Wednesday 26 August 2015

မန္တလေးမြို့ ရေမကြီးရန် သဘာဝ ရေထိန်းစုကန်များ တည်ဆောက်မည်

မိုးကြီးပါက မန္တလေးမြို့အတွင်းရှိ ရေမြောင်းများမှ ရေလျှံခြင်းနှင့် အဓိက လမ်းမကြီးများပေါ်တွင် ရေတင်ခြင်းတို့ ဖြစ်ပေါ်နေရာ ရေနစ်မြုပ်မှုမှ ကာကွယ်ရန် သဘာဝရေထိန်းစုကန်များ တည်ဆောက် နိုင်ရေးအတွက် လေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြို့တော်ဝန် ဦးအောင်မောင်းက ပြောကြားသည်။

သဘာဝရေထိန်းစုကန်ကို ချမ်းမြသာစည် မြို့နယ်အတွင်း ၆၄ လမ်းနှင့် ၆၅ လမ်းကြား မန္တလေး-လားရှိုးသံလမ်း မြောက်ဘက်ခြမ်းတွင် ရေဝပ်ဧရိယာကို ရေထိန်းစုကန်အဖြစ် မြေသားအနက် ၁၁ ပေ တူးဖော်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပြီး ပြည်ကြီးတံခွန် မြို့နယ်အတွင်း ရပ်ကွက်များ ရေနစ်မြုပ်မှု မရှိစေရေးအတွက် ရေမြောင်းစနစ်များလည်း အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ ဇောင်းကလောအင်း အတွင်းရှိ လယ်ယာမြေများ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားသဖြင့် ရေကြီးရေလျှံ ကင်းဝေးစေရေး အတွက် ကိုလံဘိုမြောင်းကို ရေစီးရေလာ ကောင်းမွန်စေရန် ဆောင်ရွက်နေ သည့်အပြင် ကိုလံဘိုမြောင်းအတွင်း တစ်နာရီလျှင် ရေဂါလန် ငါးသိန်း စုပ်ထုတ်နိုင်သည့် ရေစုပ်စက်နှစ်လုံး တပ်ဆင်ထားပြီး ဖြစ်ကြောင်း မြို့တော်ဝန်ဦးအောင်မောင်းက ပြောကြားသည်။

မြို့သစ်ဧရိယာတွင် မိုးရာသီကာလ အတွင်း မြောင်းရေလျှံပါက ရပ်ကွက်အတွင်း ရေကြီးရေလျှံမှုများ ခံစားရလေ့ရှိကြောင်း ချမ်းမြသာစည်မြို့နယ် ထွန်တုံး ရပ်ကွက်အတွင်း နေထိုင်သူများက ဆိုသည်။

ချမ်းမြသာစည်မြို့နယ် အတွင်းရှိ အောင်ပင်လယ်ရပ်ကွက်၊ ကံသာယာရပ်ကွက်၊ ထွန်တုံးရပ်ကွက်မှ ရေမြောင်းများသည် ပန်းရံတော်ချောင်းအတွင်း စီးဆင်းလေ့ရှိပြီး မိုးရာသီတွင် ပန်းရံတော်ချောင်း ရေမြင့်တက်မှုကြောင့် အဆိုပါရေမြောင်း များမှတစ်ဆင့် ရပ်ကွက်အတွင်း ရေဝင်ရောက်မှု ရှိကြောင်း အောင်ပင်လယ် ရပ်ကွက်တွင် ရေတံခါးငါးခု၊ ကံသာယာရပ် ကွက်တွင် ရေတံခါး ငါးခု တပ်ဆင်ရန်နှင့် ရေစုကန် ၁၀ ခု ဆောင်ရွက်ရမည်ဖြစ်ရာ ဘတ်ဂျက်ရရှိမှုပေါ် မူတည်ကာ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း မြို့တော်ဝန် ဦးအောင်မောင်းက ပြောကြားသည်။

The Voice Weekly 

No comments:

Post a Comment