Friday 5 June 2015

စိုက်စရိတ်ချေးငွေ ကျပ် ဘီလီယံ ၄၀၀ ချေးယူခွင့် လွှတ်တော်အတည်ပြုပြီး ထပ်မံတိုးချေးပေးရန် ကိုယ်စားလှယ်များဆွေးနွေး

 စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးရန် ဗဟိုဘဏ်ချေးငွေ ကျပ် ၄၀၀ ဘီလီယံချေးယူခွင့်ကို ပြည်ထောင်စု
လွှတ်တော်က အတည်ပြုပေးပြီး လယ်သမားများအား တစ်ဧကလျှင် ကျပ်နှစ်သိန်း နှုန်းချေးပေးရန် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးလိုက်သည်။

“ငါးဧကအောက် လုပ်ကွက်ငယ်လယ်သမားများကို စိုက်ပျိုးစရိတ် ကာမိအောင် ချေးပေးသင့် ပါတယ်။ ဒါ့အပြင် ငွေတစ်သိန်းကျပ်မှ ကျပ်နှစ်သိန်း တိုးမြင့်ချေးပေးနိုင်အောင် ဆောင်ရွက်သင့်ပါ တယ်” ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးစိန်းဝင်းက ဆွေးနွေးသည်။


ထို့အပြင် စပါးစိုက်ပျိုးသည့် လယ်ယာမြေများကို တစ်ဧကလျှင် တစ်သိန်းနှုန်း ချေးပေးပြီး အခြားသီးနှံများ စိုက်ပျိုးသည့် ယာမြေများကို ကျပ်နှစ်သောင်း ချေးပေးခြင်းသည်လည်း သီးနှံစိုက် တောင်သူနှင့် လယ်သမားများကို ခွဲခြားခြင်းဖြစ်ပေါ်နေသည်ဟု ဆွေးနွေးသည်။

“အခွင့်အရေးရတာချင်းက မတူဘူး။ တကယ်တော့ ကုန်ကျစရိတ်က ကွာခြားမှု မရှိပါဘူး။ ဒါကြောင့် သီးနှံပေါ်မူတည်ပြီး ချေးမလား၊ ကုန်ကျစရိတ်ပေါ် တွက်ချက်ပြီး ချေးပေးမလား၊ ပြန်လည်တွက်ချက်ပြီး စိုက်ပျိုးစရိတ် ချေးငွေကွာဟမှုကို ဆောင်ရွက်သင့်ပါတယ်”ဟု ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ငြိမ်က ပြောသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးဘဏ်က စိုက်စရိတ် ချေးငွေများကို လယ်သမားများ စိုက်ပျိုးချိန် မတိုင်မီ တစ်လကြိုတင်ပြီး ချေးငွေးကိုလည်း ထုတ်ပေးစေချင်သည်ဟု ဆိုသည်။ လယ်သမားများက ကြွေးပြန်ပေးဆပ်ရန် သတ်မှတ်ချိန်ကာလကိုလည်း သီးနှံဈေးနှုန်း အမြင့်ဆုံး အချိန်ကျမှသာ တောင်းခံရန် လုပ်ဆောင်ပေးသင့်သည်ဟု ဆွေးနွေးသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ဘီလီယံ ၁,၂၀၀ ကို တောင်သူများအား ထုတ်ချေးပေးရမည် ဖြစ်သည်။

အဆိုပါ ငွေများအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ကျပ် ဘီလီယံ ၈၀၀ ကို ချေးပေးနိုင်သဖြင့် လိုအပ်ငွေကို ဗဟိုဘဏ်မှ ချေးယူရနိုင်ရန် ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်ကို အတည်ပြုပေး လိုက်ခြင်းဖြစ်သည်။

ချေးငွေ နှစ်သိန်းကျပ်တိုးပေရန် ဆွေးနွေးမှုနှင့် ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က “လယ်သမားများကို ၂၀၀၈ ခုနှစ်က စပြီး ၅၉ ဘီလီယံမှ စတင်ကာ တစ်ဆင့်ပြီး တစ်ဆင့် သိန်းဂဏန်းအထိ တိုးမြှင့်ပေးလာတာ ၁ ဒသမ၂ ထရီလီယံလောက် အထိချေးပေးထား ရပါတယ်။ နောက် တောင်သူလယ်သမားများဆီးမှာ ကြွေးကျန်တွေလည်း ရှိပါသေးတယ်။ အကယ်၍ ကြွေးကျန်များ ပြန်လည် ပေးဆပ်လာမည်ဆိုလျှင် ယခုချေးငွေ ၄၀၀ ဘီလီယံ အားလုံးကိုလည်း လိုအပ်မှာ မဟုတ်ပါဘူး”ဟု ရှင်းပြသည်။

လွှတ်တော်ကိုယ်စားလှယ်များက တောင်သူလယ်သမားများ၏ လက်ထဲသို့ ချေးငွေများ မှန်ကန်စွာ ရောက်ရှိအောင် ဆောင်ရွက်သင့်သည်ဟု ဆိုသည်။ ထိုအပြင် ပုံစံခုနစ် မရှိသော်လည်း အမှန်တကယ် လယ်ယာစိုက်ပျိုးချင်း လုပ်ငန်းများအား စိုက်ပျိုးလုပ်ကိုင်နေသည်မှာ မှန်ကန်လျှင်လည်း ချေးငွေးထုတ်ပေးသင့်သည်ဟု ဆွေးနွေးကြသည်။

အဆိုပါချေးငွေနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စား လေးဦးက ဆွေးနွေးခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က မဲခွဲဆုံးဖြတ် အတည်ပြုပေးခဲ့သည်။
Mizzima

No comments:

Post a Comment