Wednesday 25 March 2015

နိုင်ငံခြားသားများ တောင်းဆိုသော စံချိန်စံညွှန်းမီ အဆောက်အအုံများ ဖော်ထုတ်နိုင်မှုကြောင့် မြန်မာ့ အိမ်ခြံမြေဈေးကွက် တည်ငြိမ်လာ


မြန်မာနိုင်ငံသို့ ရောက်ရှိလာသော နိုင်ငံခြားသားများ တောင်းဆိုသည့် စံချိန်စံညွှန်းမီ အဆောက်အအုံများ ဖော်ထုတ်နိုင်မှုကြောင့် မြန်မာ့ အိမ်ခြံမြေဈေးကွက် တည်ငြိမ်လာသည်ဟု အိမ်ခြံမြေ အွန်လိုင်းဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သော www.House.com.mm မှ မတ် ၂၃ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးပွင့်လင်းလာပြီးနောက် နိုင်ငံရပ်ခြား ရွှေ့ပြောင်းနေထိုင်သူအများအပြား ဝင်ရောက် လာပြီး စီးပွားရေးလုပ်ငန်း များကို စတင်ခဲ့ခြင်းကြောင့် မြန်မာ့အိမ်ခြံမြေဈေးကွက်အပေါ် သက်ရောက်မှုများ ဖြစ်ပေါ်စေခြင်းကို ၎င်းတို့က လေ့လာဆန်းစစ်ခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ်၌ စတင်ဝင်ရောက်လာခဲ့သော အဆိုပါ နိုင်ငံခြားသား ရွှေ့ပြောင်းနေထိုင်သူများက ဈေးကွက် အတွင်း အရည်အသွေးမြင့် အိမ်ခြံမြေများကို တောင်းဆိုခဲ့သော်လည်း ယင်းအချိန်က ထိုသို့သင့်တော် သည့် အရည်အသွေးမှာ မရှိသ လောက်နည်းပါးခဲ့၍ ဈေးနှုန်း အဆမတန် မြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ၎င်းတို့က သုံးသပ်သည်။

ထိုသို့ မြန်မာနိုင်ငံတွင် လိုအပ်နေသည့် ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းရန် ကုမ္ပဏီနှင့် အဖွဲ့အစည်း အများ အပြားမှ စံချိန်စံညွှန်းမီ အိမ်ခြံမြေများကို ဖော်ထုတ်ဆောင်ရွက်ခဲ့ကြသည့်အတွက် လာမည့် နှစ်ကာလ အနည်း ငယ်အတွင်း အိမ်ခြံမြေ ဈေးနှုန်းများ ဆက်လက်မြင့်မားနိုင်သော်လည်း ယခင်ကာလ များထက် ဈေးကွက်ပိုမို တည်ငြိမ်လာမည်ဟု အဆိုပါ အွန်လိုင်း အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းက ဆန်းစစ်ထားသည်။

နိုင်ငံရပ်ခြားရွှေ့ပြောင်းနေထိုင်သူများအတွက် နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အိမ်ခြံမြေ ငှားရမ်းခြင်းများကို ဆောင်ရွက်ပေးသည့် Santa Fe Relocation မှ Mr.Quentin Van Meerbeeck က “အရင်တုန်းက တော့ နိုင်ငံရပ်ခြား ရွှေ့ပြောင်းနေထိုင်သူတွေ အများအပြား ဝင်ရောက်လာပြီး ဈေးကွက်က လည်း တောင်းဆိုမှု ကို မဖြည့်ဆည်းပေးနိုင်တော့ ဈေးနှုန်း တွေဟာ အရမ်းကို မြင့်တက်သွားခဲ့ပါတယ်။

အခုအခါမှာတော့ ဈေးကွက် အတွင်း နိုင်ငံရပ်ခြားရွှေ့ပြောင်းနေထိုင်သူတွေ အတွက် ပံ့ပိုးပေးနိုင်မှုဟာ တောင်းဆိုမှုကို အမီလိုက်နိုင်အောင် ကြိုးစားလာတာကြောင့် ဈေးနှုန်းတွေဟာ တဖြည်းဖြည်း တည်ငြိမ် လာကို တွေ့ရပါတယ်” ဟု ဆိုသည်။

နိုင်ငံရပ်ခြားရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် ရန်ကုန်မြို့တွင် နေထိုင်ရန်အတွက် ပြင်ဆင်ရာတွင် ဈေး ကွက် အခြေ အနေကိုသိရှိအောင် လေ့လာပြီးမှ ငှားရမ်းမှုမျိုး ပြုလုပ်သင့်ကြောင်း အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ ကျွမ်းကျင် သူများမှ အကြံပေး ပြောဆိုကြသည်။

www.House.com.mm ၏ Country Manager Jan Sommerfeld ကလည်း “အိမ်ခြံမြေရှာဖွေရာမှာ ဈေးနှုန်း ကြီးမြင့်တာတွေအပြင် တခြားအခက်အခဲ တချို့ကလည်း နိုင်ငံရပ်ခြား ပြောင်းရွှေ့နေထိုင် လာသူတွေအတွက် အခက်အခဲ ဖြစ်စေပါတယ်။ အိမ်ခြံမြေ အရည်အသွေးတွေဟာ ပုံမှန်အောက် လျော့နည်း နေပြီး အဲဒီထဲမှာ အဆင့်မြင့်လို့ ပြောကြတဲ့ အိမ်ခြံမြေတချို့ တောင် ပါဝင်ပါတယ်။

တစ်နှစ်စာကြိုတင်ငွေပေးချေမှု ပြုလုပ်ရတာကလည်း ငွေကြေးပမာဏ အမြောက် အများကို လိုအပ်ပြီး တော့ မြန်မာနိုင်ငံပြင်ပကနေ စီမံခန့်ခွဲမှု ပြုလုပ်ရမှာလည်း အရမ်းကို ခက်ခဲပါတယ်” ဟု ပြောသည်။

အိမ်ခြံမြေ လုပ်ငန်းကျွမ်းကျင်သူများက အစိုးရကို ကွန်ဒိုဥပဒေကို အလျင် အမြန် အကောင်အထည်ဖော်ရန် တိုက်တွန်းကြပြီး ကွန်ဒိုဥပဒေ၌ နိုင်ငံခြား သားများအား အခန်းဝယ်ယူခွင့်ပေးထားရာ ၎င်းဥပဒေကို အတည် ပြုဖြစ်ပါက မြန်မာ့အိမ်ခြံမြေ ကဏ္ဍအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာ မည်ဟု မျှော်မှန်းထားသည်။

မဇ္ဈိမ

No comments:

Post a Comment