Monday 11 May 2015

လူတောသို့ တိုးခဲ့ကြရာဝယ်


(တစ်)
ပတ်စပို့ဆိုလား ဘာဆိုလား။ ရွတ်ရဆိုရတာ ပါးစပ်ထဲမှာ ခိုးလိုးခုလုနဲ့။ အင်္ဂလိပ်လိုကတော့ passport လို့ပေါင်းတာပါပဲ။ အဲ.. ပြောရဦးမယ်။ အင်္ဂလိပ်ဘာ သာမှာ pass ဆိုတာက ကျော်တာ၊ဖြတ်တာ၊ port ဆိုတာက ဆိပ် ကမ်းဆိုတော့ကာ ပတ်စပို့ကို ပေါင်းလိုက်တော့ ဆိပ်ကမ်းဖြတ် ကျော်ခွင့်လက်မှတ်ပေါ့။ ဟုတ် ဘူးလား။ အင်းလေ ရှေးယခင် မဆွတုန်းက အရပ်ဒေသတစ်ခုနဲ့ တစ်ခု ကူးလူးဆက်ဆံအသွား အပြန်လုပ်ကြရာမှာ ဆိပ်ကမ်း တွေကတစ်ဆင့်ပဲ လုပ်ခဲ့ကြပုံရ တာကိုး။ ဒေသတစ်ခုကို ဝင်ခြင်း၊ ထွက်ခြင်းပြုတယ်ဆိုတာ အကြင် အရပ်ဒေသတစ်ခုရဲ့ ဆိပ်ကမ်းကို ကျော်ခြင်း၊ ဖြတ်ခြင်းပဲဥစ္စာ။ အနို့ ကြောင့် ပတ်စပို့ (passport)ဟူလို။

အနို့နဲ့ သဘာဝလမ်းတံတား အသီးသီးကို ကျော်လွန်သမှုပြုပြီး တဲ့နောက် ကာလယန္တရားကြီး ရှည်လျားထွေပြားစွာလည်ပတ်ခဲ့ ပြီးသည်ရှိလေသော် ယခု တစ် ပြည်ထောင်နဲ့တစ်ပြည်ထောင်၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကူးလူးဆက် ဆံကြတဲ့အခါ ရထားဘူတာရုံ တွေကနေလည်း ကူးလာကြ၊ မော်တော်ကားဂိတ်တွေကနေလည်း ကူးလာကြ၊ လေဆိပ်တွေကနေ လည်း ကူးလာကြနဲ့ ကူးသန်းပုံ တွေ ထူးဆန်းကုန်ကြသည့်တိုင် အခေါ်အဝေါ်ကတော့ မူလလက် ဟောင်းအတိုင်းပါပဲ။ ဟုတ်ပ.. ပတ်စပို့။
(နှစ်)
ယခင်မဆွတုန်းက အဲဒီ ပတ်စပို့ဆိုတဲ့ စကားလုံးကြီးဟာ တိရစ္ဆာန်ကလေးတွေနဲ့ အတော့် ကိုနားစိမ်းသဗျ။ စုံနံ့သာမြိုင်က တိရစ္ဆာန်ကလေးတွေခမျာ တော စပ်ကိုလွန်ပြီး ဘယ်အရပ်တစ်ပါး ကိုမှ သွားခွင့်လာခွင့်မရှိခဲ့ကြကိုး။ ကမ္ဘာပေါ်မှာ ငါနေတဲ့ ဟောသည့် ကျွဲခြေရာခွက်ထဲက ရေပြင်ဟာ အကျယ်ဆုံးကွပဲလို့ ဖားကလေး ကြွေးကြော်ခဲ့တာဟာ အပြစ်မဆိုသာပါလေဘူး။ ရေတွင်းထဲက ဖားကလေးက သူမော့ကြည့်လို့ မြင်ရတဲ့ မိုးကောင်းကင်အဝိုင်း ကလေးကိုရှုစားကာ ဧရာမ မဟာစကြဝဠာကြီးပါကလားလို့ ကောက်ချက်ချတာဟာလည်း မလွန်ပါဘူး။ စုံနံ့သာမြိုင်ကို သမိုင်းအဆက်ဆက် စီမံဖော်စပ် ထုတ်လုပ်ခဲ့ကြတဲ့ အစွယ်နဲ့ အဆိပ်ရှိတဲ့အကောင်ကြီးတွေက သူ့တောထဲက အကောင်တွေကိုတတ်နိုင်သမျှ အဘယ်အရပ်တစ် ပါးကိုမှ သွားခွင့်လာခွင့်မပေးဘဲ တိရစ္ဆာန်ကမ္ဘာသာလျှင် နိဗ္ဗာန်ပမာထင်အောင်လို့ အတွေး အခေါ်အမှားတွေနဲ့ ဘေးချော်သွားအောင် စီမံခဲ့ကြလေတာကိုး။
ဟော.. အခု ဦးသျှောင်မြေ ခွေးနဲ့ သူ့လက်စွဲတော်တိရစ္ဆာန် ကြီးများရဲ့ခေတ်။ စုံနံ့သာမြိုင်ဟာ ပြင်ပလူ့ကမ္ဘာကြီးနဲ့ အဆက်အဆံ ရှိရပေမှာပဗျာ လို့ဆိုပြီးတဲ့သကာ လ မဆွကပြောခဲ့တဲ့ ပတ်စပို့ဆို တာကြီးကို မြိုင်မြိုင်ဆိုင်ဆိုင်လှိုင် လှိုင်ကြီးဆိုသလို လုပ်ပေးနေ တော့လေတာများဆိုတာ.. အို.. စုံနံ့သာမြိုင်ရဲ့ ပတ်စပို့လုပ်ပေးရာ တောအုပ်ကလေးတွေ တောအုပ် ကလေးတွေဆီမှာ တိရစ္ဆာန် ကလေးတွေ တန်းစီလို့။ လက်ဗွေ နှိပ်၊ ခြေဗွေနှိပ်၊ ဓာတ်ပုံရိုက်၊ ငွေ သွင်း။ ဘောင်းဘီရှည်ချုပ်မယ့် တိရစ္ဆာန်နဲ့။ နက်ကတိုင်လည်စည်းရယ် ဒီမိတ်ဝယ်မယ့်တိရစ္ဆာန်နဲ့။ ဆူညံလို့။
(သုံး)
တစ်ရက်ခင်ဗျ။
တိရစ္ဆာန်ကလေးတွေ လေး၊ ငါးကောင်လောက်ရှိမယ်ထင်ပါ ရဲ့။ နွားက နှစ်ကောင်၊ ကျွဲက တစ်ကောင်၊ မြင်းကတစ်ကောင်၊ အဲ.. လားကလေးတစ်ကောင် လည်းပါရဲ့။ တိရစ္ဆာန်တောကလွဲ ရင် အဘယ်လူ့ရပ်လူ့ရွာကိုမှ မရောက်ဖူးတဲ့ အကောင်ကလေး တွေဖြစ်တာကြောင့် ရောက်ဖူးရင် ပဲတော်ပါပြီဆိုတဲ့ ဇောစိတ် အဟုန်နဲ့ တောရိပ်ရဂုံအထွက်မှာ ပတ်စပို့ကလေးတွေပြပြီး ထွက် လာခဲ့ကြပါလေရော။
ဟော.. တွေ့ပြီ။ လူ့ရွာသို့ အဝင်တဲ့ခင်ဗျ။ ဆိုင်းဘုတ်ကြီး ထောင်လို့။ ဘောင်းဘီရှည်တွေနဲ့ ဘာနဲ့ စစ်ဆေးရေးအရာရှိတွေ ထင်ပါရဲ့။ လက်ထဲမှာလည်း တီတီမြည်တဲ့ဟာကြီးကိုကိုင်လို့။ ဗုံးလို၊ သေနတ်လိုဟာတွေကို စစ် တဲ့စက်တဲ့ခင်ဗျ။
‘‘ဗီဇာပြပါ’’တဲ့။
