Thursday 19 March 2015

တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၏ အခြေခံမူများ အပစ်ရပ် စာချုပ်တွင် ထည့်သွင်းမည်

           တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၏ အခြေခံ မူများကို တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) တွင် ထည့်သွင်း သွားမည် ဖြစ်ကြောင်း ယမန်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တွင် ကျင်းပ ပြုလုပ်ခဲ့သည့် အစိုးရနှင့် NCCT ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ သတင်းရရှိသည်။


           ယမန်နေ့က အစိုးရနှင့် NCCT တို့ သည် အပစ်ရပ်စာချုပ်တွင် တပ်ပိုင်းဆိုင်ရာ အခြေခံမူများ ထည့်သွင်းရန်အတွက် ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှု မရသေးသည့် တပ်ပိုင်းဆိုင်ရာ အခြေခံမူများကို ထပ်မံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

          ““ဒုတိယ မူကြမ်းမှာပါတဲ့ အချက်အချို့ တပ်ပိုင်းဆိုင်ရာ ကိစ္စ၊ ဒါကို အလုပ်အဖွဲ့တွေ အနေနဲ့ ဆွေးနွေးပြီးတော့ မူနဲ့ဆိုင်တဲ့ ကိစ္စ တွေကို NCA  ထဲ ပြန်ထည့်ရမယ်။ ဒါမှလည်း NCA တစ်စောင်လုံး ကျွန်တော်တို့ရမယ် ။ တချို့အချက်တွေ ကျတော့ တော်တော် များများကို ညှိနှိုင်းပြီးတော့ ပြန်ထည့်လို့ရပြီ။ တချို့အချက်တွေ ကိုကျတော့ ရှင်းရှင်းလင်းလင်း တစ်ဖက်ကလည်း ရှင်းလင်းရမယ့် ဟာတွေရှိသလို တစ်ဖက်ကလည်း ပြန်ရှင်းလင်းရမယ့် အတွက်ကြောင့် သုံးချက်လောက်ပဲ ကျန်တော့မယ် ထင်တယ်။ တပ်ပိုင်းဆိုင်ရာ ကိစ္စ တွေကို ဆွေးနွေးပြီးတော့ နှစ်ဖက်သဘော တူညီမှုကို ရယူမှာဖြစ်ပါတယ်””ဟု NCCT ဒုတိယ ခေါင်းဆောင် ဖဒို စောကွယ်ထူးဝင်းက ပြောသည်။

          အပစ်ရပ် စာချုပ်တွင် ထည့်သွင်းသွားမည့် အခြေခံမူများကို မူတည်၍ နှစ်ဖက်တပ် များ လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများနှင့် စောင့်ကြည့် လေ့လာရေး အဖွဲ့အစည်း များကို ရေးဆွဲ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း NCCT  ထံမှ သိရသည်။

          ““ဒုတိယ မူကြမ်းမှာတုန်းက Code Of Conduct တို့ Join Monitoring Commette ကို ခဏ ဖယ်ထားခဲ့လိုက်တယ်။ အဲ့ဒီလို ဖယ်ထားပြီးတော့ တတိယ စတုတ္ထ မူကြမ်းတွေကို ရောက်သွားတယ်။ ခုကျတော့ တချို့ဟာ ကို NCA  ထဲမှာ ထည့်ပြီးတော့မှ ခေတ္တ ဖယ်ထားတဲ့ အထဲက တချို့ဟာတွေကို ပြန်ထည့် သင့်တယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပြောလာတော့ အဲ့ဒါကို ပြန်ဆွေးနွေးတဲ့ သဘောပါ””ဟု မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက ပြောသည်။

          အစိုးရနှင့် NCCT တို့၏ ခြောက်ကြိမ် မြောက်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလ အတွင်း ပြန်လည် ဆွေးနွေးရန် နှစ်ဖက် သဘောတူညီ ခဲ့သော်လည်း ယခုလမှသာ ပြန်လည်တွေ့ဆုံ နိုင်ခဲ့ခြင်း ဖြစ်သည်။ NCCT ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်ချုပ် ဂွမ်မော်က ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အောင်မြင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မီဒီယာများသို့ ပြောကြား ထားသည်။
messengernewsjournal

No comments:

Post a Comment