Tuesday 3 November 2015

ဆီနိုင်းတွင် ပျက်ကျသည့် လေယာဉ်သည် လေထဲတွင် အပိုင်းပိုင်းအစစ ဖြစ်သွားဟု ရုရှားပညာရှင်များဆို

ပြီးခဲ့သည့် သီတင်းပတ်က ဆီနိုင်းကျွန်းဆွယ်ပေါ် ဖြတ်ပျံစဉ် ပျက်ကျခဲ့သည့် ခရီးသည်တင် လေယာဉ်သည် လေထဲတွင်ပင် အပိုင်းပိုင်း အစစ ပျက်စီးသွားခဲ့ကြောင်း ရုရှား စုံစမ်းရေး အရာရှိများက ပြောကြားခဲ့သည်။
အောက်တိုဘာ ၃၁ ရက်က ဆီနိုင်းကျွန်းဆွယ်၏ အီဂျစ် ထိန်းချုပ်ထားရာ အပိုင်းကို ဖြတ်ပျံစဉ် လေယာဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး လိုက်ပါလာသူ ၂၂၄ ဦးစလုံး သေဆုံးခဲ့သည်။ အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများက ဆီးရီးယားတွင် မိမိတို့ကို လေကြောင်းမှ တိုက်ခိုက်သည့်အတွက် ရုရှားခရီးသည်တင် လေယာဉ်တစ်စီးကို လက်စားချေကာ ပစ်ချခဲ့ကြောင်း ကြေညာသည်။ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ရုရှားအစိုးရက ကျွမ်းကျင်သူများ စေလွှတ်ကာ အကြောင်းရင်းကို စုံစမ်းနေစေခြင်း ဖြစ်သည်။

ခေတ်မီ လေယာဉ်များသည် ဗုံး (သို့မဟုတ်) ဒုံးကျည်တစ်စင်း ထိခိုက်ပေါက်ကွဲမှုမျိုး မကြုံပါက လေထဲတွင် ပွင့်ထွက် ပျက်စီးသွားခြင်းမျိုး မဖြစ်နိုင်ချေ။ လက်ရှိ အခြေအနေ အရမူ လေယာဉ် ပျက်ကျရမှုနှင့် ပတ်သက်၍ ယတိပြတ် ပြောဆိုရန် ခက်ခဲလွန်းကြောင်း ရုရှား လေကြောင်းပျံသန်းမှု စုံစမ်းရေး ကော်မတီမှ ဗစ်တာ ဆိုရိုချန်ကိုက မှတ်ချက်ပေးခဲ့သည်။

Airbus 321-200 လေယာဉ် ပျံမတက်မီတွင် လေယာဉ်မှူး တစ်ဦးက ဇနီးထံ ဆက်သွယ်ကာ အခြေအနေ ကောင်းမွန် အေးချမ်းကြောင်း ပြောကြားခဲ့သေးသည်။ အိုင်အက်စ်တို့က လေယာဉ်ကို ပစ်ချခဲ့ကြောင်း ကြေညာခဲ့သည့်တိုင် ယင်းကို အီဂျစ်နှင့် ရုရှား အာဏာပိုင်များက ဖြစ်နိုင်ခြေ မရှိဟု ငြင်းဆိုထားသည်။

