Tuesday 3 November 2015

တောင်တရုတ် ပင်လယ်တွင် စစ်သင်္ဘောများ ဆက်လက် ခုတ်မောင်းစေမည်ဟု အမေရိကန်ဆို

တရုတ်နှင့် ဆက်ဆံရေး တင်းမာမှုများ ဖြစ်လာနိုင်သည့်တိုင် တောင်တရုတ် ပင်လယ်ထဲသို့ စစ်သင်္ဘောများ ထပ်မံ စေလွှတ်မည်ဖြစ်ကြောင်း အမေရိကန် စစ်ဘက် အတည်ပြုခဲ့သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ် ပင်လယ်အတွင်း ကျွန်းတုများ တည်ဆောက်ခြင်း၊ သန္တာကျောက်တန်းများပေါ်တွင် စစ်အခြေစိုက် စခန်းများ တည်ဆောက်ခြင်းတို့ ပြုလုပ်ပြီး အဆိုပါ ပင်လယ်နှစ်ခု၏ ရေပြင်ပိုင်နက် အားလုံးနီးပါးကို ၎င်းတို့ လက်အောက်ခံအဖြစ် ကြေညာထားသည်။


အမေရိကန် ပြည်ထောင်စုကမူ တရုတ်၏ အဆိုကို အသိအမှတ် မပြုဘဲ တောင်တရုတ်ပင်လယ်ကို နိုင်ငံတကာ ရေပြင်ဟုသာ သဘောထားခဲ့သည်။ ထို့အပြင် တရုတ်နှင့် ရေပိုင်နက် အငြင်းပွားနေသည့် မဟာမိတ် နိုင်ငံများဘက်မှလည်း ထောက်ခံ ရပ်တည်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်သည် တရုတ်က ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် သန္တာကျောက်တန်း တစ်ခုအနီးမှ ကပ်၍ ခုတ်မောင်းခဲ့ရာ တရုတ်အတွက် အမျက်ထွက်စရာ ဖြစ်ခဲ့သည်။

ထိုဖြစ်ရပ်အပေါ် နှစ်နိုင်ငံ ရေတပ် သေနာပတိများ ဆက်သွယ် စည်းဝေးပြီးနောက် အလားတူ ပြဿနာမျိုးအတွက် အပြန်အလှန် ဆွေးနွေးခြင်းဖြင့် အဖြေရှာရန် သဘောတူညီခဲ့သည်။ သို့သော်လည်း အမေရိကန် အနေဖြင့် ပေါ့ပေါ့တန်တန် အပြုအမူမျိုးဖြင့် မိမိတို့ကို ရန်မစသင့်ဟု တရုတ်က သတိပေးခဲ့သည်။

သို့သော် အမေရိကန် ရေတပ်အနေဖြင့် အဆိုပါ ရေပြင်တွင် နောက်ထပ် စစ်သင်္ဘောများ ခုတ်မောင်းစေမည် ဖြစ်ကြောင်း အမျိုးသား လုံခြုံရေးဌာန လက်ထောက် အကြံပေးအရာရှိ ဘန်ရုဒ်စ်က ပြောကြားခဲ့သည်။ အခြားစစ်ဘက် အရာရှိ တစ်ဦးကလည်း အမေရိကန် ရေတပ်သည် တောင်တရုတ်ပင်လယ်တွင် အနည်းဆုံး သုံးလလျှင် နှစ်ကြိမ်မျှ ကင်းလှည့် ခုတ်မောင်းရန် စီစဉ်ထားကြောင်း အတည်ပြုခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန် ရေတပ်၏ ခရုစ်ဒုံးကျည်တင် ဖျက်သင်္ဘော USS Lassenသည် တရုတ်က ပိုင်ဆိုင်သည်ဟု ကြေညာထားသည့် ဆူဘီနှင့် မစ္စချိဖ် သန္တာကျောက်တန်းများ အနီး ရေမိုင် ၁၂ မိုင် အကွာအဝေး အတွင်းမှ ခုတ်မောင်းခဲ့ရာ တရုတ်က ဒေါသတကြီး ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

ရုဒ်စ်က “ကျွန်တော်တို့ဟာ ဒေသတွင်း လုံခြုံရေးအတွက် တာဝန်ရှိတဲ့အတိုင်း ကင်းလှည့် ခုတ်မောင်းမှုတွေ ဆောင်ရွက်သွားမှာပါ။ ဒါပေမဲ့ လုပ်ငန်းစဉ်တိုင်းအတွက် ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးဖြေရှင်းဖို့ပဲ ဆန္ဒရှိပါတယ်”ဟု ဆိုသည်။ အခြား အမည်မဖော်သည့် အမေရိကန် စစ်ဘက် အရာရှိ တစ်ဦးကလည်း “တကယ်တော့ ဒါဟာ အမေရိကန် ရေတပ်ရဲ့ ပုံမှန် လုပ်ငန်းစဉ်ပါ။ အခုမှ တရုတ်က သူတို့ကို ထိပါးရန်စတယ်လို့ ယူဆလာတာ ဖြစ်ပါတယ်။ နိုင်ငံတကာ ရေပိုင်နက် သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး တရုတ်နဲ့ ကျွန်တော်တို့ အမြင်ချင်း ကွဲပြားမှုတွေ ရှိနေပါတယ်”ဟု မှတ်ချက်ပေးခဲ့သည်။

တရုတ်သည် ၎င်းတို့ကမ်းလွန်ရှိ ပင်လယ်နှစ်ခုတွင် ကျွန်းတုများ၊ စစ်အခြေစိုက်စခန်းများ၊ လေယာဉ်ပြေးလမ်းများ ဖြန့်ကျက် တည်ဆောက်နေသည့်အပေါ် အမေရိကန်အပြင် အိမ်နီးချင်း နိုင်ငံများကပါ ကန့်ကွက်နေသည့်တိုင် တရုတ်အစိုးရကမူ အဆိုပါ အဆောက်အအုံများသည် အရပ်ဘက် ရည်ရွယ်ချက်ဖြင့်သာ အသုံးပြုရန်ဖြစ်ကြောင်း တုံ့ပြန် ဖြေရှင်းထားသည်။

Ref: Reuters

No comments:

Post a Comment