Monday 11 May 2015

ကမ္ဘာကြီးအား ပြောင်းလဲစေသော နိုင်ငံရေး လုပ်ကြံသတ်ဖြတ်မှု စာအုပ်တွင် လုပ်ကြံခံခဲ့ရသော ကမ္ဘာ့ခေါင်းဆောင်များ၏ ဓာတ်ပုံနှင့်အတူ ဒေါ်အောင်ဆန်း စုကြည်၏ ဓာတ်ပုံကိုပါ ယှဉ်တွဲဖော်ပြမှုအပေါ် ဝေဖန်မှုများရှိနေ

ကမ္ဘာ့နိုင်ငံအသီးသီးမှ လုပ်ကြံခံရသော ခေါင်းဆောင်များအကြောင်းကို “ကမ္ဘာကြီးအား ပြောင်းလဲစေသော နိုင်ငံရေးလုပ်ကြံ သတ်ဖြတ်မှု” ဟု ခေါင်းစဉ်တပ် ရေးသားထုတ်ဝေသော စာအုပ်တွင် လုပ်ကြံခံခဲ့ရသော ကမ္ဘာ့ခေါင်းဆောင်များ၏ ဓာတ်ပုံနှင့်အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကိုပါ ယှဉ်တွဲဖော်ပြ ထုတ်ဝေမှုအပေါ် ဝေဖန်မှုများရှိနေကြောင်း သိရသည်။

မောင်စင်ကြယ် ရေးသားသည့် အဆိုပါစာအုပ်တွင် ထုတ်ဝေသူ၏ လိပ်စာအတိအကျ ဖော်ပြထားခြင်း မရှိ သည့် အပြင် စာအုပ်ဖြန့်ချိသူ၏ အမည်နှင့် လိပ်စာကိုလည်း ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။ ယင်း စာအုပ်၏ ပုံနှိပ်မှတ်တမ်းတွင်မူ ပုံနှိပ်သူအဖြစ် စိတ်ကူးချိုချိုပုံနှိပ်တိုက်ဟု လိပ်စာနှင့် ဖော်ပြထားပြီး ၂၀၁၅  ခုနှစ် မေလအတွင်း စတင်ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။

အဆိုပါစာအုပ်ထဲတွင် ကမ္ဘာ့သမိုင်းနှင့် မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့သည့် ခေါင်းဆောင်အချို့ လုပ်ကြံ ခံရ မှုများကို ရေးသားဖော်ပြထားပြီး အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ စောဘဦးကြီး၊ အေဘရာ ဟမ်လင်ကွန်း၊ ကနေဒီ၊ မာတင်လူသာကင်း၊ ဂန္ဒီ၊ ချီဂွေဗားရား၊ အင်ဒီရာနှင့် (သား) ရာဂျစ် ဂန္ဒီအပါအ၀င် ခေါင်းဆောင် ၁၇ ဦး၏ လုပ် ကြံခံရမှုများနှင့် ကိုယ်ရေးရာဇ၀င် အကျဉ်းများကို ဖော်ပြထားသည်။

ထိုကဲ့သို့လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသော ခေါင်းဆောင်များ၏ ဓာတ်ပုံများနှင့်အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကိုပါ ထည့်သွင်းရိုက်နှိပ် ဖော်ပြခဲ့သည့်အတွက် ဝေဖန်မှုများ ထွက်ပေါ် လာခြင်းနှင့်အတူ ယင်းကဲ့သို့ ပြုလုပ်ခြင်းအတွက်လည်း မေးခွန်းထုတ်မှုများ ရှိနေကြောင်း သိရသည်။

လုပ်ကြံခံခဲ့ရသည့် ခေါင်းဆောင်များထဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်သကဲ့သို့ သဘောသက်ရောက် နေသလို ဖြစ်ခဲ့ရမှုအပေါ် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် မေးခွန်းထုတ်ခဲ့ကြပြီး ယင်းကဲ့သို့ ဖန်တီး ပြု လုပ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အနေဖြင့် စိစစ်အရေးယူရန် ရှိ၊ မရှိ ထောက်ပြမှုများလည်း ထွက်ပေါ်ခဲ့သည်။

