Tuesday 3 November 2015

ဆီးရီးယားတွင် အိုင်အက်စ်တို့ကို လေကြောင်းမှ တိုက်ခိုက်ရန် အားထုတ်မှုကို ဗြိတိန်အစိုးရ မစွန့်လွှတ်သေး

ဆီးရီးယားတွင် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တိုက်ခိုက်နိုင်ရေး အားထုတ်နေမှုကို စွန့်လွှတ်ရန် စီစဉ်နေကြောင်း သတင်းများကို ဝန်ကြီးချုပ် အိမ်တော်က ငြင်းဆိုလိုက်သည်။

ဗြိတိန်အစိုးရ အနေဖြင့် ဆီးရီးယားတွင် အိုင်အက်စ်တို့ကို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်ရန် အစီအစဉ်ကို စွန့်လွှတ်တော့မည်ဟု The Timesနှင့် The Guardianကဲ့သို့ သတင်းစာကြီးများက ဖော်ပြလာခဲ့သည်။

လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ် နေအိမ်က ကြေညာချက် ထုတ်ပြန်ရာတွင် ဝန်ကြီးချုပ် အနေဖြင့် လွှတ်တော်တွင်း လုံလောက်သည့် မဲအရေအတွက် မရရှိသဖြင့် လေကြောင်းတိုက်ခိုက်မှု အစီအစဉ်ကို စွန့်လွှတ်ရန် ကြံစည်နေကြောင်း သတင်းများသည် မှန်ကန်မှု မရှိဟု ဖော်ပြထားသည်။


ဆီးရီးယားတွင် လေကြောင်းထိုးစစ် ဆင်နွှဲရန် အဆိုကို ၂၀၁၃ ခုနှစ်က လွှတ်တော်တွင် အဆိုတင် မဲခွဲရာ အရေးနိမ့်သော်လည်း နောက်ပိုင်းတွင် အမတ်များက အီရတ်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နိုင်ရေးကို ထောက်ခံခဲ့သည်။ သို့သော် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် ဦးဆောင်သည့် အစိုးရသည် ဆီးရီးယားရှိ စစ်သွေးကြွများကို တိုက်ခိုက်နိုင်ရေး လွှတ်တော် ထောက်ခံချက် ရရှိအောင် ဆက်လက် ကြိုးပမ်းနေဆဲ ဖြစ်သည်။

ဗြိတိန် အထက်လွှတ်တော် အမတ်အများစုက ခိုင်မာ တိကျသည့် နိုင်ငံတကာ မဟာဗျူဟာတစ်ရပ် အကောင်အထည် ပေါ်မလာမီ ဆီးရီးယား ပြည်တွင်းစစ်တွင် လက်ဝင်မလျှိုသင့်ဟု ဗြိတိန် အစိုးရကို သတိပေးထားသည်။ ဆောင်းဦးပေါက်တွင် အစိုးရ အနေဖြင့် ဗြိတိသျှ တော်ဝင်လေတပ် တိုက်လေယာဉ်များ ဆီးရီးယားတွင် စစ်ဆင်ရေး ဆင်နွှဲနိုင်ရန် အဆိုပြုမှု တစ်ရပ်ကို ထပ်မံ တင်သွင်းလာမည်ဆိုသော ခန့်မှန်းချက်များလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။

ကင်မရွန်က ၂၀၁၃ ခုနှစ်၊ မဲခွဲမှုတွင် ယင်းအဆို အရေးနိမ့်ထားသော်လည်း နောက်ထပ်တစ်ကြိမ် အားထုတ်မှုအတွက် မျှော်လင့်ချက် ထားနေဆဲ ဖြစ်သည်။

ဗြိတိန်သည် အမေရိကန် ဦးဆောင်ပြီး အိုင်အက်စ်တို့ကို လေကြောင်းမှ တိုက်ခိုက်နေသည့် ထိုးစစ်တွင် အီရတ်ပိုင်နက်၌ ပါဝင်ဆင်နွှဲနေသော်လည်း လွှတ်တော် ထောက်ခံချက် မရသဖြင့် ဆီးရီးယား ပိုင်နက်ဘက်တွင် ယခုတိုင် ပါဝင်တိုက်ခိုက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Ref: BBC

No comments:

Post a Comment