Wednesday 26 August 2015

သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ စက်တင်ဘာလ အစပိုင်းတွင် တွေ့ဆုံမည်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် သဘောတူရန် ကျန်ရှိနေသော အချက်နှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များနှင့် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ စက်တင်ဘာလအစတွင် တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ ပဋိပက္ခဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

နိုင်ငံတော် သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များသည် သြဂုတ်လကုန်တွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း စက်တင်ဘာ လဆန်းမှသာ တွေ့ဆုံနိုင်တော့မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“လောလောဆယ် အနေထား အရတော့ စက်တင်ဘာ လဆန်းမှပဲ တွေ့ဖြစ်တော့မယ်။ တိုင်းရင်းသားခေါင်းဆောင် တွေကလည်း သူတို့အနေနဲ့ ဒီလထဲမှာ တွေ့ဖို့ အဆင်မပြေတော့ဘူး ဆိုတော့ စက်တင်ဘာ လဆန်းမှာတော့ တွေ့ဖြစ်မှာပါ။ အဲထက် နောက်ကျရင်လည်း အစိုးရဘက်က အခက်အခဲ ဖြစ်နိုင်တယ်” ဟု ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

နဝမအကြိမ်မြောက် NCA ညှိနှိုင်းဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုရာ၌ အားလုံးပါဝင် လက်မှတ်ရေးထိုးရေးမူနှင့် ပတ်သက်၍ နှစ်ဖက်သဘောတူညီမှု မရခဲ့သောကြောင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် သြဂုတ်လကုန်တွင် တွေ့ဆုံရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းငါးဖွဲ့ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP) ၊ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP) တို့၏ ထိပ်သီးကိုယ်စားလှယ်များနှင့် SD အဖွဲ့မှ ခေါင်းဆောင်များ ပါဝင်သည့် ကိုယ်စားလှယ် (၈) ဦးတို့သည် နေပြည်တော်သို့ သွားရောက်၍ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် ဆွေးနွေးညှိနှိုင်းရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ်လ ၂၁ရက်မှ ၂၄ရက်နေ့ အထိ ပြုလုပ်ခဲ့သည့် အစည်းအဝေးက တာဝန်ပေးခဲ့ကြောင် အဆိုပါဆွေးနွေးပွဲ အပြီး SD အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် တစ်နိုင်ငံလုံဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်(NCA) တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင် လက်မှတ်ရေးထိုးရေးမူ အတိုင်း ဆက်လက် ကြိုးပမ်းသွားရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လေးရက်ကြာ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း တိုင်းရင်းသား အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ (SD) က သတင်း ထုတ်ပြန်ထားသည်။ 

(စိုးမင်းအောင်)
The Voice Weekly 

No comments:

Post a Comment