Monday 11 May 2015

၂၀၁၅ ရွေးကောက်ပွဲ PR စနစ် ကျင့်သုံးနိုင်မည် မဟုတ်ဟု ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ပြောကြား

ယခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ကျင်းပရန်ရှိသော ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးနိုင်တော့မည် မဟုတ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက The Voice သို့ ပြောကြားသည်။

“အခုကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ PR ပုံစံက ဦးစားပေး စာရင်း ထဲ မပါတော့ဘူး။ လာမယ့် ရွေးကောက်ပွဲမှာ မီမှာ မဟုတ်တော့ဘူး” ဟု ၎င်းကဆိုသည်။

ယနေ့မှစ၍ ပြန်လည်ကျင်းပသော (၁၂) ကြိမ်မြောက် လွှတ်တော် အစည်း အဝေး၏ ဒုတိယပတ် ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်မှ အတည်ပြုထားသော အမျိုးသားပညာရေး ဥပဒေကြမ်းနှင့် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းတို့ကို အဓိက ဆွေးနွေးအတည်ပြုမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရန် အမျိုး သား ဒီမိုကရေစီ အင်အားစုမှ ဒေါ်ခင်ဝိုင်းကြည်က အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယခု ရွေးကောက်ပွဲတွင် မမီပါက ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြုလုပ်ထားသည်ဟု အဓိပ္ပာယ် သက်ရောက်စေကြောင်း ဒေါ်ခင်ဝိုင်းကြည်က ပြောကြားသည်။

“မည်သည့်ရွေးကောက်ပွဲတွင် မဆိုလို့ တင်ထားတာ။ ခုမမီတာလည်း ဘယ်တတ်နိုင်ပါ့မလဲ။ ရွေးကောက်ပွဲ ကော်မရှင်က ဦးတင်အေးတို့ကလည်း ဥပဒေကို ဧပြီလအတွင်း ထွက်မှ လုပ်နိုင်မယ်လို့ ပြောထားပြီးသား ပါ” ဟု ၎င်းက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး အနေနှင့်လည်း ယင်းစနစ် ကျင့်သုံးရေးအတွက် ဥပဒေကြမ်းတစ်ခု အတည်ပြု ပြီးမှသာ တည်ဆဲဖြစ်သည့် အခြေခံဥပဒေနှင့် ညီညွတ်မှု ရှိမရှိကို အဓိပ္ပာယ် ဖွင့်ဆိုနိုင်မည်ဟု အကြောင်း ကြားထား ခြင်းကြောင့် လက်ရှိအချိန်တွင် အခြေခံဥပဒေနှင့် ညီခြင်း မညီခြင်းကို ထုတ်ဖော်ပြောဆိုရန် ခက်ခဲ ကြောင်း ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောဆိုသည်။

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ယင်းစနစ် ကျင့်သုံးရေး အတွက် ဥပဒေကြမ်းတစ်ခု ဖြစ် မြောက်နိုင်ရန် ဆက်လက် ရေးဆွဲနေသော် လည်း နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းကြားနာပွဲ ပြုလုပ်စဉ်က တက်ရောက် သည့် ပါတီ သုံးပုံနှစ်ပုံက ကျင့်သုံးရန် မသင့်သေးကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

The Voice Weekly 

No comments:

Post a Comment