၍ တောင်းဆိုထားသည်။

ထို့ပြင် လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအား ပွင့်လင်းမြင်သာစွာနှင့် လွတ်လပ်ပြီး တရားမျှတစွာဖြင့် ကျင်းပရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို တက်လာမည့် အစိုးရသစ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ လွတ်တော်ပြင်ပ နိုင်ငံရေးအင်အားစုများနှင့် ပူးပေါင်း၍ အမြန်ဆုံး လုပ်ဆောင်သွားရန် တောင်းဆိုထားသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့မှ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် (NSCN-K) က တက်ရောက်နိုင်ခြင်း မရှိခဲ့သဖြင့် အဖွဲ့အစည်း ၁၁ ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း ၅၄ ဦးနှင့် လေ့လာသူ ၁၃ ဦး တက်ရောက်ခဲ့သည်ဟု ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင်က ပြောသည်။

“ကျနော်တို့အနေနဲ့ ဒီပန်ဆန်း ဒုတိယ ထိပ်သီးအစည်းအဝေးဆိုတော့ ပထမအစည်းအဝေးထက်ပိုပြီး အဆင်ပြေတယ်။ ဆွေးနွေးပွဲ ရလဒ်တွေလည်း တက်ရောက်လာသူတွေလည်း အားရကျေနပ်မှု ရှိကြပါတယ်”ဟု သူက ပြောသည်။

UWSP/UWSA အပါအဝင် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု (NDAA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA)တို့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ထိုမျက်နှာစုံညီ ထိပ်သီးအစည်းအဝေးတွင် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO)၊ ကယန်းပြည်သစ်ပါတီ (KNLP)မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ KNDO မှ ကိုယ်စားလှယ်အဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန် တက်ရောက်ခဲ့မှုအပေါ် ဝေဖန်မှုများ ရှိခဲ့သည်။
mizzima

No comments:

Post a Comment