Thursday 19 March 2015

အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းအား ပြန်လည် ရုပ်သိမ်း

          ပြန်ကြားရေး ၀န်ကြီးဌာနမှ လွှတ်တော်သို့ တင်သွင်းထားသည့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၌ အတည်မပြုမီ ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် ပြန်လည် ရုပ်သိမ်းရန် ယမန်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် သဘောတူညီ ခဲ့သည်။

       ““ဒီဥပဒေကို တင်တာ တစ်နှစ်ကျော် သွားပြီ။ တစ်နှစ်အတွင်း နိုင်ငံတကာ မှာကော ပြည်တွင်းမှာပါ မီဒီယာ ပုံစံတွေ ပြောင်းလာတယ်။ နည်းပညာတွေ ပြောင်းလာတယ်။ ဒါ ကြောင့် ဥပဒေ အတည်ပြုပြီးမှ ကန့်ကွက် ငြင်းခုံတာထက် စာရင် ပြင်သင့်တာကို ပြန်ပြင် ရေးဆွဲနိုင်ဖို့ ရုပ်သိမ်းရခြင်း ဖြစ်ပါတယ်””ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။



          ထို့ပြင် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို ပြန်လည် သုံးသပ်ပြင်ဆင် ရန် လိုအပ်လျက် ရှိသကဲ့သို့ ယင်းဥပဒေနှင့် ပတ်သက်၍ ဥပဒေအကြမ်း အသစ် ရေးဆွဲ နိုင်ရန်အတွက် ဥပဒေကြမ်း အတည်မပြုမီ ပြန်လည် ရုပ်သိမ်းရခြင်း ဖြစ်ကြောင်း ၎င်း ကဆက်ပြောသည်။

          အဆိုပါ အများပြည်သူ ၀န်ဆောင်မှု ဥပဒေကြမ်းသည် လက်ရှိ နိုင်ငံအတွင်း အခြေအနေ များနှင့် ကိုက်ညီမှုမရှိဘဲ လွှတ်တော် အတွင်း ဆွေးနွေးလာပါက တိကျ သေချာသော အချက်အလက် များနှင့် ပြန်လည်ထောက်ပြ ရန်ပြင်ဆင်ထား သောကြောင့် ပြန်ကြားရေး ၀န်ကြီးဌာနမှ အလိုအလျောက် ပြန်လည် ရုပ်သိမ်းသွားခြင်းကို ကြိုဆိုကြောင်း အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်က ပြောသည်။

          ““ဒီဥပဒေက မလိုတော့ပါဘူး။ ဒီဥပဒေ နေရာမှာ အစားဝင်မယ့် မီဒီယာဥပဒေ၊ ရေဒီယို ဥပဒေတွေလည်း ရှိနေလို့ လုံလောက် နေပြီ။ မလိုအပ်ဘူး””ဟု ၎င်းက ဆက်ပြောသည်။

          အများပြည်သူ ၀န်ဆောင်မှု ဥပဒေကြမ်းကို အားနည်းချက် ရှိခြင်းကြောင့် ရုပ်သိမ်းရခြင်း မဟုတ်ဘဲ ပညာရှင် အများစု ထောက်ပြသည့် ဘတ်ဂျက်ပုံစံ၊ အုပ်ချုပ်ပုံ အဆင့်ဆင့် ဖွဲ့စည်းပုံနှင့် နည်းပညာ တိုးတက်လာမှုတို့ ကြောင့်သာ ပြန်လည် ရုပ်သိမ်းရခြင်း ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနထံမှ သိရသည်။
messengernewsjournal

No comments:

Post a Comment