ယခုကဲ့သို့ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည့်အပေါ် စိတ်ကူးချိုချို ပုံနှိပ်တိုက်ပိုင်ရှင် ဦးစန်းဦးက  “ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံရတာနဲ့တွဲပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကိုပါ သူ (မောင်စင်ကြယ်) ရေးပါတယ်။ တစ်ဖက်နိုင်ငံမှာ ရေးရတဲ့အတွက်ကြောင့် ဒီပဲယင်းလို ကိစ္စမျိုးတွေ အတွက်တော့ သူ့မှာ တိတိကျကျ အချက်အလက်မရှိတဲ့ အတွက်ကြောင့် ဒီအကြောင်းအရာကို ထိထိပါးပါး ထည့်ရေးခဲ့တာ မရှိဘဲနဲ့ ဒီလိုမျိုးအခက်အခဲတွေ ဒေါ်အောင်ဆန်းစုကြည်မှာ ရှိနေတယ်ဆိုတာမျိုး သူကအထဲမှာ ရေးထား တာပေါ့နော်။ ကျွန်တော်တို့ကလည်း ဒီစာအုပ်တစ်အုပ်ကို မျက်နှာဖုံးအဖြစ် စီစဉ်ကြတဲ့ အခါကျတော့ သူကလဲ ဟိုကတည်းက မျက်နှာဖုံးနဲ့ ပတ်သက်ပြီးတော့ အိုင်ဒီယာတစ်ခု အဲဒီလိုပေါ့။ ဒီထဲမှာပါတဲ့ ပုံလေး တွေထည့်မယ်။ လူစိတ်ဝင်စားမှုရှိတဲ့ ဒါဗမာပြည်အတွက် အဓိက ဗမာစာနဲ့ ရေးထုတ်တဲ့ဟာ ဖြစ်တဲ့အတွက် ဗမာပြည်နဲ့ ပတ်သက်ပြီးပါထားတဲ့ ဒီထဲမှာအကြောင်းအရာ တစ်ခုအနေနဲ့ပါထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ သားအဖပုံလည်း ထည့်မယ်ပေါ့။ ဒီလိုမျိုး အိုင်ဒီယာရှိတဲ့အတွက် ကျွန်တော်လည်း သူ့အိုင်ဒီယာအတိုင်း လုပ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ဒီစိတ်ကူးတွေနဲ့ ဒီစာအုပ်ရေးသားခြင်းဟာ လွန်ခဲ့တဲ့ ခြောက်နှစ် ခုနစ်နှစ်လောက် ကတည်းက ဒီစာအုပ်ရောက်နေတာကိုက နှစ်နှစ်ခွဲလောက် ရှိပြီပေါ့လေ။ သူဗမာပြည် ရောက်လာတုန်းက ထုတ်ဖို့ပေးထားတဲ့ စာအုပ်ပေါ့နော်။ Facebook ပေါ်မှာ ဘာတွေရေးတယ်၊ ဝေဖန် ကြတယ် ဆိုတာတော့ အတိအကျတော့ မသိပါဘူး။ ဒီပို့စ်ကိုတင်တဲ့ ကိုအံ့ဘွယ်ကျော် ကတော့ ကျွန်တော် ပေးလိုက်တဲ့ ဒီစာအုပ် လက်ဆောင်ကိုရပြီး သူကြည့်လိုက်တဲ့အခါ မှာ ဒီလိုထင်တယ်လို့ ပြောပါတယ်။ ကျွန်တော်တော့ အကျိုးအကြောင်းတွေ အကုန်လုံး သူ့ကိုပြောပြပါတယ်။ ဒါပေမဲ့လည်း Facebook ပေါ် တင်လိုက်မယ်ဆိုတော့ တင်လည်း သူ့အမြင်ဘဲလေ။ ဒါပေမဲ့ တကယ်တမ်း စာအုပ်ပေါ်မှာ သေချာ ဖတ်ကြည့်မယ် ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ အနေနဲ့ မျက်နှာဖုံးပေါ်မှာ တင်တာလဲ တခြား ရည်ရွယ် ချက်၊ နှိမ့်ချတဲ့ ရည်ရွယ်ချက် မရှိသလို အခြားဆန့်ကျင်တဲ့ ရည်ရွယ်ချက်ကို ရောက်စေမယ်လို့ မထင်တဲ့ အတွက်ကြောင့် ကျွန်တော်ကတော့ ဒီစာအုပ်ကို ရိုက်လိုက်တယ်။ ထုတ်ပေးလိုက်တယ်ပေါ့ဗျာ။ ဒါတော့ စာရေးတဲ့သူရဲ့ စေတနာကိုလည်း ယုံကြည်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ရဲ့ စိတ်ကိုလဲ ကျွန်တော် ယုံကြည် တဲ့ အတွက် ဒီဟာနဲ့ပတ်သက်ပြီး သိပ်ပြီးဖြေရှင်းစရာတော့ မရှိပါဘူး။ ဒါပေမဲ့ တကယ်လို့ ဒီလို သဘော ဖြစ်ကိုဖြစ်တယ် ဆိုလို့ရှိရင် ကျွန်တော်ဒီစာအုပ်တွေကို ဈေးကွက်ထဲကနေပြီးတော့ ပြန်ပြီး ရုတ်သိမ်းပေးဖို့ အဆင်သင့်ပါပဲ” ဟု The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြား ခဲ့သည်။

ယင်းစာအုပ်ထဲတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် အ ကြောင်း အရာများကို အကျယ်တ၀င့်ပါဝင်ခြင်း မရှိသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး အကျဉ်းကိုလည်း အနည်းငယ်သာ ဖော်ပြထားကာ ဒီပဲယင်းဖြစ်စဉ်ကဲ့သို့ နိုင်ငံရေး လုပ်ကြံမှုမျိုးကိုလည်း ယင်းစာအုပ်တွင် ထည့်သွင်းဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment