Wednesday 26 August 2015

ရန်ကုန် လမ်းဘေးဈေးသည်များကို ဈေးကောက်ရငွေ သန်းရာချီ အရှုံးခံ၍ ရှင်းလင်းဟုဆို

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ရောင်းချလျက်ရှိသော လမ်းဘေးပျံကျ ဈေးသည်များထံမှ ကောက်ခံရရှိမည့် ဈေးကောက်ငွေ ကျပ် ၀ ဒသမ ၈ ဘီလီယံကို အဆုံးရှုံးခံကာ အဆိုပါ ဈေးသည်များကို ရှင်းလင်းခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်း များကို လုပ်ဆောင်နေကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန(၁) မှ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောသည်။

နှစ်စဉ် ၀ ဒသမ ၈ ဘီလီယံရရှိနေပြီး ယင်းကောက်ခံမှုကို ၂၀၁၅ ခုနှစ် ဇွန်လတွင် စတင်ရပ်ဆိုင်းခဲ့ပြီး လမ်းဘေးဈေးသည်များအား ရှင်းလင်းခြင်း၊ စည်းကမ်း ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ ရန်ကုန်မြို့တွင်း ရောင်းချနေသော လမ်းဘေးဈေးဆိုင်များကို ညနေ ၃ နာရီမှ ည ၁၀ နာရီအထိ ရောင်းချခွင့်ပြုရန် အစီအစဉ်ရှိ မရှိကို ကျောက်တံတားမဲ ဆန္ဒနယ်မှ ဦးစိုးဝင်းက မေးမြန်းရာ ၎င်းက ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင်း ယာဉ်သွားလာမှု ပိတ်ဆို့ခြင်း၊ အမှိုက် အညစ်အကြေးများ လမ်းပေါ်သို့စွန့်ပစ်ခြင်း၊ လမ်းသွားလမ်းလာများ အနှောင့်အယှက် ဖြစ်စေခြင်းနှင့် ပြည်သူလူထုစားသုံးရန် မသင့်တော်သော ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသည့် အစားအသောက်များ ရောင်းချခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပေါ်စေသည့် အတွက် ယင်းသို့ စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

မြို့တွင်းမြို့နယ်များရှိ အဓိက လမ်းမကြီးများတွင် လမ်းဘေးဈေးသည်များ စည်းကမ်းထိန်းသိမ်းမှုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အဖွဲ့များဖွဲ့၍ နေ့စဉ် ဆောင်ရွက်လျက် ရှိပြီး မြို့နယ်အလိုက် အဓိကကျသည့် လမ်းများဖြစ်သော ပြည်လမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ အင်းစိန်လမ်း၊ ဝေဇယန္တာလမ်း စသည့်လမ်းများပေါ်တွင် လမ်းဘေး ဈေးသည်များ ရောင်းချမှုမရှိစေရေး အတွက် မြို့နယ် စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူးရုံးများက တာဝန်ယူ စည်းကမ်းထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ လမ်းမတော်လမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ပန်းဆိုးတန်းလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းတို့တွင် ဖြေလျှော့သည့် အနေနှင့် ညနေ ၃ နာရီမှ ည ၈ နာရီ အထိ ဈေးရောင်းချခွင့် ပြုထားပြီး နံပါတ်တပ် လမ်းများနှင့် အခြားအမည် တပ်လမ်းတို့တွင် အဆိုပါလမ်း၌ နေထိုင်သူများ၏ သဘောထားအပေါ် မူတည်၍ အချိန်ကန့်သတ်ချက် မထားရှိဘဲ ရောင်းချခွင့် ပြုထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

The Voice Weekly 

No comments:

Post a Comment