တိရစ္ဆာန်ကလေးတွေ တစ် ကောင်တစ်ကောင်ကြည့်လို့။ ဗီ ဇာ။ ပြည်ဝင်ခွင့်လို့ခေါ်တဲ့ ဗီဇာ (Visa)။ ဟောဗျာ။ ကိုယ့်တောရဂုံ က ထွက်ခွာခွင့်ပေးလိုက်ပြီဥစ္စာ။ ဝင်လို့မရဘူးလား။ မရဘူးတဲ့ခင် ဗျ။ အဲသမှာ တိရစ္ဆာန်ကလေးတစ် ကောင်က ဒါဆို ကျုပ်တို့တိရစ္ဆာန် ကလေးတွေ လူ့ရွာကိုဝင်ဖို့ အတွက် အခုပဲစစ်ဆေးပြီး ဘာ အပြစ်မှမရှိရင် ဝင်ခွင့်ပေးပါလား ခင်ဗျာလို့ အသနားခံသဗျ။ လူ တွေက ဝင်လို့မရပါဘူးလို့ပဲ တွင် တွင်ကြီးငြင်းနေပါလေရော။ အဲ သမှာ နွားက ဆက်တောင်းပန်တာ ပါ။
‘‘ကျုပ်တို့တိရစ္ဆာန်တွေ ဝင် ခွင့်ရဖို့.. လိုတာကလေးများ လမ်း ညွှန်ပါလားဗျာ’’တဲ့။
သဘောနည်းနည်းကောင်း ပုံရတဲ့လူက စိတ်ရှည်ရှည်နဲ့ ဝင် ရှင်းရှာပါတယ်။
‘‘ခင်ဗျားတို့ တိရစ္ဆာန်တွေ လူ့ရွာထဲကို ဝင်လာဖို့ရာ ခင်ဗျား တို့ရဲ့အသိ ဘယ်လူသားက လှမ်း ခေါ်သလဲ.. ဘာလုပ်ဖို့လှမ်းခေါ် တာလဲ။ အဲဒါအထောက်အထား ရှိရင်ပြပါ’’တဲ့။
နွားရော၊ ကျွဲရော၊ မြင်းရော၊ လားရော၊ ဘွတ်အဲတွေ၊ ညွမ့် တွေ၊ တီတီဟီဟီတွေစုံသွားတော့ တာပါပဲ။ ဘယ်လိုလုပ်ရှိမှာလဲ။ တိရစ္ဆာန်ပါဆိုမှ။ လူတွေနဲ့မှ မကျွမ်းမဝင်သေးတဲ့ဥစ္စာ။ ခေါင်း ခါပြကြရရှာတာပေါ့။
‘‘ခင်ဗျားတို့ လူ့ရွာထဲရောက် တဲ့အခါ ဘယ်မှာတည်းမှာလဲ လိပ်စာပြော။
သည်တစ်ခါလည်း တိရစ္ဆာန် ကလေးတွေတိတ်သွားပြန်တာပါ ပဲ။ တစ်ခါမှ မရောက်ဖူးတဲ့ လူ့ ရွာ။ ဘယ်နေရာမှာ ဘာရှိမှန်းမသိ တဲ့လူ့ရွာ။ ဘယ်ဟာက နားရန်၊ ဘယ်ဟာက စားရန် မရင်းနှီးတဲ့ လူ့ရွာ။ အဲသဟာ ဘယ်မှာတည်း မလဲမေးတော့ ဘယ့်နှာဖြေရပါ့။
‘‘အဲသလို ဟာတွေနဲ့ ပြည့် ပြည့်စုံစုံ လုံလုံလောက်လောက် တင်ပြလာပါမှ ဝင်လာတဲ့အခါမှာ လည်း နဖားကြိုးတို့၊ ပါးစပ်ကြိုး တို့လိုဟာမျိုးတွေက အစချွတ်ပြီး စစ်ဆေးပါတယ်။ ခွာကြို ခွာကြား၊ပေါင်ကြို ပေါင်ကြားကအစ စစ် ဆေးပါတယ်။ သိထားဖို့ပါ’’
ပတ်စပို့ကိုင်ထားတဲ့ တိရစ္ဆာန်ကလေးတွေပြန်လာရ ပါလေရော။
(လေး)
