Thursday 19 March 2015

ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရန် ပျက်ကွက်ခြင်းအတွက် ဒဏ်ကြေးသတ်မှတ်ရန်နှင့် ပျက်ကွက်မှုများအတွက် သတင်းပေးသူကို ဆုကြေးချီးမြှင့်ရန် စီစဉ်

ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရန် ပျက်ကွက်ခြင်းအတွက် ဒဏ်ကြေးသတ်မှတ်ရန်နှင့် ပျက်ကွက်မှုများအတွက် သတင်းပေးသူကို ဆုကြေးချီးမြှင့်မည့်အချက်များကို ကုန်သွယ်လုပ်ငန်းခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၅) တွင် ဖြည့်စွက်ပြဋ္ဌာန်းသွားရန် ရှိသည်။
ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအရ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတွင် ပြေစာ (သို့မဟုတ်) ငွေလက်ခံရရှိကြောင်း အထောက်အထားတွင် ဝယ်ယူသူ (သို့မဟုတ်) ဝန်ဆောင်မှုရယူသူထံသို့ ပြေစာထုတ်ပေးရန် ပျက်ကွက်ခြင်း၊ ပြေစာထုတ်ပေးသော်လည်း ကျသင့်အခွန်တန်ဖိုးနှင့် ညီမျှသည့် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရန် ပျက်ကွက်ခြင်းတို့အတွက် အထောက်အထားဖြင့် သတင်းပေးသူကို ကောက်ခံရရှိသည့် ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ချီးမြှင့်သွားမည့်အချက် ဖြည့်စွက်သွားမည် ဖြစ်သည်။


လက်ရှိတွင် စားသောက်ဆိုင်များသည် စားသုံးသူ(ဝယ်ယူသူ)ထံမှ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ စားသုံးမှုအပေါ် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို ကောက်ခံပေးရမည်ဖြစ်ပြီး ကျသင့်တန်ဖိုးအလိုက် စားသောက်ဆိုင် ပြေစာတွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ကာ စားသုံးသူထံသို့ ပေးရမည် ဖြစ်သည်။

စားသုံးသူများထံမှ ကောက်ခံရရှိထားသည့် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို သက်ဆိုင်ရာ အခွန်ရုံးသို့ စားသောက်ဆိုင်များက ပေးသွင်း ရမည်ဖြစ်သော်လည်း စားသောက်ဆိုင်အချို့သည် စားသုံးသူများထံမှ ကောက်ခံထားသည့် အခွန်ကို နိုင်ငံတော်သို့ ပေးသွင်းခြင်းမပြုဘဲ ရယူထားသည်ကို စိစစ်တွေ့ရှိထားသည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ထားသည်။

သို့ဖြစ်ရာ ပြင်ဆင်ဖြည့်စွက်သွားမည့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ စားသောက်ဆိုင်များသည် စားသုံးသူများအား ပြေစာမပေးခြင်း၊ (သို့မဟုတ်) ပြေစာပေးသော်လည်း အခွန်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်ပါက သတင်းပေးသူကို ဆုချီးမြှင့် မည့်အချက်ကို ဖြည့်စွက်သွားရန်ရှိပြီး သတင်းပေးတင်ပြသူ မည်သူကိုမဆို အစိုးရကိစ္စမှတစ်ပါး ဖော်ထုတ်ခြင်းမပြုရဟု သတ်မှတ်သွားမည် ဖြစ်သည်။

ထို့အပြင် ပြေစာမပေးခြင်း၊ (သို့မဟုတ်) ပြေစာတွင် အခွန်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်ခြင်းတို့အတွက် အထောက်အထားတန်ဖိုးအပေါ် ကျသင့်အခွန်၏ တစ်ရာခိုင်နှုန်း ပေးဆောင်စေခြင်းအပြင် ဘဏ္ဍာနှစ် တစ်နှစ်အတွင်း ပျက်ကွက်မှုအလိုက် တစ်ကြိမ်လျှင် ကျပ်နှစ်သိန်းမှ ကျပ် ၁၀ သိန်းအထိ ဒဏ်ကြေးအဖြစ် သတ်မှတ်ရန် ဥပဒေတွင် ပြင်ဆင်ဖြည့်စွက်မည် ဖြစ်သည်။
Mizzima - News in Burmese

No comments:

Post a Comment