Friday 5 June 2015

ကမ္ဘာတစ်ဝန်းလူငယ်များ တီထွင်ဆန်းသစ်မှုပြိုင်ပွဲတွင် မြန်မာအမျိုးသမီးတစ်ဦး ဆုရ

ကမ္ဘာတစ်ဝန်းမှ နည်းပညာရှင်နှင့် စွန့်ဦးတီထွင်လူငယ်များ အွန်လိုင်းမှတစ်ဆင့် ပါဝင်ယှဉ်ပြိုင်ရသည့် ကမ္ဘာ့လူငယ်များဆန်းသစ်တီထွင်မှုပြိုင်ပွဲ ၂၀၁၅ တွင် နှစ်ဦးရွေးချယ်၍ ဆုပေးခဲ့ရာ၌ မြန်မာနိုင်ငံမှ အမျိုးသမီးတစ်ဦး ဆုရရှိခဲ့သည်။
‘‘ဒီပွဲကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ်အနေနဲ့ လေးဦးဝင်ပြိုင်ခဲ့တာပါ။ အဲဒီထဲကမှ အစိုးရနဲ့ ပုဂ္ဂလိကကျောင်းတွေရဲ့စီမံခန့်ခွဲမှုစနစ်နဲ့ ဝင်ပြိုင်ခဲ့တဲ့ မအိဖြူက ဆုရရှိခဲ့တာ ဖြစ်ပါတယ်’’ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းတင့်က ပြောကြားသည်။


ကမ္ဘာ့လူငယ်များ ဆန်းသစ်တီထွင်မှုပြိုင်ပွဲ ၂၀၁၅ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးသမဂ္ဂအဖွဲ့(ITU)က ပြုလုပ်ပြီး ကမ္ဘာတစ်ဝန်းမှ စွန့်ဦးတီထွင်လူငယ် ပေါင်း ၁၆၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာတွင် ၂၈ ဦးရွေးချယ်မှု၌  မြန်မာနိုင်ငံမှ သုံးဦးပါဝင်ခဲ့သော်လည်းနောက်ဆုံး ဆုရရှိသူ နှစ်ဦးရွေးချယ်ရာတွင် မြန်မာမှ တစ်ဦးသာ ပါဝင်ခဲ့သည်။

‘‘မြန်မာနဲ့ ရိုမေးနီးယားနှစ်နိုင်ငံကပဲ ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆုရတဲ့ နှစ်ဦးစလုံးကလည်း အမျိုးသမီးတွေပါ။ လာမယ့် အောက်တိုဘာလမှာ ဘူဒါပက်နိုင်ငံမှာ ITU က ကျင်းပမယ့် ပွဲကို တက်ရောက်ခွင့်ရမယ်လို့ သိရပါတယ်’’ဟု ဒေါ်သန်းသန်း တင့်က ပြောကြားသည်။

ITU အနေဖြင့် ပြိုင်ပွဲဝင်များ ထဲမှ နှစ်ဦးကို ရွေးချယ်၍ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ဆုရသည့် ပြိုင်ပွဲဝင်အား လုပ်ငန်းဆက်လက်အကောင်အထည်ဖော်နိုင်ရန် ဆုကြေးငွေများ ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

ထို့အပြင် ကမ္ဘာတစ်ဝန်းလုံး ရှိ ICT Community နှင့်ပတ်သက် သည့် အသိပညာဖလှယ်ရာ ITU Telecom World 2015 ပြပွဲသို့ အခမဲ့တက်ရောက်ခွင့်လည်း ရရှိမည်ဖြစ်သည်။
7 day

No comments:

Post a Comment