ဂျက်ကွမ်းခြံကုန်းဆိုတာက လူ့ရွာကလာသူ။ လူ။ စုံနံ့သာမြိုင် တောကြီးထဲမှာလည်း ဝင်ထွက် သွားလာနေတဲ့သူ။ ဒါကြောင့် ထင်ပါရဲ့ ဟိုထွက်သည်ဝင် တောင်လာ မြောက်သွားလုပ်နေ တာနဲ့ပတ်သက်ပြီး စုံနံ့သာမြိုင်က တိရစ္ဆာန်တွေက ဝိုင်းမေးကြပါ တယ်။
‘‘ဆရာကြီးဂျက် ကမ္ဘာလှည့် နေတဲ့ ခရီးသည်တွေဟာ ကိုယ် မသိတဲ့အရပ်တွေကို လျှောက် သွားနေကြတဲ့ဥစ္စာ။ ဘယ်သူက လှမ်းခေါ်ကြလို့လဲဗျာ။ ဘယ်မှာ တည်းမယ်ဆိုတာကလည်း ရောက်တော့မှ သင့်ရာဟိုတယ် တည်းကြတဲ့ဥစ္စာ။ အဲသဟာတွေ ဘယ့်နှာကြောင့် ဗီဇာရသတုံး ဗျာ’’
‘‘အိမ်း.. သည်လိုရှိတယ် အဆွေ တိရစ္ဆာန်တို့ရဲ့။ သူတို့က လူတွေ.. လည်ပြီးရင် ပြန်မှာ။ နေကြပါခင်ဗျာလို့ဆိုရင်တောင် တိရစ္ဆာန်ကမ္ဘာမှာ အကြာကြီး မနေဘူး။ ဒါကြောင့် အဆွေတို့ တောကိုလာလည်တဲ့လူတွေကို ဘယ် တိရစ္ဆာန်ကလှမ်းခေါ်လို့ လဲ။ ဘယ့်နှာကြောင့်ခေါ်တာလဲ။ ဘယ် တိရစ္ဆာန်ဆီမှာ တည်းမှာ လဲ။ မေးစရာမလိုဘူး။ ဝင်ခွင့်ပေး တယ်။ သူတို့က ပြန်မယ့်သူတွေ ကို။ အဲ.. အဆွေတို့ကကျတော့ လူ့ရွာရောက်သွားပြီးရင် မပြန် တော့ဘူးကွတို့။ လူ့ရွာက အနေ အစားသာတယ်ကွတို့။ လူတွေဆီ မှာ အလုပ်လုပ်ရတာ လုပ်ပျော် တယ်ကွတို့ လုပ်မှာကို လူတွေက သိပ်ကြောက်ကြတယ်။ ဒါကြောင့် အဆွေတို့ တိရစ္ဆာန်ကမ္ဘာက ထွက်ခွင့်ပေးပေမယ့် လူတွေက လွယ်လွယ်ဝင်ခွင့်မပေးဘူးဆိုပါတော့’’
ဂျက်ရဲ့ရှည်လျားတဲ့အဖြေ စကားကို နားသောတဆင်ရသူ တိရစ္ဆာန်တိုင်း ဆွေးဆွေးမြည့် မြည့်ကလေးတွေ ဖြစ်ဖြစ်သွားကြ စမြဲခင်ဗျ။
ဩော်.. တိရစ္ဆာန်ကလေး တွေက လူတောတိုးဖို့ကြိုးစားနေ ကြတဲ့အခိုက် လူတွေက အတိုး မခံချင်ဘူးဖြစ်နေကြတာကိုး။ အင်းလေ ဗြောင်တိုးလို့မရရင် လည်း ခိုးပြီးတိုးကြပေါ့။ တော လမ်းက ခိုးဝင်တာမျိုး၊ ကမ်းစပ် က ခိုးဝင်တာမျိုး၊ အစုလိုက်အပြုံ လိုက် မြေကြီးထဲအမြှုပ်ခံရတာ ထက်တော့ မပိုနိုင်ပါဘူး။
(ဖော်ပြပါ သရော်စာသည် စာရေးသူ ဂျက်ကွမ်းခြံကုန်း၏ အာဘော်သာဖြစ်သည်)
ဂျက်ကွမ်းခြံကုန်း
7 day

No comments:

Post a Comment