Monday 27 April 2015

တိုက်ပွဲဖြစ်ပွားနေသော လက်နက်ကိုင်အဖွဲ့များကို တိုင်းရင်းသားလက်နက်ကိုင် ညီလာခံ ဖိတ်ထားဟုဆို

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား သဘောတူညီထားသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အပစ်ရပ်မူကြမ်းကို ဆွေးနွေးမည့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ၏ ပန်ဆန်းညီလာခံကို တက်ရောက်ရန် လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့၊ ရခိုင်လက်နက်ကိုင်အဖွဲ့နှင့် တအာင်းလက်နက်ကိုင် အဖွဲ့တို့ကိုပါ ဖိတ်ကြားထားကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံမှ သိရသည်။
“အခုတိုက်ပွဲဖြစ်ပွားနေဆဲ အဖွဲ့တွေကိုလည်း ဖိတ်ကြားထားပါတယ်။ ပြီးခဲ့တဲ့ နှစ်လတည်းက စီစဉ်ထားတဲ့အတိုင်း သွားတဲ့သဘောပါ။ NCCT ထဲက မတက်ရောက်တဲ့ အဖွဲ့တွေကတော့ သီးခြား NCCT ထဲမှာ ပြန်ရှင်းလင်း ဆွေးနွေးကြမှာပေါ့” ဟု “ဝ” ပြည် သွေးစည်းညီညွှတ်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“တိုင်းရင်းသားညီလာခံကို KIO/KIA က သုံးဦးတက်ရောက်မယ်။ သုံးရက်ကနေ ငါးရက်ထိ ကြာနိုင်တယ်။ NCCT အဖွဲ့ထဲက လက်နက်ကိုင်အဖွဲ့ အားလုံးကို ဘာလို့ မဖိတ်တာလဲ ဆိုတာကတော့ အစည်းအဝေးကျင်းပတဲ့ တာဝန်ရှိသူတွေဖြေမှ သင့်တော်လိမ့်မယ်” ဟု KIA မှ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) အကြား သဘောတူထားသည့် အပစ်ရပ်မူကြမ်းအတိုင်း အဖွဲ့အားလုံး အပစ်ရပ်လက်မှတ်ရေးထိုးရေးမှာ မသေချာကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံမှ သိရသည်။
“ပန်ဆန်း တိုင်းရင်းသားညီလာခံကို တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။ တက်ရောက်ဆွေးနွေးဖို့လည်း ရှိတယ်။ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်က ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းနဲ့ စစ်ဦးစီးချုပ် ခွန်သူရိန် တက်ရောက်ဖို့ ရှိပါတယ်။ အပစ်ရပ်မူကြမ်း တစ်ခုတည်းတင် မဟုတ်ပါဘူး။ တခြားနိုင်ငံရေးကိစ္စတွေလည်း ဆွေးနွေးကြမှာပါ” ဟု ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်သောမတ်စ်က ပြောဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် ညီလာခံတွင် “ဝ” ပြည် သွေးစည်းညီညွှတ်ရေးပါတီ အပါအဝင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်– ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော်- မိုင်းလားတပ်ဖွဲ့ (NDAA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ တက်ရောက်၍ အပစ်ရပ်မူကြမ်းကို ဆွေးနွေးကြမည်ဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။
The Voice Weekly

No comments:

Post a Comment