Tuesday 3 November 2015

ဂျာမနီ လေဆိပ်တစ်ခုတွင် စစ်လက်ကျန် ဗုံးတစ်လုံး တွေ့ရှိသဖြင့် ထိန်းချုပ် ဖောက်ခွဲခဲ့ရ

ဂျာမနီနိုင်ငံရှိ လေဆိပ်တစ်ခုတွင် ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးတစ်လုံးကို တွေ့ရှိရသည့်နောက် လုံခြုံရေး ထိန်းချုပ်မှုများ ပြုလုပ်ဖောက်ခွဲခဲ့ရကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁ ရက် ညပိုင်းက ဒူဆယ်လ်ဒေါ့ဖ်မြို့ရှိ နိုင်ငံတကာလေဆိပ်တွင် ဗုံးဟောင်းတစ်လုံးကို ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂ ရက် နံနက်အစောပိုင်းတွင် ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။

၂၇၅ ပေါင်မျှ အလေးချိန်ရှိသည့် စစ်ကျန်ဗုံးဟောင်းကို နေရာရွှေ့ပြောင်းရန် အဆင်မပြေသဖြင့် နေရာတွင်ပင် ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်ကာ ဖောက်ခွဲလိုက်ရခြင်းဟု လေဆိပ်အာဏာပိုင်များက
ဆိုသည်။

ဗုံးကို ရှာတွေ့သည့်နေရာသည် လေယာဉ်ပြေးလမ်းတစ်ခုနှင့် နီးကပ်စွာ တည်ရှိနေသောကြောင့် လေဆိပ်ကိုပါ တစ်နာရီမျှ ပိတ်ထားခဲ့ရကြောင်းလည်း သိရသည်။


လေဆိပ်၏ Facebook စာမျက်နှာတွင် ဗုံးကို ကျွမ်းကျင်သူများက ဖျက်ဆီးလိုက်သည့် သတင်းကို ဖော်ပြခဲ့ပြီး ယင်းလုပ်ငန်းစဉ် အပြီးတွင် လေယာဉ်များ ပုံမှန်ဆင်းသက်နိုင်ခဲ့ကြောင်း ရေးသားထားသည်။

ဒုတိယ ကမ္ဘာစစ် ပြီးဆုံးသွားသည်မှာ နှစ်ပေါင်း ၇၀ မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဂျာမနီတွင် ဆောက်လုပ်ရေးလုပ်ငန်းအတွက် တူးဖော်မှုများ ပြုလုပ်ရာမှ မပေါက်ကွဲသေးသည့် စစ်လက်ကျန်ဗုံးများ
တွေ့ရှိနေရဆဲ ဖြစ်သည်။

Ref: Washington Post

No comments:

Post a Comment