Wednesday 26 August 2015

ပြည်ထောင်စုအစိုးရ၏ ထောက်ပံ့ငွေ ကျပ်သန်း ၅၀၀ ဖြင့် ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် လယ်ယာမြေများ ဖော်ထုတ်၍ အမှန်တကယ် လယ်ယာမဲ့နေသူများအား စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးရန် စီစဉ်

ပြည်ထောင်စုအစိုးရ၏ ထောက်ပံ့ငွေ ကျပ်သန်း ၅၀၀ ဖြင့် ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် လယ်ယာမြေများ ဖော်ထုတ်၍ အမှန်တကယ် လယ်ယာမဲ့ဖြစ်နေသူမျာကို စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာမဲ့များအတွက် လယ်ယာမြေများ ဖော်ထုတ်ရန် ကျပ်သန်း ၅၀၀ ကို ပြည်ထောင်စုအစိုးရအဖွဲ့ က ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ လယ်ယာမြေများ ဖော်ထုတ်၍ စိုက်ပျိုးလုပ်ကိုင်ခွင့်ပြုမည့် အစီအစဉ်ကို လာမည့်ပွင့်လင်းရာသီတွင် စတင်ရန် စီစဉ်ထားပြီး အမှန်တကယ် လယ်မဲ့ယာမဲ့ဖြစ်နေသူများကို စိုက်ပျိုးလုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုအချိန်က ပွင့်လင်းရာသီ မဖြစ်သေးတဲ့အတွက် တာတွေပတ်ဖို့ရှိတယ်။ သောင်ထွန်းမြေတွေပေါ့။ အခုတော့ မြေမာလာပြီ။ စိုက်လို့ပျိုးလို့ရပြီ။ အဲဒါတွေကို တာတွေပတ်ရမယ်။ တာတွေပတ်ပြီးလို့ရှိရင် မြေတွေအများကြီး ပေါ်ထွက်လာပြီ။ 
အဲဒီအခါ ဒေသခံတောင်သူတွေ၊ မြေမဲ့ယာမဲ့တွေကို စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးမယ်။ သုံးခွမြို့နယ်ထဲမှာပါ။ ဘယ်လောက်ဧက ရှိသလဲဆိုတာတော့ မသိသေးဘူး။ စိစစ်ရေးအဖွဲ့တွေကို စိစစ်ခိုင်းထားတယ်။ စိစစ်ရေးအဖွဲ့တွေက စိစစ်ပြီးမှ တာကြီးကို ပေဘယ်လောက်သွားရမယ်ဆိုတာ သိမယ်။ အဲဒီအခါကျမှ တွက်ချက်လို့ ရမယ်။ အဲဒီအခါကျမှ လယ်ဘယ်နှဧက ထွက်လာမယ်ဆိုတာ တွက်ချက်စီစဉ်လို့ရမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူ ရေးဝန်ကြီး ဦးစိုးမင်းက ပြောကြားသည်။

အဆိုပါလယ်များကို စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးရန် စီစဉ်ထားသော်လည်း လယ်မြေအား ပိုင်ဆိုင်ခွင့်ပေးခြင်း မပေးခြင်းကိစ္စကိုမူ မသိရှိရသေးကြောင်း ဦးစိုးမင်းက ဆက်လက်ပြောကြားသည်။

“ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်လို့ကတော့ တကယ့် မြေမဲ့ယာမဲ့ ဘယ်လောက်ရှိသလဲ၊ မြေဧက ဘယ်လောက်ဖော်ထုတ်နိုင်သလဲဆိုတာ စိစစ်တွက်ချက်ပြီး အစည်းအဝေးတွေ အများကြီးလုပ်ပြီးမှ ဆုံးဖြတ်ရမှာ။ အခုတော့ ဘာမှ မသိနိုင်သေးပါဘူး”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသော လယ်ယာမြေများစွာရှိနေပြီး အချို့မှာ ယင်းလယ်ယာမြေများကို လက်လွှတ်ဆုံးရှုံးကာ လယ်ယာမဲ့များ ဖြစ်သွားခဲ့ရသည်။ သို့ဖြစ်၍ ၎င်းတို့အတွက် လယ်မြေအသစ်များ ဖော်ထုတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Writer: ကျော်ထင်
Eleven Media Group

No comments:

Post a Comment