ဆိုရိုချန်ကိုက လေယာဉ်ပျက် အစိတ်အပိုင်းများသည် ဆီနိုင်း အလယ်ပိုင်း လူသူအရောက်အပေါက် နည်းပါးရာ ဒေသတွင် စတုရန်း ၇ မိုင်စာမျှ ပြန့်ကြဲနေခဲ့ကြောင်း ဆိုသည်။ အိုင်အက်စ်တို့ကို ထောက်ခံသည့် စစ်သွေးကြွ အဖွဲ့အချို့သည် ဆီနိုင်းသို့ စိမ့်ဝင် ထိုးဖောက်နေပြီဖြစ်ပြီး ယခုလေယာဉ် ပျက်ကျမှုသည် အိုင်အက်စ် စစ်ရေးပစ်မှတ်များကို ရုရှားစစ်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ပြီး သီတင်းပတ် အနည်းငယ်အတွင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ရုရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီး မက်ဆင်းမ် ဆိုကိုလော့ဗ်ကမူ လေယာဉ်သည် အီဂျစ် အပန်းဖြေစခန်း  ရှမ်အယ်လ်ဆိတ်ခ်မှ စတင်ပျံတက်လာပြီးနောက် မကြာမီမှာပင် လေယာဉ်သည် ပေပေါင်း ၃၁၀၀၀ မျှ ရုတ်တရက် ထိုးဆင်းသွားသည့် ကိစ္စနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း အဖြေ မထုတ်နိုင်သေးဟု ဆိုသည်။ ဆိုကိုလော့ဗ်သည် အီဂျစ်သို့ ကိုယ်တိုင်ရောက်ရှိနေပြီး နိုဝင်ဘာ ၁ ရက်မှ စတင်ကာ လေယာဉ် ပျက်ကျမှုနှင့် ပတ်သက်၍ စုံစမ်းမှုများကို ကြီးကြပ် ကွပ်ကဲလျက် ရှိသည်။

ယခုဖြစ်ရပ် ပေါ်ပေါက်လာပြီးနောက် နိုင်ငံတကာ လေကြောင်းလိုင်းကြီး လေးခုနှင့် ဒေသတွင်း လေကြောင်းလိုင်း တစ်ခုတို့က ခရီးစဉ်အမှတ် ၉၂၆၈ လေယာဉ် ပျက်ကျမှု အကြောင်းရင်း အတိအကျ မသိရသေးမီ ဆီနိုင်းကို မဖြတ်ကျော်တော့ဘဲ လမ်းကြောင်းလွှဲ ပျံသန်းမည်ဟု ကြေညာသည်။ ဆီနိုင်းကို ဖြတ်ကျော် ပျံသန်းသည့် တစ်ခုတည်းသော အမေရိကန် လေကြောင်းလိုင်းဖြစ်သည့် Unitedကမူ လက်ရှိ အခြေအနေတွင် လမ်းကြောင်းပြောင်းရန် မလိုသေးကြောင်း ပြောကြားထားသည်။

လုံခြုံရေး ပညာရှင်များက အိုင်အက်စ်တို့သည် အနိမ့်ပျံ လေယာဉ်များကို ပစ်ချနိုင်သည့် ပခုံးထမ်း လောင်ချာများ ပိုင်ဆိုင်ထားပြီဟု ယုံကြည်လျက် ရှိသည်။ သို့သော်လည်း အဆိုပါ လက်နက်စနစ်များသည် အမြင့်ပေ ၁၀၀၀၀ အထက်တွင် ပျံသန်းနေသည့် လေယာဉ်များကို အန္တရာယ် မပေးနိုင်ချေ။

၂၀၁၄ ခုနှစ်၊ ဇူလိုင်လကမူ မလေးရှား လေကြောင်းလိုင်းပိုင် MH17 လေယာဉ်သည် စစ်ဖြစ်နေရာ ယူကရိန်း အရှေ့ပိုင်း ဒေသတွင် ဖြတ်ကျော်ပျံသန်းစဉ် ရုရှားလုပ် Buk ဒုံးကျည်စနစ် ထိမှန်ပြီး ပျက်ကျခဲ့သည်။ အဆိုပါ လေယာဉ် ပျက်ကျမှုနှင့် ပတ်သက်၍ ယူကရိန်း အစိုးရနှင့် ရုရှားလိုလားသည့် ခွဲထွက်ရေး သူပုန်များက အပြန်အလှန် လက်ညှိုးထိုး အပြစ်တင်နေပြီး ယခုတိုင် လက်သည်မပေါ်ဘဲ ရှိနေဆဲဖြစ်သည်။

Ref: Washington Post

No comments:

Post a Comment