Monday 11 May 2015

ရဲစခန်း၏ ဆင့်ခေါ်မှုကို မလာရောက်ပါက ကျောင်းသားများကို လိုက်ဖမ်းမည်

ထားဝယ်မြို့မ ရဲစခန်းတွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံထားရသည့် ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကျောင်းသားငါးဦးကို ရဲစခန်းတွင် လာရောက်စစ်ဆေးခံရန် ဆင့်ခေါ်ထားသည်ကို မလာရောက် ပါက အိမ်တွင် လိုက်လံဖမ်းဆီးမည် ဖြစ်ကြောင်း ထားဝယ်မြို့မ ရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။

မတ်လ ၂၇ ရက်နေ့က ထားဝယ် စည်ပင်သာယာဈေး တောင်ဘက်တွင် အဖမ်းဆီးခံ ကျောင်းသား ကျောင်းသူများ ပြန်လည်လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ငါးဦးကို မေလ ၆ ရက်နေ့က ထားဝယ်မြို့မ ရဲစခန်းတွင် လာရောက်စစ်ဆေးခံရန် ဆင့်ခေါ်စာများဖြင့် ဆင့်ခေါ်ထားပြီး တစ်ပတ်အတွင်း မလာပါက အိမ်တိုင်ရာရောက် လိုက်လံဖမ်းဆီးမည်ဖြစ်ကြောင်း စခန်းမှူး ဒုရဲမှူး မျိုးမြင့်ဦး က ပြောကြားသည်။ 

“လာမယ့် သုံးလေးရက်အတွင်း ဒါမှမဟုတ် တစ်ပတ်အတွင်း မလာရင် အိမ်မှာ လိုက်လံဖမ်းဆီးမယ်” ဟု ၎င်းက ပြောကြားသည်။

ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံထားရသည့် ကျောင်းသူ ကျောင်းသားများကို စစ်ဆေးရန်အတွက်သာ ဆင့်ခေါ် ခြင်းဖြစ်ပြီး စစ်ဆေးပြီးပါက ခံဝန်ဖြင့် သို့မဟုတ် အာမခံဖြင့် ပြန်လည်လွှတ်ပေးမည် ဖြစ်ကြောင်း စခန်းမှူးက ပြောကြားသည်။ 

“ကျွန်တော်တို့အနေနဲ့ ဘာအပြစ်မှ မလုပ်ထားတဲ့အတွက် ရဲစခန်းကို မသွားနိုင်ဘူး” ဟု ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံထားရသည့် ကျောင်းသားတစ်ဦး ဖြစ်သူ ကိုသူရနိုင်က ပြောသည်။

ကျောင်းသား၊ ကျောင်းသူများအား ပေးပို့ထားသည့် ဆင့်ခေါ်စာ ၅ စောင်တွင် ၃ စောင်မှာ ရဲစခန်းသို့ သွား ရောက်ရမည့် ရက်စွဲမပါရှိဟု ကျောင်းသားကျောင်းသူများက ပြောသော်လည်း ရက်စွဲမပါရှိသည့် ဆင့်ခေါ် စာများမှာ ဧပြီလကုန်ပိုင်းက ပို့ထားသည့် စာများဖြစ်ကာ မေ ၆ ရက်နေ့က ပေးပို့ထားသည့် ဆင့်ခေါ်စာ များတွင် လာရောက်တွေ့ဆုံရမည့် ရက်စွဲများ ပါရှိသည်ဟု စခန်းမှူးက တုံ့ပြန်ပြောဆိုသည်။

“ဘယ်သူမှ မသွားဘူးလို့တော့ ပြောထားတယ်။ လာဖမ်းရင်လည်း အခြေအနေအရ လှုပ်ရှားရမှာပဲ” ဟု အမှုဖွင့်ခံထားရသည့် ကျောင်းသားတစ်ဦးဖြစ်သူ ကိုသော်လွင်အောင်က ပြောသည်။

ရဲစခန်းကို မလာသည့် ကျောင်းသားများကို အိမ်တိုင်ရာရောက် ဖမ်းဆီးမည် ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင် ပါက တရားခံပြေးအဖြစ် အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်မည် ဖြစ်ကြောင်း ဒုရဲမှူး မျိုးမြင့်ဦးက ပြောသည်။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ထားဝယ် သပိတ်မှောက်ကျောင်းသားများသည် သပိတ်ဖြတ် သန်းရာ မြို့နယ် ၇ ခုတွင်လည်း အမှုဖွင့်ခံထားရသည့်အပြင် ထားဝယ်မြို့ ဆန်းချီလယ်ယာမြေ ပြဿနာ နှင့် ဆက်စပ်ပြီးလည်း အမှုဖွင့်ခံထားရသည်။

(Dawei Watch)
The Voice Weekly 

No comments:

Post a Comment