Monday 27 April 2015

တိုက်ပွဲများ ဖြစ်နေသော်လည်း ကျောက်တော်တောင် ဘုရားပွဲ လုံခြုံရေး စိုးရိမ်စရာမရှိဟုဆို

ကျောက်တော်နယ်စပ်နှင့် ပလက်ဝနယ်စပ်အကြားတွင် မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားမှုများ ရှိနေသော်လည်း ဧပြီလ ၂၇ ရက်နေ့တွင် စတင်ကျင်းပမည့် ကျောက်တော်တောင် ဘုရားပွဲအတွက် လုံခြုံရေး စိုးရိမ်စရာမရှိဟု  ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ခင်မောင်က နိရဉ္စရာသို့ ပြောသည်။

တိုက်ပွဲများဖြစ်ပွားနေသည့်နေရာမှာ ကျောက်တော်မြို့နှင့် မိုင်ပေါင်း ၂၅ မိုင်ခန့်ကွာဝေးသောကြောင့် ပွဲတော် အတွင်းလုံခြုံရေးကို စိုးရိမ်နေစရာမလိုပါဟု သူက ဆိုသည်။

“ကျနော်တို့ မြို့နယ်ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေးအခြေအနေကိုတော့ ပုံမှန်ပဲဆောင်ရွက်နေပါတယ်။ နယ်မြေ ရှင်းလင်းရေးလည်း ပုံမှန်ပဲဆောင်ရွက်နေပါတယ်။ ဒေသလည်း တည်ငြိမ်အေးချမ်းနေပါတယ်။ ကျောက် တော် မှာ လုံခြုံရေးနဲ့ပတ်သက်လို့ ဘာမှ စိုးရိမ်စရာမရှိပါဘူး”ဟု သူက ဆိုသည်။

သို့သော်လည်း ဒေသခံများ အကြားတွင်မူ ကျောက်တော်မြို့တွင် ကျင်းပမည့် ကျောက်တော်တောင် ဘုရားပွဲ လုံခြုံရေးနှင့် ပတ်သက်ပြီး စိုးရိမ်မှုများ တိုးပွားနေကြသည်ဟု သိရသည်။

“တိုက်ပွဲတွေဖြစ်နေတော့ လုံခြုံရေးစိုးရိမ်တာပေါ့။ သွားတော့ သွားချင်ပါတယ်။ ဒါပေမယ့် သိပ်မသွားရဲဘူး” ဟု ဘုရားပွဲသို့ သွားရောက်ရန်စီစဉ်နေသည့် ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာမှ မရီရီမိုးက ပြောသည်။

အဆိုပါပွဲကို ဧပြီလ ၂၇ ရက်မှစတင်ကာ ၃ဝ ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပသွားမည် ဖြစ်သည်ဟု သိရ သည်။ နှစ်စဉ် နှစ်တိုင်း စဉ်လာမပျက် ကျင်းပလာခဲ့သော ကျောက်တော်တောင် ဘုရားပွဲကို ယခုနှစ် တွင်လည်း ခါတိုင်းနှစ်များကဲ့သို့ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဟုလည်း ပွဲကျင်းပရေးကော်မတီ က ကြေညာထားသည်။

“အရင်နှစ်တွေကနဲ့စာရင်တော့ လုံခြုံရေးအခြေအနေကတော့ ပြောလို့မရဘူး။ ဒါပေမယ့် ဘုရားပွဲ လေးရက် တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားဖို့ ကြေညာထားတာပါပဲ”ဟု ကျောက်တော်မြို့ခံ ဦးစောမောင် က ဆိုသည်။

ကျောက်တော်တောင်မှာ သေလာဂီရိဟု အမည်ရပြီး ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က ဓည၀တီ ရခိုင်ပြည်သို့ ကြွရောက်တော်မှုခဲ့စဉ် ယင်းတောင်ပေါ်တွင် စတင် ရပ်နားတောမူခဲ့သဖြင့် သမိုင်းအရ ထင်ရှား သော တောင်တော်နေရာ တစ်ခု ဖြစ်သည်။

သို့အတွက် ကျောက်တော်တောင် ဘုရားပွဲမှာ သမိုင်းဝင် ဘုရားပွဲတော် တစ်ခု ဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်း အစည်ကားဆုံး ဘုရားပွဲများအနက် တစ်ခုအပါအဝင်လည်း ဖြစ်သည်။

သင်္ကြန်ပြီးနောက် ပြည်နယ်တွင်း ပထမဆုံးကျင်းပသည့် ဘုရားပွဲတစ်ခုလည်းဖြစ်သဖြင့် အနယ်နယ် အရပ်ရပ်မှ လာရောက်ဆင်နွှဲသူ အထူးများပြားသည်ဟု သိရသည်။

ပွဲတော်ရက်များအတွင်း ပွဲတော်လာ ရပ်နီးရပ်ဝေးမှ ပရိသတ်များအနေဖြင့် ကစ္ဆပနဒီတံတားအောက်ရှိ ကုလားတန်မြစ်ရေပြင်တွင် လှေလောင်း၊ သမ္ဗာန်၊ မော်တော်ဘုတ်စသည်များဖြင့် အချင်းချင်း ရေပက်၊ ရေ ကစားရင်း ပျော်ရွှင်စွာဆင်နွှဲတတ်ကြသည်ဟု သိရသည်။

ယခုနှစ်တွင်ကျင်းပမည့်အဆိုပါပွဲတော်ရက်များအတွင်း ရခိုင်ရိုးရာ ကျင်ပြိုင်ပွဲ၊ လောင်းပြိုင်ပွဲ၊ ဇာတ်သဘင် ပွဲနှင့် ရခိုင်ရိုးရာရက္ကန်းရက်ပြိုင်ပွဲအပါအဝင် အခြား ပျော်ရွှင်ဖွယ်ကောင်းသည့် ပြိုင်ပွဲများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

မာန်ယုကျော် (ရွှေဝမြေ)
နေရဉ္စရာ 

No comments:

Post a Comment