Thursday 19 March 2015

မန္တလေးတွင် ပဋိပက္ခဖြစ်စေရန် လီဆယ်တိုင်တန်းသူ ငါးဦးကို ထောင်ဒဏ် ၂၁ နှစ် ချမှတ်

မန္တလေးတွင် ပဋိပက္ခ ဖြစ်ပေါ်စေရန် လီဆယ်တိုင်တန်းသူ ငါးဦးကို ပျဉ်းမနားတရားရုံးက ထောင်ဒဏ် ၂၁ နှစ်စီ ချမှတ်လိုက်ကြောင်း တရားခံ၏ ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောကြားသည်။
၂၀၁၄ ခုနှစ် ဇူလိုင်လဆန်းတွင် မန္တလေး ပဋိပက္ခ စတင်ဖြစ်ပွားစေခဲ့သည့် အမှုနှင့် ပတ်သက်ပြီး သားမယားအဖြစ် အဓမ္မပြုကျင့်ခံရသည်ဟု ဆိုကာ လီဆယ်တိုင်တန်းသူ မဖြူဖြူမင်း (ခ) ဂတုံးမနှင့် လီဆယ်တိုင်တန်းရန် ညွှန်ကြားသူ မနုနုမြတ်နှင့် ရဲထွဋ်တို့ကို ၂၀၁၄ခုနှစ် သြဂုတ်လအတွင်းက ပျဉ်းမနား မြို့နယ်တရားရုံးတွင် စတင်ရုံးထုတ်စစ်ဆေးပြီး ယနေ့ ပြုလုပ်သော (၅၈) ကြိမ်မြောက် ရုံးချိန်းတွင် အမိန့်ချလိုက်ခြင်း ဖြစ်သည်။

အမိန့်ချခံလိုက်သည့်သူများမှာ ဦးရဲထွဋ်၊ ဒေါ်နုနုမြတ် (ခေါ်) နီနီအောင်၊ ဖြူဖြူမင်းခေါ် ဂတုံးမတို့နှင့်အတူ စစ်ဆေးရာတွင် ဆက်စပ်ပေါ်ပေါက်သော ဦးထွန်းထွန်း၊ ဒေါ်ဥမ္မာလွင်တို့ကို အဆိုပါထောင်ဒဏ် သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း ဦးအောင်သူရိန်ထွန်းက ပြောကြားသည်။
အဆိုပါ တရားခံငါးဦးတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၁၁ အရ လီဆယ်တိုင်ကြားမှုဖြင့် ထောင်ဒဏ် ခုနစ်နှစ်ကို လည်းကောင်း၊ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၅ (ဃ) အရ အများပြည်သူတို့ကို ထိတ်လန့်စေအောင် ကြံရွယ်ပြီး ပြုလုပ်မှု တစ်ခုခုကို ပြုလုပ်ခြင်းဖြင့် ထောင်ဒဏ် ခုနစ်နှစ်ဖြင့် လည်းကောင်း၊ မမှန်ဘဲသိလျက် မမှန်သည့် သတင်းတစ်ခုကို ကြံရွယ်ချက် တစ်ခုခုဖြင့် ထုတ်လွှင့်သည့်အတွက် ပုဒ်မ ၅ (င) နှင့် နိုင်ငံတော်၏ လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို အများပြည်သူ၏ ကိုယ်ကျင့်တရား အပြုအမှုကို ဖောက်လွှဲဖောက်ပြန် ဖြစ်အောင် လုပ်သည့်အတွက် ဥပဒေ ပုဒ်မ (၅) ညဖြင့် တစ်ပေါင်းတည်း ထောင်ဒဏ်ခုနစ်နှစ်ကို ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ထို့ပြင် ဦးရဲထွဋ်နှင့် ဒေါ်နုနုမြတ်တို့ကို ပျဉ်းမနားတရားရုံးက ထောင်ဒဏ် ၂၁ နှစ် မချခင်ကာလအတွင်း ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံသား မှီတင်းနေထိုင်ရေး မှတ်ပုံတင်များ အက်ဥပဒေ ပုဒ်မ ၆ (၂)၊ ၆ (၃) အရ စွဲဆိုထားသည့်အမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ပြီး ဖြစ်သည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အယူခံဝင်သွားဖို့ ရှိပါတယ်” ဟု ဦးအောင်သူရိန်ထွန်းက ဆိုသည်။
မန္တလေးမြို့တွင် ၂၀၁၄ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှ စတင်ကာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်တွင် လူနှစ်ဦး သေဆုံးပြီး လူ ၁၂ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
The Voice Weekly

No comments:

Post a Comment